ရန်ကုန်၊ နိုဝင်ဘာ ၁၀
ဦးသိန်းစိန် အစိုးရလက်ထက်တွင် စတင် အကောင်အထည်ဖော်ခဲ့သော အမျိုးသားဖွံ့ဖြိုးရေး စီမံကိန်း ငါးနှစ်စီမံကိန်း (၂၀၁၁-၂၀၁၅) တွင် နည်းစနစ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များ ရှိနေသောကြောင့် ၎င်းကို ယင်းစီမံကိန်း စီမံကွပ်ကဲရေး လုပ်ပိုင်ခွင့် ပေးအပ် တာဝန်လွှဲလိုက်ကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာဦးမြင့်က ပြောကြားသည်။
နိုင်ငံတော်သမ္မတနှင့် ဒေါက်တာဦးမြင့်တို့ လွန်ခဲ့သော စက်တင်ဘာလခန့်က သီးသန့်တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။
အဆိုပါ သီးသန့်တွေ့ဆုံမှုတွင် ၎င်းက လက်ရှိ အမျိုးသားဖွံ့ဖြိုးရေး စီမံကိန်း၏ နည်းစနစ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ထောက်ပြပြီး ပြန်လည်ပြင်ဆင်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း၊ ယင်းတွေ့ဆုံပွဲ အပြီးတွင် ၎င်းကို သမ္မတကိုယ်တိုင် စီမံကိန်းနှင့် သက်ဆိုင်သော ဝန်ကြီးများနှင့် တွဲဖက်လုပ်ကိုင်ရန် လုပ်ပိုင်ခွင့် တာဝန်ပေးလိုက်ကြောင်း ဒေါက်တာဦးမြင့်က ဆက်လက်ပြောဆိုသည်။
၎င်းအနေနှင့် သမ္မတအကြံပေး ရာထူးမှ နုတ်ထွက်မည့် ကောလာဟလများ မဟုတ်မှန်ကြောင်း ကိုလည်း ထပ်မံရှင်းလင်းသည်။
“သူ ကျွန်တော့်ကို တာဝန်ပေးထားပြီးပါပြီ။ လတ်တလော ဒီတာဝန်တွေကို သက်ဆိုင်ရာ ဝန်ကြီးတွေ၊ အလှူရှင် အဖွဲ့အစည်းတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု နိုင်ငံတော်သမ္မတ အကြံပေး ဒေါက်တာဦးမြင့်က ဆိုသည်။
စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်သည် ၂၀၁၁ ခုနှစ်၊ ဧပြီလအတွင်းက စပြီး နိုင်ငံတော်သမ္မတ အကြံပေး တာဝန် ထမ်းဆောင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းသည် နိုင်ငံခြားရေး ဝန်ကြီးဌာနရှိ စီးပွားရေးဌာန ညွှန်ကြားရေးမှူး အဖြစ် လည်းကောင်း၊ အာရှပစိဖိတ်ဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကော်မရှင် သုတေသနဌာနတွင် လည်းကောင်း ယခင်က တာဝန် ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်သည်။
Credit - The Voice
No comments:
Post a Comment