Friday, March 6, 2015

လက်မောင်းအနီပတ်အရပ်သားများက ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းခြင်း ဥပဒေနှင့် ဆန့်ကျင်နေ ဟုဆို

ရန်ကုန် (မဇ္ဈိမ)။ ။ ဆန္ဒပြသူ လူစုလူဝေးကို ဖြိုခွင်းရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ မြို့နယ်အုပ်ချုပ်ရေးမှူးက
အမိန့်ပေးထားသည့် ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ဝင်များကသာ ဖြိုခွင်းခွင့်ရှိပြီး အရပ်သားများက ဖမ်းဆီးဖြိုးခွင်းခြင်းသည် ဥပဒေနှင့် ဆန့်ကျင်နေကြောင်း တရားလွှတ်တော်ရှေ့နေဦးကိုနီက ဝေဖန်ပြောလိုက်သည်။

Student-Strike-at-Violence-in-Yangon-1
ရန်ကုန်မြို့တော်ခန်းမရှေ့ လက်ပံတန်းရောက် ကျောင်းသားသပိတ်ကို ထောက်ခံ ဆန္ဒပြသူများအား အကြမ်းဖက်ရိုက်နှက်ကာ ဖမ်းဆီးနေသည်ကို မတ်လ ၅ ရက် ညနေပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)



ရန်ကုန် မြို့တော်ခန်းမရှေ့တွင် ကျောင်းသားသပိတ်စစ်ကြောင်း တားဆီးပိတ်ပင်ခံရမှုနှင့် ပတ်သက်ပြီး အကြမ်းမဖက်ရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ကျောင်းသားများနှင့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အဖွဲ့ဝင်များကို ရဲတပ်ဖွဲ့နှင့် အဆိုပါ အရပ်သားများက အကြမ်းဖက် ရိုက်နှက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုသည့်အပေါ် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

လူစုလူဝေးကို ဖြိုခွင်းရာတွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးက အမိန့်ပေးစေခိုင်းမှုဖြင့် ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့များကသာ ရဲတပ်ဖွဲ့ အဓိကရုဏ်းဖြိုခွင်းသည့် လုပ်ထုံးလုပ်နည်း အဆင့်ဆင့်အတိုင်း တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်ရပြီး အရပ်သားတစ်ဦးဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ အဆိုပါ ဖြိုခွင်းမှုတွင် ဥပဒေအရ လုံးဝပါဝင် ခွင့်မရှိဟုလည်း ဦးကိုနီက ဆိုသည်။

ထိုသို့ ဆန္ဒထုတ်ဖော်သည့် လူစုလူဝေးအား အရပ်သားများက ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းတို့ကို ပြုလုပ် ပါက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ထိုအရပ်သားများကို ကာကွယ်ခုခံပိုင်ခွင့်အပြည့်အ၀ရှိသည်ဟုလည်း ၎င်းက ဆိုလိုက်သည်။

‘’ဆန္ဒပြသူတွေကို ဖြိုခွင်းတဲ့နေရာမှာ လူမိုက်တွေကို ခိုင်းလို့မရဘူး။ မီဒီယာတချို့ရဲ့ ပုံတွေမှာ မြင်ရတာမှာ မိန်းကလေး တစ်ယောက်ကို ဆေးမှင်ကြောင်နဲ့ ဆံပင်နီကြောင်ကြောင်နဲ့ ဘယ်ကကောင်မှန်းမသိတဲ့ ကောင်ကလည်ပင်းကို ချုပ်ပြီး လက်ကို ချုပ်ပြီး ခေါ်သွားတာတွေ့ရတယ်။ အမျိုးသမီး တစ်ဦးကို ရဲတပ်သားတောင် ဒီလိုလုပ်ခွင့် မရှိတာကို ဘယ်ကကောင်မှန်း မသိတဲ့ကောင်က ဒီလိုလုပ်တယ်’’ ဟု ဦးကိုနီက ပြော သည်။

ထိုသို့ လူစုလူဝေးကို ဖြိုခွင်းရာတွင် အရပ်သားလူတစ်စုက ရဲတပ်ဖွဲ့ဝင်များရှေ့တွင် အကြမ်းဖက်ခြင်း၊ ရိုက်နှက်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းများ ပြုလုပ်ပါက ထိခိုက်နစ်နာသူများက ရဲတပ်ဖွဲ့သို့ ဖမ်းဆီးအရေးယူ ပေးရန် တိုင်ကြားနိုင်ကြောင်း ထိခိုက်နစ်နာသူများက တာဝန်ရှိသည့် ရဲတပ်ဖွဲ့ဝင်များရှိပါလျှက် အရေးယူခြင်း မပြုပါက အဆိုပါရဲတပ်ဖွဲ့ကို အရေးယူပေးရန် တရားစွဲဆိုနိုင်ကြောင်း ဆိုသည်။

ယင်းကို ABSDF တပ်ဖွဲ့ဝင်တစ်ဦးက "ဒီလုပ်ရပ်ဟာ မင်းတို့ ဒီလိုလုပ်ရင် ဒီလိုဖြစ်သွားမယ်ဆိုပြီး တစ်နိုင်ငံလုံးကို ခြိမ်းခြောက် စိန်ခေါ်လိုက်တာဖြစ်တယ်" ဟု ပြောသည်။

‘’ဒီလူတွေ ဘယ်သူတွေလဲ၊ ဘယ်သူက ခိုင်းတာလဲဆိုတာ ကော်မရှင်ဖွဲ့ စုံစမ်းဖော်ထုတ်ရမယ်။ တာဝန်ရှိသူတွေ တာဝန်ခံရမယ်။ ဖော်ထုတ်ပေးရမယ်’’ ဟု ဦးကိုနီက ပြောသည်။

ABSDF တပ်ဖွဲ့ဝင်တစ်ဦးက "ဒီကိစ္စအားလုံးအပေါ် အာဏာပိုင်တွေက တာဝန်ယူရလိမ့်မယ်’’ ဟု ပြောသည်။

လူစုလူဝေးကို ဖြိုခွင်းမှုအဆင့်ဆင့်တွင် ပထမဆုံးအဆင့်တွင် စကားပြော လူစုခွဲစေခြင်း၊ စည်း သုံး စည်းတား လူစုခွဲစေခြင်း၊ ရေပက်လူစုခွဲစေခြင်း၊ မီးခိုးဗုံးသုံး လူစုခွဲစေခြင်း၊ နံပါတ်တုတ်ဖြင့် ရိုက်နှက် လူစုခွဲစေခြင်းများ အဆင့်ဆင့်ပြုလုပ်ပြီးနောက် တစ်ဘက်က အကြမ်းဖက်လာပါက ပထမတွင် မိုးပေါ်ထောင် သေနတ်ဖောက်ခြင်း၊ နောက်တစ်ဆင့်တွင် လူအုပ်စုကြား သေနတ်ဖြင့် ဖြိုခွင်းခြင်းများ ပြုလုပ်သော်လည်း တစ်ဘက်လူစုက အကြမ်းဖက်မှုများ ပိုမိုဆိုးရွားလာပါက စစ်တပ်အုပ်ချုပ်ခွင့်ကို အပ်နှင်းရသည်။

လူစုလူဝေးကို ဖြိုခွင်းရာတွင် ၁၉၄၅ ခုနှစ် ရဲအက်ဥပဒေအရ ဆူပူမှု၊ အုံကြွမှုများကို ဖြိုခွင်းနိုင်ရန် အနီး တစ်ဝိုက်ရှိ လူထုထံ အရံရဲအာဏာအပ်နှင်းပြီး ပြည်သူအကူအညီရယူနိုင်ကာ တာဝန်ပေးအပ်ခံ ရသူသည့် ကန့်သတ် ဧရိယာအတွင်း ရဲတစ်ဦးကဲ့သို့ ဖမ်းဆီး၊ ချုပ်နှောင်ခွင့်ရှိသည်ဟုလည်း ရဲမှူးချုပ် က ဆိုသည်။

Credit - Mizzima News

No comments:

Post a Comment