Saturday, March 7, 2015

အလုပ်သမားဆန္ဒပြမှုနှင့်ပတ်သက်၍ ဆူပူအကြမ်းဖက်မှုဟု အစိုးရအသုံးအနှုန်း ၈၈အပါအဝင် အဖွဲ့လေးဖွဲ့ကန့်ကွက်

ရန်ကုန် (မဇ္ဈိမ) ။   ။ အလုပ်သမားများ ဆန္ဒပြတောင်းဆိုမှုနှင့် ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာန၏  ထုတ်ပြန်ချက်တွင် "ဆူပူအကြမ်းဖက်မှု ဆန္ဒပြ အလုပ်သမားများသိရှိနိုင်ရန်" ဟူသောအသုံးအနှုန်းပေါ် အရပ်ဖက်အဖွဲ့အစည်း လေးဖွဲ့က ပြင်းပြင်းထန်ထန် ကန့်ကွတ်ရှုတ်ချကြောင်း မတ် ၇ရက်က မြန်မာဂျာနယ်လစ်ကွန်ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့သည်။

ဖေဖေါ်ဝါရီ ၂၃ရက်တွင် အလုပ်သမားများ ဆန္ဒပြမှုနှင့်ပတ်သက်၍ နိုင်ငံပိုင်သတင်းစာတွင် အလုပ်သမားဝန်ကြီးဌာနမှ "ဆူပူအကြမ်းဖက်မှု အဆန္ဒပြ အလုပ်သမားများသိရှိရန်"
ဟူသောအသုံးအနှုန်းကို  အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ၊ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ၊ အလုပ်သမားအခွင့် အရေးလှုပ်ရှားသူများ၊ အလုပ်သမားအခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ တို့က ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

အလုပ်သမားများ အနေဖြင့် ရရှိသည့် လုပ်စလစာသည် နေ့စဉ် ကုန်ကျစရိတ်နှင့် မကာမိဘဲ လုံလောက်မှု မရှိခြင်း၊ ကုန်ဈေးနှုန်း မြင့်တက်မှု များကြောင့် အမှန်တကယ် မလုံလောက်၍ တောင်းဆိုရခြင်း ဖြစ်သည်ဟု အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ခုံသမာဓိကောင်စီမှ ရဲနိုင်ဝင်းကပြောသည်

အလုပ်သမားဝန်ကြီးဌာန အနေဖြင့် လုပ်ခလစာတိုးမြှင့်ရေးအတွက်  ဖြေရှင်းရာတွင် အလုပ်ရှင်နှင့် အလုပ်သမားကြား ထဲထဲဝင်ဝင် စေ့စပ်ညှိနှိုင်းပေးသည့် နည်းလမ်းကို အသုံးပြုမည့်အစား ယခုကဲ့သို့ အသုံးအနှုန်းမျိုးသုံးကာ ထုတ်ပြန်မှုကို လူမှု အဖွဲ့အစည်းများက ကန့်ကွက်ထားသည်။

အစိုးရအနေဖြင့် အလုပ်သမားသပိတ်များကို ဖြိုခွင်းရာတွင် တာဝန်ဟူသော လက်ပတ်များ ဝတ်ထားသူများသုံးကာ ဖြိုခွင်းမှုများကို လွှတ်တော်ကိုယ်စားလှယ်များက အရေးကြီး အဆိုတင်သွင်းပေးရန် ယင်းသတင်းစာရှင်းပွဲမှ တောင်းဆိုလိုက်သည်ဟု ၈၈ပွင့်လင်းလူအဖွဲ့အစည်းမှ အလုပ်သမားအရေး တာဝန်ခံ ကိုအောင်သူက မီဒီယာများကို ပြောသည်။

ယင်းအပြင် မာစတာစပေါ့ကဲ့သို့ စက်ရုံပိတ်သိမ်းသွား၍ အလုပ်သမားများ နစ်နာမှုများ ရှိနေပြီး ယင်းဖြစ်ရပ်သည် အစိုးရအနေဖြင့် နိုင်ငံခြားသား လုပ်ငန်းရှင်များ ဖိတ်ခေါ်ပြီး ရင်းနှီးမြှပ်နှံသူ တစ်ဖက်တည်းကိုသာ ကြည်ကာ မူဝါဒ ချမှတ်ခဲ့ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက် ဖြစ်သည်ဟုလည်း ၈၈ပွင့်လင်းလူအဖွဲ့အစည်းမှ မမာမာဦးက ထောက်ပြ ဝေဖန်လိုက်သည်။

လုပ်ခလစာတိုးမြှင့်ပေးရေးအတွက် ရွှေပြည်သာ စက်ရုံများမှ ဆန္ဒပြ အလုပ်သမားများကို ဖေဖေါ်ဝါရီ ၂၀နှင့် မတ်လ ၄ရက်တွင် ဖမ်းဆီးခဲ့ပြီး အလုပ်သမား ၁၇ဦးကို အင်းစိန်ထောင်တွင် ထိန်းသိမ်းထားကာ အာမခံ ပေးမည်မဟုတ်ကြောင်းလည်း အင်စိန်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူး မျိုးမြင့်ကြိုင်က ပြောထားသည်။

သို့သော် စက်ရုံသုံးရုံပေါင်း၍  လုပ်ခလစာတိုးမြှင့်ရေးအတွက် ရွှေပြည်သာမြို့နယ်ရှိ Costec စက်ရုံမှ ၅ဦး၊ Ford Gloryစက်ရုံမှ ၇ဦး၊ အီလန်မြန်မာ အထည်ချုပ်မှ ၉ဦး စုစုပေါင်း ၂၁ ဦးအား အလုပ်သမားသပိတ်တွင် ရုန်းရင်းဆန်ခတ်မှု ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့ဖြင့် ဖမ်းခံထားရသည်ဟု အလုပ်သမားသမဂ္ဂပူးပေါင်း ဆောင်ရွက်ရေးကော်မတီမှ တာဝန်ခံ ကိုထွန်းထွန်းနိုင်က ပြောသည်။


Credit - Mizzima News

 
 

No comments:

Post a Comment