Friday, March 6, 2015

ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်အား မဟုတ်မမှန် သတင်းများဖြင့် တိုက်ခိုက်နေမှုအား အမျိုးသမီး အဖွဲ့အစည်းများ ဝေဖန်ရှုတ်ချ

 ရန်ကုန်၊ မတ် ၎

ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီဝင်ဖြစ်သူ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်အား လူမှုကွန်ရက် စာမျက်နှာဖြစ်သော ဖေ့စ်ဘုတ် မှသော်လည်းကောင်း၊ ဖုန်းဖြင့် တိုက်ရိုက် သော်လည်းကောင်း အမည်မဖော်ဘဲ ညစ်ညမ်းကြမ်းတမ်းသော စကားလုံးများ အသုံးပြုကာ မဟုတ်မမှန် သတင်းများဖြင့် ဝေဖန် တိုက်ခိုက်နေမှုများအပေါ် အောက်တန်း ကျသော လုပ်ရပ်တစ်ခုအဖြစ် ပြစ်တင်ရှုတ်ချကြောင်း အမျိုးသမီးအဖွဲ့ အစည်း အသီးသီးရှိ ပုဂ္ဂိုလ်များက မတ်လ ၂ ရက်တွင် မြန်မာသံတော်ဆင့်မှ တစ်ဆင့် ဝေဖန်လိုက်သည်။

လူမှုကွန်ရက် စာမျက်နှာတစ်ခုဖြစ်သော ဖေ့စ်ဘုတ်၌ ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီ အဖွဲ့မှ တစ်ဦးတည်းသော အမျိုးသမီး ခေါင်းဆောင်ဖြစ်သည့် မဖြိုးဖြိုးအောင်အား လိင်ပိုင်းဆိုင်ရာ မဟုတ်မမှန် သတင်းများ ဖြန့်ဝေလျက်ရှိပြီး မဖြိုးဖြိုးအောင်၏ ဖုန်းသို့လည်း ဆဲဆိုသော မက်ဆေ့ခ်ျများ ပေးပို့ခြင်း၊ ဖုန်း တိုက်ရိုက် ဆက်ကာ ညစ်ညမ်းကြမ်းတမ်းသော စကားလုံးများ အသုံးပြုကာ ဆဲဆိုမှုများကြောင့် ဖုန်းပိတ် ထားခဲ့ရသည်အထိ ဖြစ်ပွားခဲ့သောကြောင့် ယခုကဲ့သို့ ပြစ်တင် ရှုတ်ချ ကန့်ကွက်ခြင်းဖြစ်သည်။…

““ကျွန်မတို့နိုင်ငံမှာ အမျိုးသမီးတွေ ရွပ်ရွပ်ချွံချွံနဲ့ ဦးဆောင်ပြီး အများအကျိုးအတွက် လုပ်ဆောင်လာပြီဆိုရင် မဟုတ်မဟတ်တာတွေနဲ့ လုပ်ကြံတာတွေ လုပ်နည်းလုပ်ရပ် တစ်ရပ်အနေနဲ့လို ဖြစ်နေတယ်။ တစ်တိုင်းပြည်လုံး အတွက် မျိုးဆက်သစ်အတွက် အရေးကြီးတဲ့ ပညာရေးကိစ္စ လုပ်နေတာပဲ။ အခုလိုမျိုး အောက်တန်းကျကျ အမျိုးသမီးတွေကို ရှေ့ဆက် မတိုးရဲအောင် လုပ်တာက အင်မတန်မှ မဖြစ်သင့်တဲ့ ကိစ္စတစ်ခု။ အမျိုးသမီး တွေကို ဦးဆောင် ထွက်လာရင် ဦးကျိုးသွားအောင် လိင်ပိုင်းဆိုင်ရာ စကားလုံးတွေနဲ့ စော်ကားတာက ဒါအထိ ရောက်ဆုံးလို ဖြစ်နေတယ်””ဟု အမျိုးသမီး အဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်တင်တင်ညိုက ဝေဖန်လိုက်သည်။

မဖြိုးဖြိုးအောင်၏ ဖုန်းသို့ ညစ်ညမ်းကြမ်းတမ်းသည့် မက်ဆေ့ခ်ျများ အကြောင်းမဲ့ ၀င်ရောက်နေပြီး ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်သော ဖုန်းများ အချိန်ပြည့်လိုလို ၀င်ရောက် နေပါသောကြောင့် ဖုန်းနံပါတ် မသိသော ဖုန်းများကို မည်သူမည်ဝါ ဖြစ်သည်ဟု တိတိကျကျ မပြောပါက ဖုန်းလက်ခံ စကားပြောမည် မဟုတ်ကြောင်း မီဒီယာများနှင့် အားပေးထောက်ခံသူ မိတ်ဆွေများအား ကူညီနားလည်ပေးရန် မဖြိုးဖြိုး အောင်က ဖေဖော် ၀ါရီလ၂၆ ရက်တွင် ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ၌ ရေးသားထားသည်။

““ခေတ်အဆက်ဆက် အတွေ့အကြုံအရ ဆိုရင် အစိုးရဘက်က ဘယ်လောက် အတိုင်းအတာအထိ ကင်းသလဲပေါ့။ ကင်းတယ်ဆိုရင်လည်း ကင်းကြောင်း သက်သေပြဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။ မကင်းဘူး ဆိုရင်လည်း ဘာဖြစ်လို့ ဒီလိုမျိုး လုပ်ဆောင်နေသလဲပေါ့။ အတွေ့အကြုံအရ ဆိုရင်တော့ အစိုးရကိုပဲ လက်ညှိုး ထိုးရမှာဖြစ်တယ်။ ခေတ်အဆက်ဆက် မှာကော ခုလောလောဆယ်အထိ IT နဲ့ကော လွတ်လပ်စွာ ဘယ်သူ ဘယ်ဝက်ဘ်ဆိုက်မဆို ၀င်ကြည့်နိုင်တာ အစိုးရ လက်အောက်မှာရှိတဲ့ ၀န်ကြီးဌာနတစ်ခု ပဲရှိတယ်လို့ ယူဆတယ်ရှင့်။ မြန်မာနိုင်ငံမှာ ဘာဖြစ်လို့ အမျိုးသမီးတွေကို ဒီလောက် ကြောက်နေသလဲဆိုတဲ့ မေးခွန်း အမြဲထွက်ပေါ် လာပါတယ်ရှင့်။ အမျိုးသမီးတွေကို ဒီလောက် တိုက်ခိုက်နေတာက အင်မတန်မှ အောက်တန်းကျတယ်လို့ ပြောရမလား လုံးဝဂုဏ်မယူနိုင်တဲ့ အခြေအနေတစ်ခုပါ””ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာ က ဝေဖန်ခဲ့သည်။

မဖြိုးဖြိုးအောင်သည် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင် တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး စစ်အာဏာရှင်တို့ ဖမ်းဆီး အကျဉ်းချခံခဲ့ရသူ တစ်ဦးဖြစ်ကာ ယခုအချိန်ထိတိုင် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် မှော်ဘီ နည်းပညာ တက္ကသိုလ်၌ ကျောင်းပြန်လည် တက်ခွင့်မရသူတစ်ဦး ဖြစ်သည်။

““သားပုပ်လေလွင့် စွပ်စွဲတဲ့ ကိစ္စမျိုးတွေမှာ အစိုးရအရာရှိတွေ ကိုယ်တိုင် ကျူးလွန်နေတာကို တွေ့မြင်နေရ တာပဲလေ။ ညစ်ညမ်းဆဲဆိုမှုတွေမှာလည်း စစ်တပ်တို့ရဲတို့နဲ့ ချိတ်ဆက်နေတဲ့ သူတွေဆိုတာ သူတို့ profile တွေမှာ ၀င်ကြည့်ရင် သိနိုင်တယ်။ ဒီလိုအနေအထားမျိုးတွေမှာ အစိုးရရဲ့ပါဝင် ပတ်သက်မှုတော့ ရှိတယ်။ အသလွတ် ဆဲဆိုနေတဲ့အတွက် ဒါပုဂ္ဂိုလ်ရေးအရ ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ အနေအထားဖြစ်တယ်””ဟု မဖြိုးဖြိုးအောင် က ပြောသည်။

ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment