Saturday, March 7, 2015

ဗိုလ်ချုပ်အောင်ဆန်း တတိယအကြိမ် လုပ်ကြံခံရခြင်း (ဆောင်းပါး)

– ဇာနည်စိုးထွဋ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗိုလ်ချုပ်ရဲ့ တိုင်းပြုပြည်ပြုမိန့်ခွန်းကို လိုသလိုရွေးယူအသုံးချပြီး အာဏာရှင် အကြွင်း အကျန်တွေကို ကန့်ကွက် ဆန္ဒ ထုတ်ဖော်နေတဲ့ ပြည်သူ နဲ့ကျောင်း သားတွေကို မတရားဖိနှိပ် ညှဉ်းပန်းဖြိုခွဲဖို့ အကွက်ရှာနေ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၂၀၁၅)ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်၊ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ နှစ်တစ်ရာပြည့်မွေးနေ့ဟာ ဗိုလ်ချုပ်ကျေးဇူးကို တမ်း တ အောက်မေ့ပြီး လွမ်းဆွတ်ကြတဲ့ ရိုးရိုးသားသား တစ်ခဲနက် ဂုဏ်ပြုတဲ့ပွဲတွေ တစ်နိုင်ငံ လုံးအနှံ့ ကျင်းပ ပြုလုပ်ကြပြီး ကိုယ်ကျိုး လုံးဝမရှာတဲ့ စစ်ဗိုလ်ချုပ်သမိုင်းဝင်ပုဂ်္ဂိုလ်ရဲ့ ရိုးသားမှုဂုဏ်ကို
အထွတ်အမြတ်ထား လေးစားတဲ့ အထိမ်းအမှတ်အဖြစ် ပဲပြုတ် နဲ့နံပြားတွေ ကျွေးမွေးကြ၊ စားသောက်ကြ တာကြည်နူးစရာပါ။ အဲဒီ ရိုးသားစွာ ဂုဏ်ပြုကြတဲ့အထဲမှာပဲ ရင်ဘတ်စည်တီး ထူးဆန်းအံ့သြ ဖွယ် တွေ့ရတာကတော့ ၁၉၈၈ ခုနှစ်ကစ အနှစ် ၂၀ ကျော် ဘေး ဖယ်ပယ်ဖျောက် သိုဝှက်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံတွေ၊ မိန့်ခွန်းတွေနဲ့ အတ္ထုပ္ပတိ္တတွေကို တောင်ထိပ် ကြာပေါက်၊ အနောက်က နေထွက် အစိုးရက ပြည်သူ့ငွေကို သုံးစွဲလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဝေေ၀ဆာ ဆာ ဖော်ပြလာ တာ ဖြစ်ပါတယ်။ …အထူးခြားဆုံးကတော့ စစ်အာဏာရှင် အစိုးရ လက်ထက်က ဗိုလ်ချုပ်အောင်ဆန်းကို ဘုရားဟောပရိတ်တော်ဆို နာမကြားဝံ့ ထွက်ပြေးရတဲ့ မိစ္ဆာသရဲ တစ္ဆေ ဘီလူးသဘက်တွေ၊ မကောင်းဆိုးဝါး နာနာဘာဝတွေဖြစ်ကြတဲ့ အငြိမ်းမစား စစ်ဗိုလ်ချုပ်တွေနဲ့ ထီး မိုးဖိနပ်ကိုင် အဖွဲ့တပည့်တပန်းတွေ နေရာယူထားတဲ့လွှတ်တော်ကြီးမှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောဆိုချီးမွှမ်းကြ၊ စာတမ်းတွေ ဖတ်ကြသလို အစိုးရအဖွဲ့တွေကလည်း ဘယ်လို စိတ်ဖောက်ပြန်သွားကြသလဲ မသိ၊ ဗိုလ်ချုပ် အောင်ဆန်းကို ကျေးဇူး ရှင်နိုင်ငံ့ခေါင်းဆောင်ကြီးလို ထိပ်ပေါ်ရွက်လာကြ တာဖြစ်ပါတယ်။ အစိုးရ၀န်ကြီးဌာန က ပြည်သူ့ဘဏ္ဍာငွေကို ကိုင်တွယ်သုံးနေ စီမံနေတဲ့ ရုပ်သံမီဒီယာနဲ့ သတင်းစာမီဒီယာ တွေမှာလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့မိန့် ခွန်းတွေ၊ မိန့်ကြားချက်တွေကို တစ်နေ့ တစ်မျိုး မရိုးရလောက်အောင် ထက်ကြပ် မကွာဖော်ပြနေတာတွေ့နေရတော့ ထမင်းကြမ်းခဲ ယပ်ခတ် ရေဖျော်စားနေရတဲ့ ဆင်းရဲသားတွေ ရုတ်တရက် သလေးဆန်နဲ့ ချက်ထားတဲ့ ထောပတ် ဒံပေါက်ထမင်းကို ၀က်သုံးထပ်သားဆီပြန်၊ တညင်းသီးအုန်း နို့ဆမ်း၊ ပဲကြီးဆူးပုပ်ရွက် ဟင်းချိုနဲ့စားရပြီး ပုန်းရည်ကြီးနဲ့စားအုန်းဆီနယ်ပြီး ရောနယ် ကျွေးခံလိုက်သလို ပက်လက် လန်သွားကြတာ အမှန်ပါပဲ။

ဖေဖော်ဝါရီ(၁)ရက်နေ့ကစပြီးချီတက် ဆန္ဒပြသပိတ်မှောက်နေတဲ့ ကျောင်းသား သပိတ်စစ်ကြောင်းတွေကို ပထမရက်(၆၀) တောင်းဆိုမှုတုန်းက လုံးဝကို သောက်ဂရု မစိုက်၊ အဖက်တောင်မလုပ် လှည့်ပြီးတံတွေး မထွေးတဲ့ အစိုးရက မြန်မာ့လက်ရွေးစင်ရှေ့တန်းလူ လှဌေးနဲ့ ပေါ်တူဂီက ခရစ္စတီယာ စီရော်နယ်ဒိုတို့ ရဲ့ ခြေ ယောင်ပြ မျက်စိပြာ ဝေသွားစေတဲ့ ကစားကွက်တောင် ဆလံပေးရလောက်အောင် အခုပဲခေါ်ပြီးဆွေး နွေး လိုက်၊ တော်ကြာပုဆိုးလှန်ပြပြီး ပါးပိတ်ရိုက်မယ်လုပ်လိုက် ကစားနေရင်းနဲ့ပဲ ဒီကျောင်းသားသပိတ်မှာ ပါဝင်တဲ့ သူတွေ မကြာခင်မှာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုတုန်းကလို ဂိုဒေါင်ဖောက် ပစ္စည်းလု၊ ရေတွင်းရေကန် အဆိပ်ခတ်ပြီး တွေ့သမျှ လူခေါင်းဖြတ်တော့မလိုလို ကောလာဟလ ဖြန့်လိုက်လုပ်နေတာကို မြင်ရတော့မှ အိုး … ဟိုး … ဒီလိုကိုးဆိုပြီး သဘော ပေါက်သွားပါတော့တယ်။ လက်စသတ်တော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဖိုး တန် အမျိုးမှန် မိန့်ခွန်းတွေ၊ ဟောပြောချက်တွေထဲကမှ (Dim Sum) ဒင်ဆမ်းစားဖွယ်စုံမှာ ကိုယ်ကြိုက်တာ ကို ရွေးစားသလို ရည်ရွယ်ချက်ရှိရှိ ကြံစည်စီစဉ်ပြီး တမင်ကိုလွှင့်ထုတ် ဖော်ပြပေးနေတာ တွေ့ရပါတော့တယ်။

ဗိုလ်ချုပ်အောင်ဆန်းက စည်းကမ်းရှိကြဖို့၊ အေးချမ်းတည်ငြိမ်ရေးကို ဦးစားပေးဖို့၊ တိုင်းပြည်မှာတရားဥပဒေ စိုးမိုးရေးရှိဖို့၊ စည်းလုံးညီညွတ်ကြဖို့ တိုင်းပြည်နဲ့ပြည် သူ့အကျိုးကိုရှေးရှုပြီး နိုင်ငံချစ်စိတ်နဲ့ မိန့် ခွန်းပြောကြား ခဲ့တာတွေဟာ အခုတော့ တားမြစ်ဆိုးဆေးတွေ အသုံးပြုအရောင် ခြယ်ပြီး အရောအနှော packing တွေနဲ့ ဗိုလ်ချုပ်နှစ်တစ်ရာပြည့်နေ့ အထိမ်းအမှတ်ကို အခွင့်ကောင်းယူပြီး ပညာရေးဥပဒေကို သပိတ်မှောက်ချီတက် ဆန္ဒပြကြတဲ့ ကျောင်းသားတွေကို ဦးတည်ပြီး ဗိုလ်ချုပ်စကားကို နားမထောင်တဲ့ အမိုက်အရိုင်းတွေ၊ တိုင်းပြည် မတည်ငြိမ် မအေးချမ်းအောင်လုပ်နေတဲ့ သူပုန်သူကန် လူဆိုးလူမိုက် ကလေးတွေ ဖြစ်သယောင်ယောင် ငါးစိမ်း သည်ရန်တွေ့ သွားမတိုက် ပလုတ်မကျင်းဘဲ ထအော်နေပါရော့လား။ တကယ်ဆို တိုင်းပြည်မတည်ငြိမ် မအေး ချမ်းဘဲ ဆူပူနေတာ ၀မ်းသာစရာ ရေငတ်တုန်း ရေတွင်းထဲ ကျဖြစ်မနေဘူးလားဗျာ။ ရပ်မိရပ် ဖအနှိပ်ခန်းပိုင်ရှင် ဆိုတာ အဲဒါမျိုးပါပဲ။ တကယ်တော့ ဒါဟာပညာသားပါပါ ဗိုလ်ချုပ်အောင်ဆန်းကို အသုံးချပြီး နောက်တစ်ကြိမ် လုပ်ကြံလိုက်တာပါပဲ။ ၁၉၈၈ ခုနှစ် အာဏာသိမ်းစစ်အစိုးရက ဗိုလ်ချုပ် အောင်ဆန်းကို အနှစ် ၂၀ ကျော် ဒုတိယအကြိမ် လုပ်ကြံသတ်ဖြတ်လိုက်ပြီး ယခု ဗိုလ်ချုပ်ရဲ့ နှစ်တစ်ရာပြည့်အထိမ်းအမှတ် နေ့မှာ ဗိုလ်ချုပ် မိန့်ခွန်းတွေကို လုပ်စားပြီး ရည်ရွယ်ချက်ရှိရှိ ဗိုလ်ချုပ်ကို ပြည်သူတွေနဲ့ ပညာသားပါပါ ရန်တိုက်ပေးပြီး တတိယ အကြိမ် လုပ်ကြံလိုက်ခြင်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီ လလယ်ထဲမှာ မြန်မာစစ် ဗိုလ်ချုပ်သန်းကြွယ်သူဌေးကြီးတွေ ချစ်ကြောက်ရိုသေရတဲ့ ကျေးဇူးရှင် အစ်ကိုကြီးတွေက နှစ်သစ်ကူးလက်ဆောင်အဖြစ် ခြိမ့်ခြိမ့်သဲ အထုပ်ကြီးကြီး အန်ပေါင်းဆုလာဘ် ပေး လိုက်တဲ့ လောက်ကိုင်တိုက်ပွဲကြီးမှာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း အသက် စွန့်ကျဆုံးသွားရှာကြ တဲ့ နိုင်ငံ့သား ကောင်း စစ်သည်များကို မြန်မာတစ်နိုင်ငံလုံးရဟန်း ရှင်လူအပေါင်းက ချီးကျူးဂုဏ်ပြုလေးစား ကရုဏာ သက်ကြတာ မကြုံစဖူးအောင်ကို ခြိမ့်ခြိမ့်သဲပါပဲ။ အဲဒါဟာ လုပ်ကိုလုပ်ရမယ်၊ ဖြစ်ကိုဖြစ်ရမယ်၊ တိုင်းပြည်ချစ်သူ တိုင်း ထုတ်ဖော်ပြသရမယ်၊ မှန်ကန်တဲ့စိတ်ရင်း စေတနာမှန်ပဲ ဖြစ်ပါတယ်။ အခုလိုဂုဏ် ပြုကြ၊ လှူဒါန်းကြတာ နည်း တောင်နည်း ပါသေးတယ်။

ဘာဖြစ်လို့လဲ၊ အဲဒီတာဝန်ကျေပွန် မြင့်မြတ်တဲ့ သားကောင်းစစ်သည်တိုင်းပြည် ရဲ့အာဇာနည်တွေဟာ ဗိုလ်ချုပ် အောင်ဆန်း တည်ထောင်ပြီး ၁၉၆၂ ခုနှစ်မတိုင်မီအထိ နိုင်ငံတော်အတွက် စွန့်လွှတ်စွန့်စား ရင် မြေကတုတ် တာဝန်ထမ်းခဲ့ကြတဲ့ စစ်ဗိုလ် စစ်သားကောင်းတွေလိုပဲ ပြည်သူချစ်တဲ့ ရင်နှစ်သည်းချာ သားမောင်အာဇာနည် စစ်သားယောက်ျားကောင်းလေးတွေ ဖြစ်ကြလို့ပါပဲ။ သူတို့တစ်တွေဟာ Non- Contaminated, Non- pointed စားမယ်၊ ၀ါးမယ်၊ ဖြောင်မယ်၊ တွယ်မယ်၊ တိုမယ်၊ ခွင်ရိုက်မယ်၊ ဝေစားမျှစား ခိုးစားကြမယ် ဆိုတဲ့ အဂတိလိုက်စား ကိုယ်ကျိုးရှာသိက္ခာမဲ့ အရှက်မရှိ လာဘ်စား စီမံကိန်းထဲက ၂၀ ရာခိုင်နှုန်း ခိုးစား၊ တိုင်းပြည်သယံဇာတအနု ကြမ်းစီး၊ အနိုင်ကျင့်မြေသိမ်း၊ ကိုယ်တိုင်ချဲ ထီရောင်း၊ အနှိပ်ခန်းနဲ့ပြည့်တန် ဆာခန်းဖွင့် ကြတဲ့ စစ်အာဏာရှင် ခေတ် ဗိုလ်ချုပ်တွေရဲ့ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ ““သောက်ကျင့်”” တွေ လုံးဝ ကင်းစင်သန့်ရှင်းပြီး တိုင်း ပြည်နဲ့လူမျိုး၊ ပြည်သူပြည်သားတွေကို ကာကွယ်ရင်း အသက်စွန့်သွားကြရရှာတဲ့ တကယ့်စစ်သည် အမှန် အကန်တွေဖြစ်ကြလို့ပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းလိုချင်တဲ့ စံနှုန်းအပြည့်ရှိတဲ့ စစ်သားကောင်းတွေ ဖြစ် ကြပါ တယ်။ အဲဒါကိုပဲ အရှက်မဲ့ရောနှော ပုံမှားရိုက်ပြီး လူမိုက်တစ်သောင်း ကဲ့ရဲ့ ရှောင်းလည်း သူကောင်းတစ် ယောက် ချီးမွှမ်းလျှင် ပျောက်၏ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းမကြိုက် တာမှန်သမျှ အကုန်လုပ်ပြီး ကိုယ်တိုင် ကုဋေကြွယ်သူဌေးကြီးတွေဖြစ်၊ သားသမီးယောက်ဖ ခယ်မ သမီးသမက် ငယ်သူငယ်ချင်းတွေကို ကျောက်မျက် ဆိုင်ဖွင့်ပေး၊ ကုမ္ပဏီထောင်ပေး၊ ဂျာနယ်တွေ ထုတ်ပေး၊ showroom တွေဖွင့်ပေးကြတဲ့ မိစ္ဆာမကောင်းဆိုးဝါး ဗိုလ်ချုပ်ကြီးတွေနဲ့ ရောနှောပြီး ပုံမှားရိုက် ဒိုင်ဗင်ထိုးနေရာ ၀င်ယူတာဟာ ပြည်သူလူထုကြီးကို လိမ်ညာတာဖြစ် သလို ဒီလောက်ကိုင်ဒေသ တိုက်ပွဲမှာတာဝန်ထမ်းဆောင် ရင်း အသက် ပေးသွားကြရှာတဲ့ စစ်သည်အာဇာနည် တွေကို စော်ကားတာနဲ့ အတူတူပါပဲ။ တစ်ချိန် တည်းမှာ ခပ်တည်တည်နဲ့ ဗိုလ်ချုပ်အောင် ဆန်းကိုအရိပ်ခိုပြီး ဗိုလ်ချုပ်ကို တတိယအကြိမ် လုပ်ကြံလုပ်စားလိုက်ခြင်း ပဲ ဖြစ်ပါ တယ်။

လောက်ကိုင်ဒေသစစ်ပွဲမှာ နိုင်ငံတော်အတွက် အသက်ပေးပြီး တာဝန် ထမ်း ဆောင်ကျဆုံးသွားကြရှာတဲ့ စစ်သည်သား ကောင်းတွေ ကို လေးစား ချီးကျူးဂုဏ်ယူပါ တယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ မြန်မာ့ တပ်မတော် ဖခင်ရဲ့ နှစ်တစ်ရာပြည့်မွေးနေ့ နဲ့လည်း ကြုံတွေ့ရချိန်ဖြစ်လို့ ဗိုလ်ချုပ်လိုပဲ နိုင်ငံတော်ရဲ့ အာဇာနည်စာရင်း ၀င်သွားကြ ပြီဖြစ်ပါ တယ်။ နောင်နှစ်ပေါင်းများစွာတိုင်အောင် မြန်မာနိုင်ငံသမိုင်းနဲ့ ပြည်သူတွေရဲ့ စိတ်ထဲမှာ အမြဲပဲ သတိရဂုဏ်ပြုအလေးပြုနေမယ့် သမိုင်းတွင် သူတွေ ဖြစ်သွားကြပါပြီ။ တစ်ချိန်တည်းမှာပဲ အဲဒါကို အခွင့် ကောင်းယူပြီး ဖိုးတွမ်တီး လုပ်စားချင်တဲ့ စစ်အာဏာရှင် ကိုယ်ကျိုးရှာ ဗိုလ်ချုပ်တွေ နဲ့အဆက်အနွှယ်တွေကို ရော၊ ဗိုလ်ချုပ်ရဲ့ တိုင်းပြုပြည်ပြုမိန့်ခွန်းကို လိုသလိုရွေးယူ အသုံးချပြီး အာဏာရှင် အကြွင်းအကျန်တွေ ကို ကန့်ကွက် ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူနဲ့ ကျောင်းသားတွေကို မတရားဖိနှိပ် ညှဉ်းပန်းဖြိုခွဲဖို့ အကွက်ရှာနေတဲ့ ကြောင် သူတော် ဗိုလ်ချုပ်နှစ် တစ်ရာပြည့်ပွဲတော် ဆင်နွှဲတဲ့ ကြက်သူခိုးတွေ ကိုလည်း ပယ်ပယ်နယ်နယ် ရှုတ်ချ လိုက်ပါကြောင်း။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment