ရန်ကုန် (မဇ္ဈိမ)။ ။ ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် ကုန်ဆုံးရန်
တစ်လအလိုကာလအတွင်း နိုင်ငံတကာနှင့် မြန်မာ့ကုန်သွယ်မှု လျာထားချက် ပမာဏကို
ကျော်လွန်ခဲ့ပြီးဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာနက မတ်လ ၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဆိပ်ကမ်းတစ်နေရာကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
စီးပွား/ကူးသန်း ဝန်ကြီးဌာနသည် လက်ရှိဘဏ္ဍာနှစ်အတွက် မြန်မာ့ကုန်သွယ်မှု ပမာဏကို ကန်ဒေါ်လာ ၂၅ ဘီလီယံ ကုန်သွယ်နိုင်ရန် မျှော်မှန်းထားခဲ့ရာ ဖေဖော်ဝါရီ ၂၇ ရက်အထိ ကန်ဒေါ်လာ ၂၅,၁၇၂ သန်းကျော် ရရှိထားပြီးဖြစ်သည်ဟု ထုတ်ပြန်ထားခြင်း ဖြစ်သည်။
၎င်းကုန်သွယ်မှုသည် သွင်းကုန် ကန်ဒေါ်လာ ၁၅,၀၆၄ သန်းကျော်နှင့် ပို့ကုန်ကန်ဒေါ်လာ ၁၀,၁၀၈ သန်းကျော်တို့ဖြင့် ကုန်သွယ်ထားနိုင်ခဲ့သည်။ သို့ဖြစ်ရာ ကန်ဒေါ်လာ ၄,၉၅၅ သန်းကျော် ကုန်သွယ်မှု လိုငွေပြနေသည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှစ၍ ကုန်သွယ်မှုပမာဏ တိုးတက်လာခဲ့ခြင်းဖြစ်ပြီး ယင်းအတွက် ပို့ကုန်အခွန် ကင်းလွတ်ခွင့်ပြုခြင်း၊ ကုန်သွယ်ခွန်များ လျှော့ချခြင်း၊ ပို့ကုန်၊ သွင်းကုန် မှတ်ပုံတင်လိုင်စင်ကြေးများ လျှော့ချခြင်း စသဖြင့် မူဝါဒ ပြောင်းလဲခြင်းများကို ဆောင်ရွက်ခဲ့ရသည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောထားသည်။
ယခု ဘဏ္ဍာနှစ်တွင် ပို့ကုန်ကဏ္ဍများအနက် ပဲတင်ပို့ရောင်းချခြင်းမှ ပြည်ပဝင်ငွေ တိုးတက်ရရှိလာနေခြင်းကြောင့် လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုတွင် ကန်ဒေါ်လာ သန်း ၃၀ ကျော်ကို ပိုမိုရရှိထားဟုလည်း ဖော်ပြထားသည်။
သတ္တုတွင်း ထွက်ပို့ကုန်များတွင် ကန်ဒေါ်လာ ၉၉ သန်းကျော်နှင့် သဘာဝဓာတ်ငွေ့ အဓိကပါဝင်သော စက်မှုကုန်ချော ထွက်ကုန် တင်ပို့မှုတွင်လည်း ကန်ဒေါ်လာ ၈၉၄ သန်းကျော် ပိုမိုရရှိထားခြင်းလည်းဖြစ်သည်။
ကုန်သွယ်မှု လိုငွေပြနေသည်ဟုဆိုသော်လည်း သွင်းကုန်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုကုန်ကြမ်းပစ္စည်း ကန်ဒေါ်လာ ၆,၆၇၄ သန်းကျော်နှင့် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း ကန်ဒေါ်လာ ၅,၁၃၉ သန်းကျော်ကို တင်သွင်းထားခြင်းဖြစ်သည်။
ယင်းကုန်သွယ်မှုများအရ သွင်းကုန်ကဏ္ဍ များနေသည်ဟုဆိုသော်လည်း ပြည်တွင်းထုတ်ကုန် တိုးတက်မှုအတွက် မြှုပ်နှံသည့် သွင်းကုန်များနေခြင်းကြောင့် ရေရှည်အတွက် အလားအလာကောင်းဖြစ်လာနိုင်သည်ဟုလည်း စီးပွား/ကူးသန်း ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ဆိုထားသည်။
၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုသည် ကန်ဒေါ်လာ ၂၃ ဘီလီယံကျော်သာ ရှိခဲ့ခြင်းဖြစ်ရာ ယခုနှစ် တွင် ဘဏ္ဍာနှစ်မကုန်ဆုံးမီ ကန်ဒေါ်လာ နှစ်ဘီလီယံကျော် တိုးတက်လာခြင်းဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment