Saturday, March 7, 2015

နိုင်ငံအတွင်း ဆူပူအုံကြွမှုမရှိစေရေး ပြည်ထောင်စုအစိုးရ ညွှန်ကြားထားဟု သမ္မတရုံးဆို

ရန်ကုန် (မဇ္ဈိမ)။ ။ တစ်နိုင်ငံလုံးအတွင်း ဆူပူအုံကြွမှုများမရှိစေရန် ပြည်ထောင်စုအစိုးရက သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့များသို့ ညွန်ကြားထားသည်ဟု သမ္မတရုံး အကြီးတန်းအရာရှိက မတ်လ ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

၎င်းက "ဆူပူအုံကြွမှုမရှိဖို့ ညွှန်ကြားထားတယ်။ မဖြစ်မနေ တိုင်းအစိုးရတွေကလည်း အကောင်းဆုံးလုပ်နေတယ်။ အသေးစိတ် အစီအစဉ်တွေကိုတော့ တိုင်းက စီစဉ်တယ်။ တိုင်းတွေမှာလည်း ဆန္ဒပြတာတွေတစ်မျိုး၊ အဖျက်အမှောက် လုပ်ငန်းတွေလုပ်တာ ကတစ်မျိုးရှိနေတယ်" ဟု ဆိုသည်။

မတ်လ ၅ ရက် ညနေပိုင်း ရန်ကုန်မြို့တော်ခန်းမရှေ့ ပညာရေး ပင်မသပိတ် ထောက်ခံဆန္ဒပြပွဲကို လက်ပတ်နီ အရပ်ဝတ်တို့ဖြင့် တိုင်းအစိုးရက အကြမ်းဖက် ဖြိုခွင်းခဲ့သည်။ မတ်လ ၆ ရက် မနက်ပိုင်း တွင်လည်း လက်ပံတန်း တွင် ပိတ်ဆို့ခံထားရသည့် ပင်မသပိတ်မှ ကျောင်းသားများကို ပဲခူးတိုင်းအစိုးရအစီအမံဖြင့် ဖမ်းဆီးခဲ့ကြသည်။

ရန်ကုန်မြို့တော်ခန်းမရှေ့ အကြမ်းဖက်ဖြိုခွင်းမှုနှင့်ပတ်သက်ပြီး တိုင်းအစိုးရအစီအစဉ်သာဖြစ်သည်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသဖြင့် ရန်ကုန်တိုင်းအစိုးရ၀န်ကြီးချုပ်အပါအဝင် အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် တာဝန်ယူဖြေကြားပေးခြင်း မရှိပေ။

ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က  "ကျွန်တော်က ရခိုင်တိုင်းရင်းသားရေးရာနဲ့ အလုပ်သမားရေးရာကို ကိုင်တာပါ။ ဒါက နယ်/လုံနဲ့ဆိုင်လို့ အဲဒီကို ဆက်ပြီးမေးပါ" ဟု မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းထံ လက်ပတ်နီဝတ်ကိစ္စနှင့် ပက်သက်ပြီး မေးမြန်းရန် ၎င်းကိုင်ဆောင်သည့် တယ်လီဖုန်းများကို ဆက်သွယ်ရာ စက်ပိတ်ထားသည်။

အစိုးရအဖွဲ့မှ တာဝန်ယူဖြေကြားမှုမရှိသည့်အပေါ် သုံးသပ်ဆောင်းပါးရေးသားသူ ဦးစည်သူအောင်မြင့်က "တိုင်းအစိုးရအဖွဲ့ကပြန်မဖြေတာက သူတို့အတွက်အရေးကြီးဆုံးက ရာထူးတည်မြဲရေးပဲ မဖြေရင် ရာထူး မထိဘူး၊ ပုံမှန်ပဲ။ ဒါကြောင့် တာဝန်ယူဖြေကြားဖို့ ဥပဒေတွေ စည်းကမ်းတွေလိုတယ်။ ဒါမှ တာဝန်သိတဲ့ သူတွေဖြစ်မယ်"ဟု သုံးသပ်သည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖုန်း(ကိုယ်ရေးအရာရှိ)သို့ ဆက်သွယ်ခဲ့ရာတွင်လည်း တိုင်းဝန်ကြီးချုပ်သို့ မေးမြန်းခွင့်မရရှိသည့်အပြင် တိုင်းအတွင်းရေးမှူးထံ ဆက်သွယ်သော်လည်း အစည်းအဝေးလုပ်နေသည် ဟုသာဆိုပြီး ပြန်လည်ဖြေကြားခြင်းမရှိပေ။
သမ္မတရုံးအကြီးတန်းအရာရှိက "တခြားတွေကိုလည်း ဆက်ကြည့်ပါဦး။ ဒါတွေက တိုင်းအစီအစဉ်တွေပါ။ ဝန်ကြီးချုပ်တို့ ဝန်ကြီးတွေကလည်း အစည်းအဝေးတွေနဲ့ မအားလို့ ဖြေနိုင်ချင်မှ ဖြေနိုင်ပါလိမ့်မယ်" ဟု ဆိုသည်။

ရန်ကုန်မြို့တော်ခန်းမရှေ့ စွမ်းအားရှင်(အရပ်အခေါ်)  အရပ်ဝတ်များက ဦးဆောင်ကာ ရဲတပ်ဖွဲ့က ရိုက်နှက်ဖြိုခွဲခြင်းနှင့် ပတ်သက်ပြီး နိုင်ငံရေးအင်အားစုအားလုံးက တာဝန်ရှိသူများကို ကန့်ကွက် ရှုတ်ချ နေကြသည်။ ဖြိုခွင်းမှုတွင် ပါဝင်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်းထမ်းများနှင့်ပတ်သက်ပြီး ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်နှင့်၊ ဒုတိယညွှန်ကြားရေးမှုးချုပ်တို့ထံ ဆက်သွယ်မေးမြန်းရာတွင်လည်း သမ္မတရုံး အမှတ် ၁၄ တွင် အစည်းအဝေး ပြုလုပ်နေသည်ဟုသာ ပြန်လည်ဖြေကြားသည်။


Credit - Mizzima News

No comments:

Post a Comment