နေပြည်တော်၊ နိုဝင်ဘာ ၁၁
ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ
ဒေါက်တာအေးမောင်ကို မလေးရှား နိုင်ငံအတွင်း သေနတ်နှင့် ပစ်ခတ်ခံရမှုကို
အပြည်ပြည်ဆိုင်ရာ ပါလီမန်များသမဂ္ဂသို့ တင်ပြသွားမည် ဖြစ်ကြောင်း အမျိုးသား
လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။
အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါက်တာအေးမောင်သည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၅
ရက်နေ့တွင် မလေးရှားနိုင်ငံသို့ ရောက်ရှိနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း
ဖြစ်သည်။
နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပသော အမျိုးသားလွှတ်တော်
အစည်းအဝေးတွင် ဒေါက်တာအေးမောင် လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး အစီရင်ခံစာ
တင်သွင်းစဉ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အပြည်ပြည်ဆိုင်ရာ
ပါလီမန်များ သမဂ္ဂထံ တင်ပြရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းကိစ္စကို မလေးရှားအစိုးရ အပါအဝင် မလေးရှား နိုင်ငံဆိုင်ရာ
မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဥပဒေနှင့်အညီ ဆောင်ရွက်နေသော်လည်း
အမှုမှန် ပေါ်ပေါက်ရန် လိုအပ်နေသေးကြောင်း ကော်မတီ အစီရင်ခံစာတွင်
ဖော်ပြထားသည်။
ယင်းအစီရင်ခံစာကို အင်္ဂလိပ်ဘာသာ ပြန်ဆို၍ လွှတ်တော်မှ
မှတ်တမ်းတင် ထားရှိမည်ဖြစ်ပြီး အစီရင်ခံစာပါ ကောက်နုတ်ချက်များကို
မလေးရှားနိုင်ငံမှ လွှတ်တော်ဥက္ကဋ္ဌထံ သဝဏ်လွှာပေးပို့ သွားမည် ဖြစ်ကြောင်း
ဦးခင်အောင်မြင့်က ပြောကြားသည်။
မလေးရှားနိုင်ငံရောက်
မြန်မာများသာမက တရုတ်၊ အင်ဒိုနီးရှား၊ ဘင်္ဂါလီနှင့် နီပေါ
နိုင်ငံသားများကိုပါ ယင်းနိုင်ငံတွင် အကြမ်းဖက်မှုများ ရှိနေသဖြင့်
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား များကိုသာ ရွေးချယ်၍ အကြမ်းဖက်
သတ်ဖြတ်နေသည်ဟု ယူဆ၍ မရနိုင်ကြောင်း မလေးရှားအစိုးရက ပြန်ကြားပြီး အမှုမှန်
ပေါ်ပေါက်ရန် စစ်ဆေး လုပ်ဆောင်နေကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။
၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ
မလေးရဲတပ်ဖွဲ့သို့ ဆက်သွယ် အကူအညီ တောင်းခံသည့် အမှု ၁၁ မှုရှိပြီး မလေးရှား
ရဲတပ်ဖွဲ့မှ မြန်မာသို့ အကူအညီ တောင်းခံသည့် အမှု ၁၀ မှု ရှိကြောင်း၊ ၂၀၁၄
ခုနှစ်အတွင်း မလေးရောက် မြန်မာများကို ယင်းနိုင်ငံအတွင်း လုပ်ကြံသတ်ဖြတ်မှု
တစ်မှုရှိပြီး အကြမ်းဖက် ခံရမှု ၅ မှုရှိကြောင်း အဆိုပါ အစီရင်ခံစာအရ သိရသည်။
Credit - The Voice Weekly
No comments:
Post a Comment