Wednesday, November 12, 2014

(၁၁) ကြိမ်မြောက် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဆွေးနွေးပွဲသို့ သမ္မတဦးသိန်းစိန်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့ တက်ရောက်ဖွင့်လှစ်

နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် နိုဝင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိကျင်းပမည့် (၁၁) ကြိမ်မြောက် အာဆီယံရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့ နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းတွင် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အာဆီယံ ပြည်သူလူထု ကြိုးပမ်းမှုကြောင့် အာဆီယံဒေသတွင်း ဂျီဒီပီသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ထရီလျံဖြင့် ကမ္ဘာ့သတ္တမမြောက် စီးပွားရေးအင်အားကြီး ဒေသအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ ၂ဝ၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆ဝ၂ ဘီလျံသို့ တိုးတက်လာခဲ့သည့်အတွက် လက်ရှိအရှိန်အဟုန်ကို
တိုးမြှင့်သွားရန်နှင့် ၂ဝ၅ဝ ပြည့်နှစ်တွင် ကမ္ဘာ့စတုတ္ထမြောက် စီးပွားရေးအသိုက်အဝန်းဖြစ်လာမည့် အလားအလာများရှိကြောင်းလည်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။
အာဆီယံပေါင်းစည်းထားသည့် စီးပွားရေးအသိုက်အဝန်းတွင် အိန္ဒိယနှင့် တရုတ်နိုင်ငံကို ဆက်သွယ်ပေးမည် ဖြစ်သကဲ့သို့ အရှေ့ဘက်တွင် ဂျပန်နှင့်ကိုရီးယားကို လည်းကောင်း၊ တောင်ဘက်တွင် နယူးဇီလန်နှင့် ဩစတြေးလျတို့အထိ လည်းကောင်း လွတ်လပ်သည့် မိတ်ဖက်ကုန်သွယ်မှုဒေသကို ထူထောင်သွားမည်ဖြစ်ကြောင်းလည်း ဦးသိန်းစိန်က ပြောကြားသည်။
အကောင်အထည်ဖော်နေသည့် လွတ်လပ်သည့်ကုန်သွယ်ရေးနယ်မြေတွင် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ ပြည်သူပေါင်း သန်း ၃ဝဝဝ အထိ ပါဝင်မည်ဖြစ်ပြီး ဂျီဒီပီအားဖြင့် ၁၇ ထရီလျံရှိသည့်အတွက် ကမ္ဘာ့ကုန်သွယ်မှု၏ ရာခိုင်နှုန်း ၄ဝ ရှိလာမည်ဖြစ်သည်။
“ယခု အာဆီယံစီးပွားရေး အသိုက်အဝန်းမှာ စိန်ခေါ်မှုများကိုလည်း ဖြေရှင်းရင်ဆိုင် ကျော်လွှားသွားကြရမှာ ဖြစ်ပါတယ်။ စိန်ခေါ်မှုမျိုးစုံ ရှိတဲ့အနက် စီးပွားရေးကဏ္ဍမှာ အလေးထားဖြေရှင်း ဆောင်ရွက်ကြရမယ့် စိန်ခေါ်မှုနှစ်ရပ်ဖြစ်တဲ့ အာဆီယံပြည်သူများ ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှုနှုန်း၊ ကွဲပြားခြားနားမှုနှုန်း လျှော့ချရေးတို့အတွက် ဒေသတွင်းမှာ အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ပိုမိုအာရုံစိုက် အလေးထားအားပေး မြှင့်တင်သွားရမှာ ဖြစ်ပါတယ်။ အာဆီယံစီးပွားရေးအသိုက်အဝန်း ထူထောင်ရာမှာ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများရဲ့ အရေးပါတဲ့ အခန်းကဏ္ဍရဲ့ အထောက်အကူပြုရာမှာ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး၊ ဝင်ငွေတိုးတက်ရရှိရေးမှ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးအတွက်သာမက ဒေသတွင်းပြည်သူများရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်စေပြီး ဖွံ့ဖြိုးမှုကွာဟချက်ကို ကျဉ်းမြောင်းစေမှာ ဖြစ်ပါတယ်” ဟု ဦးသိန်းစိန်က ထည့်သွင်းပြောကြားသည်။
အာဆီယံဒေသတွင်း ပေါင်းစည်းရေးအတွက် အဓိကကျသည့်အချိန်သို့ ရောက်ရှိနေပြီး အားလုံးပါဝင်သည့် ဆက်သွယ်ပေါင်းဆက်ရေးဖွံ့ဖြိုးမှု ပုံစံသစ်ကို ယခုအာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲမှ အဓိကထား ဆွေးနွေးကြလိမ့်မည်ဖြစ်ကြောင်းလည်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။
“ဒီကနေ့အချိန်ကာလဟာ အာဆီယံပေါင်းစည်းရေးအတွက် မိမိတို့ရဲ့ ကြိုးပမ်းအားထုတ်မှုများ၊ ကတိကဝတ်များနှင့်အတူ အာဆီယံအသိုက်အဝန်း ထူထောင်ရေးအတွက် အဓိကကျတဲ့ အချိန်ကာလကို ရောက်ရှိနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် ၂ဝ၁၄ ခုနှစ်အတွက် ဦးစားပေးလုပ်ငန်းများ ချမှတ်ရာတွင် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်ရေးအတွက် အသေအချာ ဖော်ပြအားပေးသွားမည်ဖြစ်ကြောင်း၊ အသေးစား၊ အလတ်စားများ လုပ်ဆောင်ရာတွင် လူငယ်များနှင့် အမျိုးသမီးများပါဝင်မှုကို မြှင့်တင်အားပေးသွားရန် လိုအပ်ကြောင်းလည်း ပြောကြားသည်။

Credit -Eleven Media Group

No comments:

Post a Comment