Saturday, March 7, 2015

မင်းပြောင်း မင်းလွှဲ (ဆောင်းပါး)

– မောင်အံ့(မဟာဝိဇ္ဇာ-ဘုံဘေ)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အုပ်ချုပ်ရေးအဟောင်းက ဆုတ်ခွာသွားပြီး အုပ်ချုပ်ရေးအသစ်က မရောက်လာသေး . . . ပြည်သူလူထုမှာ ကိုယ့်အားကိုယ်ကိုး ကိုယ့်ရွာ လုံခြုံရေးကို ကိုယ့်ဘာသာ လုပ်ဆောင်ကြ ရသည် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်တော်ငယ်စဉ်က ဆောင်းရာသီတွင် မိုးလင်းခါနီး အိပ်မပျော်သော်လည်း အိပ်ရာထဲမှာ အိပ်အောင်း လုပ် နေလေ့ရှိသည်။ အဘွားသည် နံနက်တိုင်း ဘုရားရှိ ခိုးပြီးနောက် ““မင်းပြောင်းမင်းလွှဲ မကြုံရပါလို၏ ဘုရား”” ဟူ၍ အမြဲတမ်းလိုလို ဆု တောင်းလေ့ရှိသည်။ ကျွန်တော်သည် ဘွားအေဆုတောင်းကို နားထဲ၌ စွဲမြဲမှတ် သားမိ လာခဲ့၍အသက်(၉)နှစ်(၁၀)နှစ်ရှိလာ သောအခါ အဘွား၏ဆုတောင်းကို သိချင်စိတ်ဖြစ်လာ၍ မေးခွန်းထုတ်မိ သည်။

““အဘွားရယ် ဘာလို့များ ဒီဆုကို တောင်းရတာလဲ”” စသည်ဖြင့် မေးမိသည်။ အဘွားက““မင်းပြောင်းမင်းလွှဲ ဆိုတာအလွန် ကြောက်ဖို့ကောင်းတယ်။ ပြေး၊ လွှား၊ ရှောင်တိမ်းနေကြရတယ်။ အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရ၊ ငါ့မြေးတို့က ကြုံမှမကြုံဖူးသေးဘဲ””ဟူ၍ အစချီပြီး အဘွားဖြစ်သူက ““မင်းပြောင်း မင်းလွှဲ”” အကြောင်းကို ပြောပြလေတော့သည်။…

မြန်မာမင်းမှ အင်္ဂလိပ်မင်းသို့

မင်းပြောင်းမင်းလွှဲ

အဘွားတို့ ငယ်စဉ်က သီပေါမင်းပါတော်မူပြီး သူပုန်တွေကထ၊ တောင်ပံနီက နှိပ်စက်၊ ဓားပြနှိပ်စက်၊ ညနေ စောင်းရင် ရွာထဲမှာမနေရဲဘဲ ရွာနှင့်နီးစပ်ရာတောချုံ အုံကြား ပြေးလွှားပုန်းကြရတယ်။ ကာလ ပျက်တော့မယ်။ ခေတ်ပျက်တော့မယ်ဆို တော့ထမင်းတွေအခြောက်လှန်းကြရတယ်။ ထမင်းခြောက်တွေစုပြီး စဥ့်အိုးထဲ ထည့်(သို့မဟုတ်) အိုးထုတ်ထဲထည့်ပြီး အိမ်စည်းရိုး ကြားမှာမြေမြှုပ်ပြီး ဖုံးအုပ်ထားရတယ်။ အပေါ်က သစ်ရွက် ခြောက်ကလေးတွေဖုံး ထားရတယ်။ ညနေကျလို့ ရွာအပြင်ကို ထွက်ပြေးတော့မယ်ဆိုရင် အဲဒီထမင်း ခြောက် ကလေးတွေ အိတ်ထောင်ထဲထည့်၊ ရေဘူးကိုခါးချိတ်ပြီး ရွာနှင့်အနီးအနား တောကြို အုံကြား ပြေးလွှားပုန်းကြ ရတယ်။ ကလေးပါတဲ့ လူဆိုဘယ်သူကမှ မခေါ်ချင်ဘူး။ ကလေးက အသံထွက်လာရင် ဓားပြတွေသိမှာစိုးလို့။

တစ်ခါတစ်ရံညအချိန် ချုံကြားထဲ ပုန်းအောင်းနေတာ၊ ဓားပြတွေကချုံကြားထဲ လှံနှင့်ထိုးပြီး တချို့မှာလှံထိ သော် လည်း မလှုပ်ရဲငြိမ်ခံနေကြရသည်။ တချို့မှာ လသာသာ သစ်ပင်ရိပ်ကောင်းကောင်း မှောင်ရိပ် အောက်မှာ အိပ်နေသော်လည်း ဓားပြတွေ က မြင်းနှင့်ဖြတ်သန်းသွားရာ ခြေထောက် ကို နင်းမိသော်လည်း မလှုပ်ရဲဘဲ ငြိမ်ခံနေကြရသည်။

တစ်ဖက်ကလယ်ယာကိုင်ကျွန်း လုပ်ဆောင်နေသဖြင့် စပါးများရိတ်သိမ်းချိန်၌ ဓားပြတွေအဝေးမှ လာရောက် သည်ကို တွေ့မြင်ရသောအခါ မိခင်ဖြစ်သူသည် ကလေးကိုခါးထစ်ခွချီပြီး ရေပုံးထဲ၌ ရေဖလားထည့် ပြီး ထွက်ပြေးရာ ဖလားနဲ့ရေ ပုံးဩရိုက်ခတ်သံ (ချွင်ချွင်) အသံမြည်လာသည်ကို ကလေး ငယ်ကသဘော ကျပြီး (တခစ်ခစ်) ရယ်မောနေသဖြင့် မိခင်ဖြစ်သူက စိတ်တိုပြီး ကလေးငယ်ကို ခေါင်းဆွဲလှည့်လိုက်ရာ ကလေးငယ် မှာ ဇက်စောင်းသွားလေတော့သည်။

အဘိုးကြီးတစ်ယောက်မှာ နှုတ်ခမ်းမွေးဖြင့် မီးဖိုးချောင်ထဲ၌ ငရုတ်သီးထောင်း ဟန်ဆောင်နေခဲ့ရာ အဘိုးကြီး မှာ နှုတ်ခမ်းမွေးနှင့် ထဘီဇောက်ထိုးဖြစ်နေသည်ကို ဓားပြတွေက ရယ်မောသွားခဲ့ကြသည်။ အဘိုး ကြီး တစ်ယောက်မှာမူ နေ့လယ်ကြောင် တောင်ဓားပြတွေဝိုင်းမိနေသဖြင့် ပြေးပေါက် မရှိဘဲအနီးရှိ သစ်ပင်ကြီးကို နှုတ်ခမ်းမွေးနဲ့ ထဘီဇောက်ထိုးဝတ်ပြီး သစ်ပင်တက်နေသည်ကို ဓားပြတွေကတွေ့ရှိ၍ “ဟာဟိုမှာ မကောင်း ဆိုးဝါးသစ်ပင်တက်နေတယ်”ဟု ရယ်မောသွားကြသည်။

ဓားပြများသည် အိမ်မှာရက်လုပ်ထားသော ယက္ကန်းစင်ကို ဓားဖြင့်ဖြတ်တောက် ယူငင်ကြသည်။ နောက်ပိတ်ဆုံး ချည်ခင်နှင့်ယောက်လုံး (တညင်းလုံး)ကို ပင်ထန်းပင် ထိပ်ဖျား ထန်းဖူးအကြား ၀ှက်ထားသည်ကို ပင် ယူငင် သွားကြသည်။ နောက်ဆုံးတွင် အိမ်နီးနားချင်းကိုပင် စိတ်မချရ၊ ကိုယ်တစ် ခြမ်းကို အိုးမည်းသုတ်၊ ကိုယ်တစ် ခြမ်းကို ထုံးသုတ်၊ ရုပ်ဖျက်ပြီး ဓားပြားရိုက်ပြီး လုယက် ခဲ့ကြသည်။

သီပေါမင်းလက်အောက်ရှိ အညာဒေသတွင် (၁၀)နှစ်နီးပါး သူခိုး၊ ဓားပြ ဆူပူ နေသဖြင့် ကျွန်တော်၏ ဘိုးကြီး( အဘွား၏ အဖေ)သည်မောင်းထောင်ရွာမှ အလုံ(ဗဒုံ) သို့သွားရောက်ပြီး အောက်ပြည်အောက် ရွာသို့ ထွက်ပြေး ရလေတော့သည်။ မောင်း ထောင်ရွာမှ ပဒုံမြို့သို့မိုင်(၄၀)ခန့် ကွာဝေး သဖြင့် သားသမီး(၅)ယောက်ကို (တောင်းကြီး) တစ်ဖက်၌ တည့်ပြီးမယားကိုမူအခြား (တောင်းပက်ပြဲကြီး) တစ်ခုတွင်းထည့်ပြီး အဘိုးဖြစ်သူက ထမ်းလာခဲ့ရသည်။ လမ်းခရီးတွင် အချိန်မတော် ဓားပြ (၃)ယောက် ထွက်လာလာပြီး ဓားထောက်လု သဖြင့် ဒေါင်းဒင်္ဂါးပြား (၃)ပြား ပေးလိုက်ရသည်။ အဘိုးဖြစ်သူသည် ထမ်းတောင်းကြိုးကို ထမ်းပိုး၌တပ်ပြီး လက်သီး ဆုပ်ခန့်ရှိလောက် စာလုံးဖြင့် ဓားပြ၏ ကျောကိုပစ်ခတ်လိုက်ရာ ဓားပြမှာ မှောက်ရက်လဲသွားသည်။ အဘိုးဖြစ် သူက““ငါ့ပိုက်ဆံ (၃)ကျပ်ထားခဲ့၊ ငါ့ဆီမှာ နောက်ထပ်လောက်စလုံး (၅)လုံးရှိသေးတယ်””ဟု ကြိမ်းမောင်း သဖြင့် ပိုက်ဆံ(၃)ကျပ်ကိုချထားခဲ့ပြီး ဓားပြ(၃)ယောက်ထွက်ပြေးကြလေတော့သည်။ အလုံမြို့ သို့ရောက်သော အခါ အညာဆန်လှေကြီး(၁)စင်းကို “ထိုးဝါးထိုးပြီး လိုက်ပါရစေ” ဟုပြောဆိုပြီးပါလာ သူမိသားစုများကို လှေ သူကြီးက ခေါ်ဆောင်သွားတော့သည်။

အောက်ပြည်အောက်ရွာ အင်္ဂလိပ်လက်အောက်ရောက်ရှိ၍ မအူပင်၊ နောက် ဖေးကုန်းတန်းကြီးရွာ ၌ မောင်း ထောင်သားများ လယ်ယာ လုပ်ကိုင်ကြတော့သည်။ (၅)နှစ်ခန့်ကြာသောအခါ အထက်အညာဒေ သ အေးချမ်းပြီ ဖြစ်၍ အဘွားက ရွာပြန်လိုကြောင်း၊ အောက်ပြည်အောက်ရွာမှာ မိုးရာသီတွင်ရေပတ်လည်ဝိုင်းပြီး သွားစရာ လာစာရာရှိက လှေဖြင့်သာသွားကြရပြီး အိမ်အပေါ်ထပ်မှာ ထမင်းချက်ကြရသည်။ ထမင်းချက်သည့်ထင်းမှာ ကုက်္ကိုလ်သားကိုသာ မီးဆိုက်ရသဖြင့် ပြောင်းတံဖြင့်မှုတ်သော်လည်း မီးကမတောက် လား။ မီးခိုးများ အူထပြီး မျက်ရည်ကျသော အဘွားက “အညာ ပြန်ကြပါစို့ရဲ့တော့၊ ကုက်္ကိုလ်သားနှင့် ထင်းမဆိုက်တတ်ပါဘူး””ဟူ၍ မကြာခဏငိုယို နေသောကြောင့် အညာသို့ ပြန်ခဲ့ကြရတော့သည်။

အညာဒေသ ကျန်ရစ်သူများမှာ သူပုန်သူကန်များကို အင်္ဂလိပ်အစိုးရက နှိမ်နင်း ရန်အတွက် ကျေးရွာများကို စုပေါင်းပြီး အ၀င်အထွက် တံခါးများပြုလုပ်ခိုင်းသည်။ ကျေးရွာကိုဝိုင်း၍ စည်းရိုး(၂)ထပ်ကာရံပြီး စည်းရိုး အလယ် အတွင်း၌ ကျေးရွာသားများ (၅)ယောက်တွဲ၊(၁၀)ယောက်တွဲ ကင်းလှည့် ကြရသည်။ နံနက်မိုးလင်းမှ ကောက်စိုက်၊ စပါးစိုက်၊ စပါးရိတ်၊ နှမ်းခင်းလုပ်လိုသူများသည် ထမင်းကို အ၀စားသွားရသည်။ အပို အလျှံ ထမင်းတစ်ထုပ်မျှ ယူခွင့်မရှိ၊ ဆန်ယူ ခွင့်မရှိ၊ ညနေ (၆) နာရီမထိုးမီ ရွာထဲသို့ အရောက်ပြန်ကြရ သည်။ (၆)နာရီကျော် ပြီး နောက်ရွာအပြင်တွင် တွေ့ရှိပါက (မာရှယ်လော) တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ပစ်သတ် ခံရ တော့သည်။ အင်္ဂလိပ်စစ်တပ်သည် ည နေ (၆)နာရီနောက်ပိုင်း သူပုန်များခိုအောင်း နိုင်သော တောချုံ အုံကြား မကျန် ရှာဖွေပြီး နောက်သန်းခေါင်ကျော်သောအခါ တစ်ရွာလုံး သူကြီးကမောင်းထု ခေါ်ပြီးနောက်ရွာ ရှိလူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေး တော့သည်။ ရွာသားတစ်ယောက်ယောက် လိုနေပါက သူကြီးက တာဝန်ယူရှင်းပြ ရသည်။ မည်သည့်ရွာသို့ မည်သည့်ကိစ္စအတွက် သွားရောက်ကြောင်း ရှင်းပြချက်ကို အင်္ဂလိပ်စစ်ဗိုလ်က သက် ဆိုင်ရာ ကျေးရွာသို့ မြင်းစီးစစ်သားစေလွှတ်ပြီး စစ်ဆေးစေခဲ့သည်။ မမှန်ကန်ပါကရွာသူ ကြီးမှာတာဝန် ရှိသည်။ ယင်းကဲ့သို့ သူကြီးအိမ်၌ ရွာသား များစုဝေးနေစဉ် ကျန်သော ကုလားစစ်သားများက တစ်အိမ်တက် ဆင်းသွား ရောက် စစ်ဆေးသည်။

ဤကဲ့သို့ (၅)နှစ် (၆)နှစ်ခန့် တင်းတင်းကျပ်ကျပ် အုပ်ချုပ်သည့်အခါမှသာ လျှင် အေးဆေးငြိမ် သက်သွား လေတော့သည်။ ထိုအချိန်က ကျွန်တော်တို့ မောင်း ထောင်၊ ညောင်ကန်၊ ဘုတလင်တစ်ဝိုက် ၌ အင်္ဂလိပ်အစိုးရ ကို တော်လှန်ပုန်ကန်နေကြသော ဗိုလ်လှဦး(ခ)ဗိုလ်ခင်မောင်နှင့် ဗိုလ်ဝက်(ခ)ဗိုလ်ဝက်ကြီး တို့သည် အင်္ဂလိပ် အစိုးရဘက်တော်သား သစ္စာဖောက်များ၏ လုပ်ကြံမှုကြောင့် ကျဆုံးသွားခဲ့ရ လေတော့သည်။ ဤကား အင်္ဂလိပ်လက်အောက် ကျွန်သပေါက်ဖြစ်သွားခဲ့ရခြင်း ကျွန်နိဒါန်းပင်ဖြစ်ပါတော့သည်။ မြန်မာမင်းနှင့် အင်္ဂလိပ် မင်းတို့ အကူးအပြောင်း မင်းပြောင်းမင်းလွှဲ ဖြစ်တော့သည်။

အင်္ဂလိပ်စစ်ပြေးကာလ

သို့ရာတွင် မြန်မာလူမျိုးတို့သည် အိန်္ဒိယနိုင်ငံကဲ့သို့ အေးအေးဆေးဆေး အုပ်ချုပ်ခံမနေကြဘဲ မကြာခဏ ဆူပူမှု များပြုလုပ်လေ့ရှိကြသည်။ အင်္ဂလိပ် လက်အောက်၌ ဆရာစံ(ဂဠုန်-သူပုန်) ထခဲ့ကြ၍ အင်္ဂလိပ် ပြေးခါနီးသော အခါ ဒုတိယကမ္ဘာစစ်အရိပ် အငွေ့သန်းလာသောအခါ (အင်္ဂလိပ်အခက်၊ ဗမာ့အချက်) ကြွေးကြော်သံဖြင့် အင်္ဂလိပ် အစိုးရအား ပုန်ကန်ရန် ကြံစည်ကြတော့ သည်။ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ရဲဘော်(၃)ကျိပ် တို့သည် ဂျပန်ပြည်၌ စစ် ပညာသင်ယူပြီးဂျပန်နှင့် ပူးပေါင်းကာ မြိတ်၊ ထားဝယ်၊ မော်လမြိုင်ဒေသမှ စတင်၍ စစ်ပွဲ ဆင်နွှဲလေတော့သည်။

အင်္ဂလိပ်အစိုးရသည် ဧရာဝတီမြစ်ဝ ကျွန်းပေါ်မှ ချင်းတွင်း၊ ဧရာဝတီမြစ်ဖျား တိုင်အောင် သင်္ဘောအားလုံးကို ဒိုင်းနမိုက် များတင်ပြီး ဖောက်ခွဲပစ်ခဲ့ရာ သင်္ဘောမှန် သမျှအားလုံး မြစ်ထဲမှာနစ်မြုပ်သွားတော့သည်။ စစ်တောင်းတံတားနှင့် စစ်ကိုင်းတံ တားတို့ကို ဒိုင်းနမိုက်ဖြင့် ချိုးဖျက်ခဲ့ကြ သည်။ ချောက်၊ ရေနံချောင်း ဘက်ရှိ ရေနံ တွင်း အားလုံးကို ကျောက်သေးကွန်ကရစ် လောင်းထည့်ပြီး ပိတ်ဆို့ခဲ့ကြသည်။ မီးရ ထားလမ်းများ အား လုံးနှင့် ဆန်စက်ရုံများ၊ အခြားစက်ရုံများတို့ကိုလည်း ဖောက်ခွဲဖျက် ဆီးခဲ့ကြသည်။ ဤကဲ့သို့မြေလှန် စနစ်သုံး ခြင်းကိုအင်္ဂလိပ်တို့က““အောင်မြင်စွာဆုတ်ခွာခဲ့ကြသည်”” ဟူ၍ မှတ်တမ်းတင် ဂုဏ်ယူခဲ့ကြသည်။

အင်္ဂလိပ်စစ်တပ် ဆုတ်ခွာခြင်းနှင့် ဂျပန်နှင့် ဘီအိုင်အေအုပ်ချုပ်ရေး စပ်ကူးမပ်ကူး ကာလ(ကြားကာလ) (၇) ရက်ခန့်အလိုတွင် အုပ်ချုပ်ရေး ကင်းမဲ့သွားလေတော့သည်။ ထိုအခါအုပ်ချုပ်ရေး အဟောင်းက ဆုတ်ခွာ သွားပြီး အုပ်ချုပ်ရေးအသစ်က မရောက် လာသေး။

ပြည်သူလူထုမှာ ကိုယ့်အားကိုယ်ကိုး ကိုယ့်ရွာလုံခြုံရေးကို ကိုယ့်ဘာသာ လုပ်ဆောင်ကြရသည်။ ကျေးရွာရှိ အကြီးအကဲများကို ခေါင်းဆောင်တင်ပြီး လူငယ်များ ကမိမိတို့ရှိသည့် ဓား၊ လှံ၊ လက်နက်တို့ ကိုကိုင်ဆောင်ပြီး နေ၀င်မှနေထွက်အထိ ရွာတံခါးကို ပိတ်ထားကြရသည်။ ရွာအပြင်ဘက် ရွာနီးချုပ်စစ်တွင် လူစိမ်း သူစိမ်းတစ် ယောက်ယောက်ကိုတွေ့ရှိပါက ““ဘယ်ကလူလဲ၊ ဘယ်သွားမှာလဲ””စသည်ဖြင့်မေးမြန်း စိစစ်ကြရသည်။

အင်္ဂလိပ်စစ်တပ်သည် တရုတ်စစ်တပ် ကိုတောင်ငူထိအောင် ခေါ်ထားပြီး အင်္ဂလိပ်တို့ကဆုတ်ခွာ ထွက်ပြေးကြ သည်။ တရုတ် စစ်တပ်သည် မန္တလေးမြို့သို့ ရောက်သော အခါ မဟာမြတ်မုနိဘုရားကြီးကို ရွှေခွာရန် ကြိုးစား ကြသည်။ သို့ရာတွင် မန္တလေးမြို့ရှိ တရုတ်လူမျိုးများက““ဤကဲ့သို့ ရွှေခွာလျှင် တရုတ်လူမျိုး များ မြန်မာနိုင်ငံမှာ နေ၍ မရနိုင်တော့ကြောင်း၊ သူတို့အတွက် အန္တရာယ်ရှိကြောင်း”” ပြောဆိုသဖြင့် တရုတ်စစ်တပ်သည် မဟာမြတ်မုနိဘုရားကို ရွှေခွာခြင်း မပြုလုပ်တော့ဘဲ စစ်ကိုင်းဘက်သို့ ကူးသွားတော့သည်။

စစ်ကိုင်းတောင်ရိုးပေါ်၌ ကိုရင်ငယ် လေးတစ်ပါးမှာ တရုတ်စစ်တပ်ကို ဘုရားပေါ်မှတက်၍ ကြည့်မိသော ကြောင့် ဂျပန်သူလျှိုဟု စွပ်စွဲပြီး အသတ်ခံလိုက်ရသည်။ စစ်ကိုင်းတောင်ရိုးပေါ်ရှိ ဘုန်းကြီးများမှာ သင်္ကန်းဝတ် ဖြင့် မနေရဲတော့၍ အနီးရှိချောင် ကြိုချောင်ကြားမှစောင်ဖြူစောင် ကျားပတ် ပြီးတောင်အောက်သို့ ဆင်းပြေးကြ ရတော့ သည်။ ထိုအခါ တရုတ်စစ်တပ်သည် ဘုန်းကြီး ကျောင်းပေါ်မှသားရေဖုံးစာအုပ်များကိုမြေ ကတုတ်ကျင်း ထဲ၌ ထည့်သွင်းခင်းထားပြီး ဇိမ်ကျကျအိပ်ကြလေတော့သည်။ ဘုရား ဆင်းတု (၂)ဆူကို ကျောချင်းကပ်ထား ပြီး အလယ်၌ မီးဖို၍ ဘုရားပခုံးပေါ်၌ ၀ါးလုံးတင်ပြီး ဟန်းကောဖြင့် ထမင်းချက်ကြလေ သည်။ တရုတ်စစ် သားများသည် စစ်ကိုင်း တောင်ပေါ်မှာ (၁၀)ရက်ခန့် နေပြီးနောက် ကသာ၊ မြစ်ကြီးသားမှ တစ်ဆင့် တရုတ် ပြည်သို့ ဆုတ်ခွာသွားကြတော့သည်။

ဆက်လက်ဖော်ပြပါမည် . . .


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment