၂၀၁၅
ခုနှစ်အတွက် စီးပွားရေးလုပ်ရအခက်ဆုံး နိုင်ငံများတွင် မြန်မာနိုင်ငံ
ပါဝင်နေဆဲဖြစ်ပြီး အာရှတွင် ဒုတိယအဆိုးဆုံးအဖြစ် အာဖဂန်နစ္စတန်၏နောက်၌
ရပ်တည်နေ
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စီးပွားရေးလုပ်ရအခက်ခဲဆုံး နိုင်ငံများထဲတွင် ပါဝင်နေဆဲဖြစ်ပြီး စီးပွားရေးလုပ်ရလွယ်ကူသော နိုင်ငံစာရင်း၌ အောက်ခြေနားတွင် ဆက်လက်ရပ်တည်နေဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ Doing Business 2015 အစီရင်ခံစာအရ သိရသည်။
အဆိုပါ အစီရင်ခံစာအရ မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုကို တိုင်းတာသော နိုင်ငံစာရင်းတွင် ၁၈၉ နိုင်ငံရှိရာ အဆင့် ၁၇၇ တွင် ရပ်တည်နေပြီး ၂ဝ၁၄ ခုနှစ်ကထက် တစ်ဆင့်သာတက်လာကြောင်း သိရသည်။
မြန်မာနိုင်ငံ၏အဆင့်မှာ အာရှတွင် ဒုတိယအဆိုးဆုံးဖြစ်ပြီး အာဖဂန်နစ္စတန်နိုင်ငံသာ မြန်မာထက်နောက်ကျသော အဆင့်တွင် ရပ်တည်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးစတင်လုပ်ကိုင်ရန်မှာ ပျမ်းမျှ ၇၂ ရက်ကြာမြင့်မည်ဖြစ်ပြီး ဖြစ်မြောက်အောင်လုပ်ဆောင်ရမည့် လုပ်ငန်း ၁၁ ခုခန့် ရှိနေသည်ဟု အစီရင်ခံစာက ဆိုသည်။
စီးပွားရေးစတင်ရ အခက်အခဲဆုံးစာရင်းတွင် ပါဝင်နေသော်လည်း အချို့သောနယ်ပယ်များတွင် တိုးတက်မှုအချို့ရှိခဲ့သည်ဟု ဆိုသည်။
နယ်စပ်ကုန်သွယ်ရေး ပြုလုပ်ရာတွင် ပိုမိုလွယ်ကူလာစေရန် သွင်းကုန်၊ ထုတ်ကုန်အတွက် လိုအပ်သည့် စာရွက်စာတမ်းများကို လျှော့ချပေးခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
တစ်ချိန်တည်းမှာပင် ကမ္ဘာ့ဘဏ်က သီးခြားစစ်တမ်းအဖြစ် Enterprises Survey ကိုလည်း ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံအနေနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို ရရှိရန် ပြုပြင်ပြောင်းလဲမှုများ အရေးတကြီး လိုအပ်နေကြောင်း စစ်တမ်းတွင် ဆိုထားသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်မှာ ဘဏ္ဍာငွေအထောက်အပံ့ ရရှိနိုင်ရေးက အခက်ခဲဆုံးဖြစ်ပြီး မြေယာ၊ လျှပ်စစ်ဓာတ်အားနှင့် ကျွမ်းကျင်လုပ်သား အစရှိသည့် ကဏ္ဍများတွင်လည်း ပြုပြင်ပြောင်းလဲမှုများ အမြန်ဆုံးဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း အဆိုပါစစ်တမ်းတွင် ပါဝင်သည့် အချက်အလက်များက ထောက်ပြထားသည်။
မြန်မာနိုင်ငံ၏ မြို့ကြီးငါးမြို့တွင် ကောက်ယူခဲ့သည့် အဆိုပါစစ်တမ်းတွင် ဖြေဆိုပေးခဲ့သည့် ပြည်တွင်း၊ ပြည်ပ နယ်ပယ်စုံ ကုမ္ပဏီများအနက် ရာခိုင်နှုန်း ၃ဝ တွင်သာ ဘဏ်အကောင့်ရှိကြပြီး ဒေသတွင်း နိုင်ငံများအနက် အနိမ့်ဆုံးကိန်းဂဏန်း ဖြစ်နေသည်။
“ဘဏ်ချေးငွေရဖို့က အရမ်းခက်ခဲပါတယ်။ ဘဏ်မှာပြရတဲ့ ပိုင်ဆိုင်မှုတွေက အများကြီး။ အဲဒီလောက်ပိုင်ဆိုင်မှုတွေ ရှိနေမှတော့ ဘာဖြစ်လို့ဘဏ်ကို ပိုက်ဆံလာချေးနေတော့မှာလဲ” ဟု အိမ်ခြံမြေအပါအဝင် လုပ်ငန်းစုတစ်ခု၏ မန်နေးဂျင်းဒါရိုက်တာတစ်ဦးက ဘဏ္ဍာရေးအထောက်အပံ့ ရရှိနိုင်မှုနှင့် ပတ်သက်၍ ပြောကြားသည်။
ကမ္ဘာ့ဘဏ်၏ Enterprises Survey ကို အခြားနိုင်ငံ အမြောက်အမြားတွင် လုပ်ခဲ့ပြီးဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ပထမဆုံး လုပ်ခဲ့ခြင်းဖြစ်ကာ ပုဂ္ဂလိကလုပ်ငန်း ကဏ္ဍများတွင် ကြုံတွေ့နေရသော အတားအဆီး အခက်အခဲများကို ကျော်လွှားသွားရန် ရည်ရွယ်ကြောင်း သိရသည်။
Doing Business 2015 အဆင့်သတ်မှတ်ချက်အရ ကမ္ဘာ့စီးပွားရေးစတင်ရန် အလွယ်ဆုံးနိုင်ငံများတွင် စင်ကာပူနိုင်ငံက ထိပ်ဆုံးမှရပ်တည်နေပြီး နယူးဇီလန်နှင့် ဟောင်ကောင်က ၎င်း၏နောက်မှ အသီးသီးနေရာယူထားသည်။
Doing Business 2015 အရ ကမ္ဘာ့စီးပွားရေးစတင်ရန် အခက်ဆုံးနိုင်ငံအချို့
အဆင့် နိုင်ငံ
၁၇၇ မြန်မာ
၁၈၀ ဟေတီ
၁၈၂ ဗင်နီဇွဲလား
၁၈၃ အာဖဂန်နစ္စတန်
၁၈၈ လစ်ဗျား
၁၈၉ အီရီထရီးယား

Credit -Eleven Media Group
No comments:
Post a Comment