စည်သူအောင်မြင့် (ဆောင်းပါး)
ပြီးခဲ့တဲ့ မတ်လ ၂ ရက်ဟာ မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ် လက်အောက် ကျရောက်ခဲ့တာ ၅၃ နှစ် ပြည့်သွားတဲ့ နေ့ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်နဲ့ အာဏာသိမ်း အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းဟာ အဲဒီနေ့ကို တောင်သူလယ်သမားနေ့
အဖြစ် သတ်မှတ်ခဲ့ပေမယ့် ပြည်သူတွေအားလုံး သတိရနေကြမှာကတော့ စစ်အာဏာသိမ်းခဲ့တဲ့နေ့၊ တိုင်းပြည် ကံဆိုးမိုးမှောင်
ကျခဲ့တဲ့နေ့၊ တိုင်းပြည်ကို ချောက်ထဲကျမယ့်အရေး လက်တစ်လုံးပဲ လိုတော့တဲ့အချိန် ကယ်တင်ခဲ့တာ မဟုတ်ဘဲ ဆင်းရဲတွင်း
ချောက်ထဲကို တွန်းချခဲ့တဲ့နေ့ စသဖြင့် စသဖြင့်ပဲ အမှတ်ရကြပါလိမ့်မယ်။
အခု ဗိုလ်ချုပ်ကြီး နေဝင်း စစ်အာဏာသိမ်းခဲ့တာ ၅၃ နှစ် ရှိခဲ့ပါပြီ။ မြန်မာနိုင်ငံဟာ စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်ပြီလား၊ တိုင်းပြည်နဲ့ ပြည်သူလူထုအနေနဲ့ စစ်အာဏာရှင်စနစ်ရဲ့ ဒဏ်ကို နောင်ဘယ်နှစ်နှစ်လောက်အထိ ဆက်ပြီး ခံစားနေရဦးမလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
အခုဆိုရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အေးအေးချမ်းချမ်း အနားယူနေပါပြီ။ သူ့နေရာမှာ သူ့ကိုဆက်ခံတဲ့ ဗိုလ်ချုပ် လေးယောက်က အမွေဆက်ခံ အုပ်ချုပ်နေကြပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က နိုင်ငံတော် သမ္မတ၊ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော် နာယက၊ ဒု-ဗိုလ်ချုပ်ကြီး ဦးတင်အေးက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ စသဖြင့် တာဝန်ခွဲဝေ အုပ်ချုပ်နေကြတာပါ။
အရင်လို စစ်ဗိုလ်ချုပ် တစ်ဦးတည်းကပဲ အာဏာအလုံးစုံ ရယူအုပ်ချုပ်ခဲ့တဲ့ အနေအထား မဟုတ်လေတော့ တစ်ဦးတည်း စစ်အာဏာရှင်စနစ်လို့တော့ ပြောလို့မရတော့ပါဘူး။ ဒါပေမယ့်လည်း ဒီမိုကရေစီစနစ်လို့ရော ခေါ်နိုင်ပြီလား၊ နောင် စစ်အာဏာရှင်စနစ် ဘယ်တော့မှ ဖြစ်မလာတော့ဘူးလို့ အာမခံချက် ပေးနိုင်ပြီလားဆိုတာ ဆက်ပြီးသုံးသပ်ကြည့်ကြရအောင်ပါ။
လက်ရှိ စစ်ဗိုလ်ချုပ်ဟောင်းတွေ တိုင်းပြည်ကို အုပ်ချုပ်နေတာဟာ အရင် စစ်အာဏာရှင်တွေခေတ်က စိတ်တိုင်းကျ ရေးဆွဲ ပြဋ္ဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အုပ်ချုပ်နေတာပါ။ အဲဒီ ဖွဲ့စည်းပုံကို သမ္မတ အုပ်ချုပ်ရေးစနစ်လို့ ခေါ်ထားပါတယ်။ ဒါပေမယ့် သမ္မတကို ပြည်သူလူထုက တိုက်ရိုက် ရွေးချယ်လို့ မရပါဘူး။ ပြည်သူလူထုက ရွေးချယ် တင်မြှောက်လိုက်တဲ့ အမတ် ၇၅ ရာခိုင်နှုန်းနဲ့ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ အမတ် ၂၅ ရာခိုင်နှုန်း စုပေါင်းပြီး ရွေးချယ်တဲ့စနစ်ပါ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ တပ်မတော် တစ်ခုလုံးကို သူတစ်ယောက်တည်း သဘောနဲ့ အပြည့်အဝ စီမံကွပ်ကဲပိုင်ခွင့်ရှိသလို စစ်တပ်က လုပ်ကိုင်ဆောင်ရွက်နေတဲ့ စီးပွားရေး လုပ်ငန်းပေါင်းများစွာရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။
တပ်မတော်ဟာ စီးပွားရေး လုပ်ငန်းတွေ လုပ်ရုံမက နိုင်ငံ့ဘတ်ဂျက် ရာခိုင်နှုန်း အများစုကိုလည်း ရယူသုံးစွဲပါတယ်။ ဖွဲ့စည်းပုံအရ တိုင်းပြည်မှာ သြဇာအာဏာ အကြီးဆုံး အဖွဲ့အစည်းဟာ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဖြစ်ပြီး အဖွဲ့ဝင် ၁၁ ယောက် ပါပါတယ်။ အဲဒီမှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ သူက ခန့်ထားသူ ငါးယောက်၊ စုစုပေါင်း ခြောက်ယောက် ပါဝင်နေတဲ့အတွက် တကယ့်တိုင်းပြည်မှာ သြဇာအာဏာ အကြီးဆုံးသူဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပဲ ဖြစ်နေပါတယ်။
နောက်ထပ် အရေးကြီးတဲ့အချက်က ဖွဲ့စည်းပုံထဲက တစ်ခုခု ပြင်ချင်တယ်ဆိုရင် လွှတ်တော်အမတ် စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ ပြင်နိုင်မယ်လို့ ပြဋ္ဌာန်းထားတဲ့အတွက် တပ်မတော်သား အမတ်တွေ သဘောတူတာကိုမှ ပြင်နိုင်ပါလိမ့်မယ်။ တစ်နည်းပြောရရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဘောမတူတဲ့ ဖွဲ့စည်းပုံထဲက ဘယ်အချက်ကိုမှ ဘယ်သူမှ ပြင်နိုင်မှာ မဟုတ်ပါဘူး။
တပ်တော်ကာကွယ်ရေး ဦးစီးချုပ်ဟာ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ဝန်ကြီးတွေကို တိုက်ရိုက် ခန့်ထားနိုင်ပါတယ်။ ပြောရရင် မြန်မာနိုင်ငံထဲမှာ ပြည်သူတွေကို တိုက်ရိုက်အုပ်ချုပ်နေတာဟာ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနပါ။ မြို့နယ်၊ ခရိုင်အဆင့် အထွေထွေ အုပ်ချုပ်ရေးမှူးတွေကို တပ်မတော်က တိုက်ရိုက် ထိန်းချုပ်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနက စီမံခန့်ခွဲနေတာဖြစ်ပြီး အောက်ခြေ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကိုလည်း အဲဒီခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကပဲ ကိုင်တွယ်နေတာ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း အဓိပ္ပာယ်ဖွင့်ရရင် တိုင်းပြည်ဟာ စစ်တပ်ရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ ရှိနေဆဲလို့တောင် ဆိုနိုင်ပါတယ်။
နောက်ထပ် ပြဿနာတစ်ခုက အရင် စစ်အာဏာရှင်တွေ တည်ဆောက်သွားတဲ့ စစ်ဗျူရိုကရေစီ ယန္တရားပြသနာကြီးပါ။
အာဏာအခြေခိုင်အောင်ဆိုပြီး စစ်ဗိုလ်တွေကို ဗုံးပေါလအော မွေးထုတ်၊ ဝန်ကြီးဌာန အသီးသီးနဲ့ နေရာတကာမှာ တာဝန်ပေးအပ်ခဲ့တဲ့ ပြဿနာပါ။ အဲဒီ စစ်ဗိုလ်ဟောင်းတွေဟာ ဘာလုပ်ငန်းကိုမှ မယ်မယ်ရရ ကျွမ်းကျင်သူတွေ မဟုတ်ကြပါဘူး။
အဲလို သက်ဆိုင်ရာ နယ်ပယ်၊ တာဝန်ကျရာမှာ မကျွမ်းကျင်လို့ဆိုပြီး သူတို့ကို အလုပ်တွေကနေ ထုတ်ပယ်လို့လည်း မဖြစ်နိုင်ပြန်ပါဘူး။ ဒီလိုနည်းနဲ့ပဲ တိုင်းပြည်ရဲ့ ဗျူရိုကရေစီ ယန္တယားဟာ အလွန်အဆင့်အတန်းနိမ့်တဲ့၊ အရည်အသွေး မပြည့်မီတဲ့ ယန္တရားဖြစ်နေပြီး ဘာပဲ အကောင်အထည်ဖော်ဖော် အောင်မြင်မှုမရ ဖြစ်နေတာပါ။
ဒီထက် ဆိုးရွားတဲ့ ပြဿနာ တစ်ခုကတော့ အရင် စစ်အာဏာရှင် အဆက်ဆက် ပညာရေးစနစ်ကို ဖျက်ဆီးပြီး လူ့စွမ်းအား အရင်းအမြစ် နိမ့်ကျအောင် လုပ်သွားတဲ့ ပြဿနာပါ။ အဲလို လူ့စွမ်းအား အရင်းအမြစ် နိမ့်ကျနေမှုကပဲ တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်ရာမှာ၊ ငြိမ်းချမ်းတဲ့ တိုင်းပြည်အဖြစ် တည်ဆောက်ရာမှာ၊ ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်အဖြစ် တည်ဆောက်ရာမှာ အခက်အခဲ ပြဿနာ အမျိုးမျိုးကို ကြုံတွေ့စေတာ ဖြစ်ပါတယ်။
ဒီပြဿနာကို တကယ်သိ၊ တကယ်လေးနက်၊ တကယ်ပြင်မယ်ဆိုရင်တောင် နောင်အနှစ် ၁၀၊ ၂၀ မှ ပြင်လို့ရပါလိမ့်မယ်။ အခုထက်ထိ ပြင်မယ်ဆိုပြီး သန္နိဋ္ဌာန်ချတဲ့ အဆင့်တောင် မရောက်သေးပါဘူး။
ပြောရရင် စစ်အာဏာရှင် ဦးနေဝင်း တိုင်းပြည်မှာ အာဏာသိမ်းခဲ့တာ ၅၃ နှစ် ရှိခဲ့ပြီဖြစ်တဲ့တိုင် ကံကြမ္မာဆိုးက အဆုံးမသတ်သေးပါဘူး။ တိုင်းပြည်မှာ တစ်ဦးတည်း စစ်အာဏာရှင်စနစ် ကန့်လန့်ကာ နောက်ကွယ် ရောက်သွားတဲ့တိုင်၊ စစ်အာဏာရှင်စနစ်ကတော့ ခိုင်မြဲနေတုန်းပဲ ရှိပါသေးတယ်။
တဆက်တည်း စစ်အာဏာရှင်စနစ်ကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာ ပေါင်းစုံကလည်း တည်ရှိနေဆဲ၊ တိုင်းပြည်ကို ဆက်ပြီး ဖျက်ဆီးနေဆဲပဲ ရှိနေပါသေးတယ်။ စစ်အာဏာရှင်စနစ် ရှိနေသေးသမျှ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့ မလွယ်ကူသလို၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ကလည်း အလွန်ခက်ခဲပါတယ်။ မြန်မာပြည်က တပ်မတော် ဘယ်အချိန် ပြည်သူ့အစိုးရလက်အောက်မှာ တာဝန်ထမ်းဆောင်မယ့် ပရော်ဖက်ရှင်နယ် တပ်မတော်အဖြစ် ပြန်ရောက်မလဲ ဘယ်သူမှ မမှန်းနိုင်ကြသေးပါဘူး။
မြန်မာနိုင်ငံက စစ်အာဏာရှင် စနစ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးမွေတွေကတော့ နောင်နှစ်ပေါင်း လေး-ငါးဆယ် တစ်နည်းပြောရရင် စစ်အာရှင်တွေ အာဏာသိမ်းပြီး အနှစ် ၁၀၀ ရောက်တာတောင် အလုံးစုံ ပျောက်ပျက်သွားဖို့ မလွယ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
Credit - Mizzima News
No comments:
Post a Comment