Sunday, April 26, 2015

ရွေးကောက်ပွဲအလွန် တည်ငြိမ်ရေးအတွက် တင်ကြိုညှိနှိုင်း၊ ကမ်းလက်များနဲ့ အပေးအယူလုပ်ပါ – လင်းထိုက်(Y.I.T)

ကြံ့ခိုင်ရေးပါတီရဲ့စစ်ကူ … ရွေးကောက်ပွဲကော်မရှင် ရှိတယ်။ စစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိတယ်။ နောက်ပေါ်လာမယ့် စစ်ကူပါတီကြီး တစ်ခုကလည်း ငွေကြေး ပုံအောပြီး ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ၄၀၀ ကျော်ဝင်ပြိုင်မယ် … အရင် အစိုးရ လက်ထက်ဗိုလ်ချုပ်ဟောင်းတွေကို အခြေတည်ပြီး ဖွဲ့စည်းမယ်လို့ဆိုတယ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နှစ်သစ်ကားကူးပြီ။ အာဏာပိုင်များ သတ်မှတ်ချက်အရ ဆိုရင် ရွေးကောက်ပွဲကြီး ကျင်းပဖို့က ၆ လသာ လိုတော့ တယ်။ မြန်မာ့နိုင်ငံရေး အနာဂတ်ကတော့ မှုန်မှိုင်းမှိုင်း မြူခိုးတွေကြား လူတွေ၊ မူတွေ စုပြုံတိုးဝှေ့နေပုံနဲ့ တူနေတော့တယ်။ အာဏာရ ကြံ့ခိုင်ရေးပါတီကြီးက ကိုယ်စားလှယ်လောင်း
တချို့တစ်ဝက် ရွေးချယ်ပြီး သွားပြီ။ ရွေးကောက်ပွဲအတွက် ငွေကြေးအင်အား၊ အာဏာအင်အား အစွမ်းကုန် အသုံးပြုပြီး မျှော်လင့်ချက် ကြီးကြီး ထုနဲ့ထည်နဲ့ထား လို့ ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။ မျှော်လင့်ချက် ကြီးနိုင်လောက်အောင်လည်း ကြံ့ခိုင်ရေး ပါတီရဲ့ စစ်ကူများကလည်း တော်တော်အားရ စရာ ကောင်းပါတယ်။ ရွေးကောက်ပွဲတစ်ခုရဲ့ အဆုံးအဖြတ် ဒိုင်လူကြီး ရွေးကောက်ပွဲ ကော်မရှင်ရှိတယ်။ စစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိတယ်။ နောက်ပေါ်လာမယ့် စစ်ကူပါတီကြီး တစ်ခုကလည်း ငွေကြေးပုံအောပြီး ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ၄၀၀ ကျော်ဝင်ပြိုင်မယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ အရင်အစိုးရ လက်ထက် ဗိုလ်ချုပ်ဟောင်းတွေကို အခြေတည်ပြီး ဖွဲ့စည်းမယ်လို့ ဆိုတယ်။

အင်အားကြီး တိုင်းရင်းသား ပါတီတွေကလည်း NLD နဲ့ ကြံ့ခိုင်ရေးပါတီတို့ကို ကျော်ဖြတ်ပြီး သက်ဆိုင်ရာ ပြည်နယ် မဲဆန္ဒနယ်တွေမှာ ရာနှုန်းပြည့် အနိုင်ရဖို့ မူဝါဒတွေ ချမှတ်လို့ ရွေးကောက်ပွဲကြီးအတွက် အားခဲ စိုင်းပြင်းနေကြပါပြီ။ ““ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေက ကိုယ့်ပြည်နယ် အစိုးရကို ကိုယ်တိုင်ဖွဲ့စည်းနိုင်မှ ဒေသခံတွေ ဘာလိုလဲဆိုတာ ထိထိရောက်ရောက် လုပ်ပေးနိုင်မှာ””လို့ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဦးဇိုဇမ်က ပြောပါတယ်။ အင်အားကြီး တိုင်းရင်းသားပါတီ တစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ ““ကျွန်တော်တို့က ပြိုင်ရင် ပြည်နယ်ကပြိုင်မယ်။ ပြည်ထောင်စုကို ကျွန်တော် ခဏမေ့ထားပြီး အခုကာလ ၅ နှစ်က လုပ်သင့်တာ လုပ်ပြီးပြီ။ လာမယ့် ၂၀၁၅ အလွန်ကာလမှာ ပြည်ထောင်စု ကို ခဏမေ့မှာပေါ့။ ပြည်နယ်ကို အာရုံစူးစိုက်ဖို့ လိုတယ်လို့ ကျွန်တော် သုံးသပ်တယ်။ ပါတီကိုလည်း တင်ပြ ထားတယ်””လို့ဆိုပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ်သာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။

အင်အားအကြီးဆုံး အတိုက်အခံပါတီ NLD ကတော့ ပါတီဗဟို အောင်နိုင်ရေး အဖွဲ့ကို ဖွဲ့စည်းပြီးပြီဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်းများ စတင်ရွေးချယ်နေပြီလို့ ဆိုပါတယ်။ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ကိုယ်စားလှယ်လောင်း ရွေးချယ် ရာမှာ ပါတီဝင်ဖြစ်ရန် မလိုဘဲ အမှန်တကယ် အရည်အချင်းရှိတဲ့ သူကိုသာ ရှာဖွယ်မယ်လို့ ပြောကြားထားပါတယ်။

ပါတီတစ်ခုရဲ့ အဓိက ရည်မှန်းချက်ဟာ ရွေးကောက်ပွဲ အောင်နိုင်ရေးဆိုတာ မှန်ပါတယ်။ လက်ရှိမြန်မာ့ နိုင်ငံရေး ခယောင်းတောမှာတော့ ရွေးကောက်ပွဲ ဟာ တိုင်းပြည် အနာဂတ်အတွက် တစ်ခုတည်းသောအဖြေ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ ရှိတိုင်းလည်း ဒီမိုကရေစီနိုင်ငံ ဖြစ်မလာပါဘူး။ ဒီမိုကရေစီ ကျောရိုးမပါတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဆင်ဘဲ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ် ခိုင်ခိုင်မာမာမချနိုင်ဘဲ နောင် ဘယ်အစိုးရ တက်တက် တိုင်းပြည်က ကသောင်းကနင်း နိုင်နေဦးမှာပါပဲ။ ဖက်ဒရယ် ပြည်ထောင်စု ဆိုတာလည်း မျှော်လေတိုင်း ဝေးနေဦးမှာပါပဲ။ ဒါဆို ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို နောင်ကျန်မယ့် ၆ လ တာမှာ ဘယ်လို ရင်ဆိုင် ဖြေရှင်းကြမလဲ။ ““ငြိမ်းချမ်းရေး အလင်းပွင့်ပြီ””လို့ (NCA) အပစ်ရပ်မူကြမ်း လက်မှတ်ထိုးအပြီး နိုင်ငံပိုင် သတင်းစာတွေမှာ ၀င့်ဝင့်ကြွားကြွား ဖော်ပြခဲ့တဲ့ ငြိမ်းချမ်းရေးကလည်း အခုဆို ကိုးကန့်အပြင် ကချင်ပြည်နယ်မှာတောင် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေပါတယ်။ တကယ့် (NCA) တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့ တိုင်းရင်းသား ခေါင်းဆောင်တွေ အစည်းအဝေး လုပ်ဖို့တောင် ညှိနှိုင်းလို့မရ ဖြစ်နေဆဲပါ။ အစိုးရနဲ့ MPC ကတော့ ဒီအစိုးရ သက်တမ်းမှာ ငြိမ်းချမ်းရေးသမိုင်း ၀င်ချင်လို့ ဖုတ်ပူမီးတိုက် ဆေးမြီးတိုပုံစံ NCA ကို လက်မှတ်ထိုးစေချင်တယ်။ အစိုးရ လုပ်နေတဲ့ ငြိမ်းချမ်းရေး ဟာ လုပ်ငန်းစဉ် သဘော မဆောင်ဘဲ စီးပွားရေးဆန်တဲ့ ဒေါ်လာငွေကြေး ဂယက်တွေနဲ့ ပတ်သက်နေတယ် လို့လည်း ဝေဖန်သံတွေ ကြားနေရတယ်။ တိုင်းပြည် အနာဂတ်ကို ရှေးရှုပြီး စိတ်ရင်းစေတနာ မှန်ကန်ဖို့နဲ့ စိတ်ရှည်သည်းခံဖို့ လိုပါတယ်။ တပ်မတော်ဘက်ကလည်း မူ ၆ ရပ်ကို လက်ကိုင်ထားပြီး NCA မူကြမ်းမှာ သဘောတူညီမှု မရလိုက်ဘဲ အချက်တချို့ ချန်ထားပြီး နိုင်ငံရေးဆွေးနွေးပွဲကျမှ ဆက်ဆွေးနွေးမယ်ဆိုပြီး NCA မူကြမ်းကို လက်မှတ်ထိုးခဲ့ကြတယ်။ ပကတိ အခြေအနေကတော့ နယ်စပ်မှာ စစ်ဘေး ဒုက္ခသည် သိန်းဂဏန်း၊ တိုက်ပွဲတွေ ရာပေါင်းများစွာနဲ့ ငြိမ်းချမ်းရေး မျှော်တော်ယောင် ဇာတ်လမ်းတွဲကြီး ဖြစ်နေတာ ရတက်မအေး စရာပါ။

လွှတ်တော်နာယက ဦးရွှေမန်းပြောထားတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်နယ်လုံးကျွတ် ဆန္ဒခံယူပွဲ မေလမှာ ကျင်းပမယ်ဆိုတာလည်း အချိန်ကာလအရ မဖြစ်နိုင်တော့ဘူးလို့ နိုင်ငံရေး အသိုင်းအ၀ိုင်းက သုံးသပ်ကြတယ်။ ဧပြီ ၉ ရက်က နေပြည်တော်မှာ သမ္မတဦးသိန်းစိန်က ဂျပန်သတင်းဌာန မိုင်အိနိုချိရှင်ဘွန်းနဲ့ သီးသန့် အင်တာဗျူးတစ်ခု ပြုလုပ်ပါတယ်။ အင်တာဗျူးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ သမ္မတဦးသိန်းစိန်က ““ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းကတော့ သူ့ရဲ့ကိုယ်ပိုင် ရည်မှန်းချက်ဆန္ဒနဲ့ ကိုယ်တိုင် ရွေးချယ်ရမှာပါ”” ဆိုပြီး ပြောကြားခဲ့ပါတယ်။ နောက်အင်တာဗျူးမှာ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်နဲ့သာဆိုင်တဲ့ သဘောမျိုးပြောဆိုပြီး ပုဒ်မ ၄၃၆ အတိုင်းသာ ပြင်ဆင်သင့်တယ် ဆိုတာကို ““ဖွဲ့စည်းပုံပြင်ရေး၊ မပြင်ရေး ဆိုသည်မှာ ပြည်သူက ရွေးကောက်ထားသော လွှတ်တော် ကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက် အပေါ်တွင် မူတည်ကြောင်း၊ ထို့အတွက် အခြေခံဥပဒေကို မည်ကဲ့သို့ ပြင်ဆင်မလဲဆိုသည့် အပိုင်းအချို့ကို လွှတ်တော် ကိုယ်စားလှယ်များက ဆောင်ရွက်နိုင်ကြောင်း၊ ပြင်ဆင်ရသည့် အခြားအပိုင်း အချို့ကိုမူ ပြည်သူ့ဆန္ဒ ခံယူ ပြီးမှသာ ပြုလုပ်သင့်ကြောင်း””ဆိုပြီး ပြောကြား သွားပါတယ်။

သမ္မတ ဦးသိန်းစိန်အနေနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကဏ္ဍမှာ တပ်မတော် ပါဝင်မှရမှာကို တပ်မတော်ကို တွန်းအားပေးဖို့ စိတ်လိုလက်ရ မရှိတာလား။ အခွင့်အာဏာ မရှိတာလား ဆိုတာလည်း မေးခွန်းထုတ်စရာ ကောင်းနေပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ သူ့အစိုးရ သက်တမ်းအတွင်း ငြိမ်းချမ်းရေး အုတ်မြစ်ချသွားချင်တဲ့ ဆန္ဒသာ ပြင်းပြနေပုံရပြီး ရေရှည်ကုစားရမယ့် ပြည်တွင်းငြိမ်းချမ်းရေး အိုင်းအနာကြီးကို ဆေးမြီးတိုနဲ့ ““ဟော … ပျောက်ပြီ”” ဆိုပြီး နိုင်ငံတကာမှာ မျက်နှာပန်း လှချင်တာလား။ တိုင်းရင်သားတွေရဲ့ ထောက်ခံမှုကို လိုချင် တာလား ဆိုတာလည်း နိုင်ငံရေး အ၀န်းအ၀ိုင်းက မေးခွန်းထုတ်သင့်ပါတယ်။ ဒီအစိုးရ သက်တမ်းအတွင်း ဖက်ဒရယ်ဖြစ်ဖို့ ခဲယဉ်းပေမယ့် တိုင်းရင်းသားကဏ္ဍမှာ ဗဟိုချုပ်ကိုင်မှု လျှော့ချပေးတဲ့ နည်းလမ်းနဲ့ ငြိမ်းချမ်းရေး လမ်းစဉ်က စတင်ရမှာပါ။ အဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံဟာ မဖြစ်မနေ ပြင်ကို ပြင်ကြရမှာပါ။ ငြိမ်းချမ်းရေး အစစ်အမှန် လိုချင်ရင် ကာချုပ်နဲ့ သမ္မတ ဦးသိန်းစိန် အနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ စိတ်အားထက်သန် ပြင်းပြဖို့ လိုပါတယ်။

၂၀၁၆ အ၀င် မြန်မာ့နိုင်ငံရေး အခင်းအကျင်းဟာ တံခါးပေါက် တစ်ခုမှာ အဖုအထစ် ဖြစ်နေတဲ့ ကဏ္ဍတွေ စုံပြုံတိုးနေပြီး ကျပ်ညှပ်ပြီး ထွက်ရခက်တဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးက ရေရေရာရာ မရှိလှ။ ငြိမ်းချမ်းရေးကလည်း မှုန်ဝါးဝါး မြင်ကွင်းမျိုး။ ဒါ့အပြင် လာမယ့် လွှတ်တော်က တက်လာမယ့် တခြားအရေးကြီး ကဏ္ဍတွေကလည်း တစ်ပုံတစ်ပင်နဲ့။ အလုပ်သမား အရေးအတွက် အနိမ့်ဆုံး လုပ်ခလစာကိစ္စ ဆွေးနွေးရမယ်။ အမျိုးသား ပညာရေး ဥပဒေကလည်း အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော်ကြား ပြင်ဆင်ချက်တွေ သဘောကွဲလွဲစရာဖြစ်။ ထင်သလို ဖြစ်မလာတဲ့ ဥပဒေ ပြင်ဆင်ချက်တွေ ကြောင့် ကျောင်းသား အရေးကလည်း မီးမသေသေးပါ။ ကျောင်းသားတွေ ထောင်ထဲ ထည့်ထားရုံနဲ့ ကျောင်းသားအရေး မီးသေသွားပြီဆိုရင် အစိုးရအမြင် တက်တက်စင်အောင် လွဲပါလိမ့်မယ်။ နှုတ်ဆိတ်နေတယ် လို့ ဝေဖန်ကြပေမယ့် ကျောင်းသားတွေက ဒေါ်အောင်ဆန်းစုကြည် လမ်းစဉ်ကို ထောက်ခံတယ်လို့ ပြောထားတာ ရှိပါတယ်။

၂၀၁၅ နဲ့ ၂၀၁၅ အလွန် နိုင်ငံရေး အကျပ်အတည်းကို ပြေလည်စေမှာက ရွေးကောက်ပွဲတစ်ခုတည်း မဟုတ်ပါဘူး။ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးထိပ်သီးများ အပေးအယူ လုပ်ညှိနှိုင်းကြရမယ့် နိုင်ငံရေး ပဋိညာဉ် (pact)ကို စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲကတစ်ဆင့် တင်ကြိုရယူ ထားကြဖို့ပဲ ဖြစ်ပါတယ်။ ၄ ပွင့်ဖြစ်စေ၊ ၆ ပွင့်ဖြစ်စေ ဒိုင်ယာလော့ခ်မှာ ဘာတွေကို အပေးအယူလုပ်ပြီး ဘာတွေကို တင်ကြိုညှိထားမှာလဲ ဆိုတာလည်း အရေးကြီးပါတယ်။

ဒိုင်ယာလော့ခ်အတွက် Educational Initiative ကျောင်းအုပ်ကြီး၊ မြန်မာ့အရေး လေ့လာသူ မစ္စတာ အီဂေါ ဗလာဇီဗစ်ရဲ့ ဆွေးနွေး အကြံပြုချက် တချို့ကို တင်ပြချင်ပါတယ်။ (စာရေးသူရဲ့ အာဘော်မဟုတ်ဘဲ စဉ်းစားဖွယ်ရာ အချက်အလက်တချို့ ပါဝင်နေလို့ ပြန်လည် ဝေမျှခြင်း ဖြစ်ပါတယ်။ စကားချပ် ။ ။)

၂၀၁၄ ဇွန်မှာ Mr Igor blazevic ရဲ့ ဟောပြောပွဲတစ်ခု ပြုလုပ်ပါတယ်။ ဆွေးနွေး အကြံပြုချက် ထဲမှာ၂၀၁၅ အလွန် ပေါ်ပေါက်လာမယ့် အစိုးရကို ဘယ်လိုဖွဲ့စည်းမှာလဲဆိုတဲ့ ခေါင်းစဉ်ခွဲတစ်ခု ပါဝင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံထဲက စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ အလွန်ကြီးမားနေကြောင်း၊ စစ်တပ်ဟာ ဖွဲ့စည်းပုံ ဘောင်အပြင် ရောက်နေကြောင်း ဆွေးနွေး ချက်ပါရှိပြီး၂၀၁၅ အလွန် အနိုင်ရပါတီရဲ့ အစိုးရ တည်ငြိမ်ဖို့ဆိုရင် Power Sharing လုပ်သင့်ကြောင်း ဆွေးနွေးပါတယ်။ အာဏာ ခွဲဝေမှု လုပ်ရာမှာ-

(၁) – အနိုင်ရပါတီဟာ သမ္မတနေရာနဲ့ ၀န်ကြီးနေရာ ၅၀ ရာခိုင်နှုန်းပဲယူပြီး ကျန် ၅၀ ရာခိုင်နှုန်းကို ရှုံးတဲ့ပါတီကို ခွဲဝေပေးမယ်ဆိုတဲ့ တင်ကြို သဘောတူညီချက်၊

– အနိုင်ရပါတီဟာ ပြည်ထဲရေးဝန်ကြီး နေရာကို ယူမယ်ဆိုတဲ့ တင်ကြို သဘောတူညီချက်၊

(၂) ရှုံးတဲ့ပါတီဟာ ၀န်ကြီးနေရာ ၅၀ ရာခိုင်နှုန်းနဲ့ လွှတ်တော်ဥက္ကဋ္ဌ တစ်နေရာရမယ်ဆိုတဲ့ တင်ကြို သဘောတူညီချက်၊

(၃) တပ်မတော်က ကာကွယ်ရေးဝန်ကြီး တစ်ဦးသာ ခန့်အပ်ခွင့် ရှိတော့မှာဖြစ်ပြီး ကာချုပ်က တိုက်ရိုက် ခန့်အပ်တဲ့ ဒုတိယ သမ္မတ တစ်နေရာရမယ်ဆိုတဲ့ တင်ကြိုသဘောတူညီချက်၊

(၄) တိုင်းရင်းသားထဲက ဒုတိယ သမ္မတ တစ်နေရာရပြီး လွှတ်တော်ဥက္ကဋ္ဌ တစ်နေရာရမယ်။ နယ်စပ်ဝန်ကြီး တစ်နေရာရမယ်ဆိုတဲ့ တင်ကြို သဘောတူညီချက်၊

(၅) တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို လျှော့မချရင် ပုဒ်မ ၄၃၆နဲ့ ပုဒ်မ ၅၉(စ)ကို ပြင်ပေးရမယ်ဆိုတဲ့ တင်ကြို သဘောတူညီချက်၊

စတာတွေကို တွေ့ဆုံညှိနှိုင်း ရွေးကောက်ပွဲ မတိုင်မီ တင်ကြိုသဘောတူညီမှု ရယူထားသင့်တယ်လို့ မစ္စတာ အီဂေါက အကြံပြုထားပါတယ်။ ဒိုင်ယာလော့ခ်သာ ဖြစ်ခဲ့ရင် တခြားသော ပညာရှင်များရဲ့ အကြံပြုချက်များ၊ ဆွေးနွေးမယ့် ထိပ်သီးတွေရဲ့ အနာဂတ်ရှေးရှုမှုက အရေးကြီးသလို တိုင်းပြည်နဲ့ လူထုအပေါ်ထားတဲ့ စိတ်နေစိတ်ထား (Attitude) ကလည်း ၂၀၁၅ အလွန် တိုင်းပြည် တည်ငြိမ်ရေးအတွက် အလွန်တရာ အရေးကြီးပါတယ်။ ဆင်းရဲထုကြီးမားနေတဲ့ တိုင်းပြည်အတွက် ကိုယ်စီဆုပ်ကိုင်ထားတဲ့ တရားသေ လက်သီးဆုပ်များကို အနည်းငယ် ဖြေလျှော့လိုက်ရင်ဖြင့် အနာဂတ်အတွက် ကမ်းလက်များ ဖြစ်လာမှာဖြစ်ပြီး အဲဒီကမ်းလက်တွေကလည်း ကမ္ဘာ့အလယ် နိမ့်ကျနေတဲ့ တိုင်းပြည်ကို ဆွဲတင်နိုင်မှာ ဖြစ်ပါကြောင်း တွေ့ဆုံ ဆွေးနွေး အဖြေရှာကြရေးအတွက် တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment