Friday, March 6, 2015

လောက်ကိုင်အရေး တရုတ်နှင့်ညှိနှိုင်းပြီးဟု သမ္မတဆို

 ရန်ကုန်၊ မတ် ၎

လောက်ကိုင်စစ်ပွဲနှင့် ပတ်သက်ပြီး တရုတ်-မြန်မာနယ်စပ် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မဟာဗျူဟာ ၅ ရပ်ဖြင့် သဘောတူထားကြောင်း သမ္မတ၏ ၂၀၁၅ မတ်လ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်၏ မတ်လ (၁)ရက်တွင် ပြောကြားသော ရေဒီယို မိန့်ခွန်းတွင် တရုတ်နှင့်မြန်မာ နယ်နိမိတ်ခြင်း ထိစပ်နေသော လောက်ကိုင် (ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ)ဒေသတွင် ဖြစ်ပွားသော စစ်ပွဲများနှင့် ပတ်သက်ပြီး နှစ်နိုင်ငံကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်ဖြင့် ဆောင်ရွက်ရန့် သဘောတူထားကြောင်း ပြောကြားခဲ့သည်။ သမ္မတမိန့်ခွန်း
မတိုင်မီကမူ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားေ နသော လောက်ကိုင်စစ်ပွဲသည် အမျိုးသားရေး ကိစ္စတစ်ခုဖြစ်ပြီး တရုတ်ပါဝင် ပတ်သက်မှုရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။…

နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းတွင် လောက်ကိုင်ကိစ္စနှင့် ပတ်သက်ပြီး- ““ကိုးကန့် ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတော် အစိုးရနဲ့ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတို့အကြားမှာ နယ်စပ် ဒေသများ တည်ငြိမ် အေးချမ်းရေးအတွက် နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ၅ ချက်နဲ့အညီ ပူးပေါင်း ဆောင်ရွက်ကြဖို့ သဘောတူညီထားပြီး ဖြစ်ပါတယ်။ ကာလရှည်ကြာ ရှိခဲ့တဲ့ နှစ်နိုင်ငံ ဆက်ဆံရေး၊ တန်းတူရည်တူ အပြန်အလှန် လေးစားသမှုရှိရေးနဲ့ တစ်နိုင်ငံရဲ့ နယ်မြေကို အသုံးချပြီး အခြား တစ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိပါးစေမယ့် အဖျက်အမှောင့် လုပ်ငန်းတွေကို နှစ်နိုင်ငံလုံးက ခွင့်ပြုမှာ မဟုတ်ဘူး ဆိုတဲ့ နားလည်မှုမျိုးလည်း နှစ်နိုင်ငံကြားမှာ ရှိထားပြီးဖြစ်ပါတယ်””ဟုပြောသည်။

တအာဝ်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ ပြန်ကြားရေးဌာနမှူး မိုင်းအိုက်ကျော်က လောက်ကိုင် စစ်ပွဲတွင် တရုတ်ပါဝင် ပတ်သက်မှု မရှိကြောင်း ငြင်းဆိုထားပြီး လက်ရှိအစိုးရနှင့် တရုတ်အစိုးရ ဆက်ဆံရေး ကောင်းမွန်ကြောင်းကို မြန်မာသံတော်ဆင့် အမှတ် ၃၊ အတွဲ ၅၀ တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။

မိုင်းအိုက်ကျော်က““အစိုးရနဲ့ တရုတ်အကြား ဆက်ဆံရေး ဘယ်လိုရှိတယ် ဆိုတာလည်း အားလုံးသိထား တာပဲ။ အဲဒီတော့ ကျွန်တော်တို့နဲ့ ဆက်သွယ်မှု ရှိတယ်ပြောနေတယ်။ အစိုးရနှစ်ခု အကြားမှာ စစ်ရေးအရရော စီးပွားရေးအရရော သံတမန်ဆက်သွယ်မှုတွေ ရှိနေတာပဲ။ အပြန်အလှန် သဘောတူ ညီမှုအဆင့်ဆင့် တွေလည်း သူတို့မှာ ရှိတာပဲ””ဟု ပြောကြားသည်။

ချမ်းမြေ့ခိုင်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment