ယုဝေ
ရန်ကုန်၊ မတ်လ ၂
သမ္မတအိမ်တော်တွင် အမြဲတမ်းသတင်းရယူခွင့်ရှိမည့် သတင်းထောက်ထားရှိနိုင်ရန်အတွက် လျှောက်လွှာ တင်ထားသည့် သတင်းထောက်များကို လုံခြုံရေးအရ နောက်ကြောင်းစိစစ်မှုများပြုလုပ်နေပြီဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က မဇ္ဈိမကို ပြောသည်။
ဦးရဲထွဋ်က “ အခု အယောက် ငါးဆယ်ကျော်လျှောက်လွှာတင်ထားတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့ ကို အဲ့ဒီစာရင်းပေးထားတယ်။ ဘာလို့လဲဆိုတော့ လုံခြုံရေးအရ နောက်ကြောင်း စိစစ်မှု လုပ်နေတဲ့အတွက် ကြောင့်ပါ။ အဆောက်အဦးအသင့်ဖြစ်နေပါပြီ။ ရဲတပ်ဖွဲ့က လုံခြုံရေးကင်းရှင်းကြောင်း မရသေးလို့ပါ”ဟုပြော သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့၏ လုံခြုံရေး စစ်ဆေးမှုပြီးစီးပါက သမ္မတရုံး သတင်းယူခွင့်ကတ်ပြားများ ချက်ချင်း ထုတ်ပေးနိုင်ပြီဖြစ်သည်ဟု ၎င်းကပြောသည်။
သမ္မတအိမ်တော်တွင် အမြဲတမ်းသတင်းရယူခွင့်ရှိမည့် သတင်းထောက်သည် သမ္မတ၏လှုပ်ရှားမှုများ၊ အခမ်းအနားများကို သတင်းရယူနိုင်မည်ဖြစ်သည်။
သမ္မတ အိမ်တော်ထဲတွင် သင့်တော်သည့်နေရာ၌ သတင်းထောက်များ နေထိုင်ရန်စီစဉ်ပေးမည်ဖြစ်ပြီး အတွေ့ အကြုံအလုံအလောက်ရှိကာ စာနယ်ဇင်းကျင့်ဝတ်နှင့်ညီသည့် သတင်းထောက်များကိုရွေးချယ်မည့်အပြင်
အမြဲတမ်း သတင်းရယူခွင့်ရှိမည့် သတင်းထောက်များရွေးချယ်ခြင်းကို ပုံနှိပ်မီဒီယာ၊ သတင်းစာ၊ နိုင်ငံခြားသတင်းထောက်များ ၊ ရုပ်မြင်သံကြားနှင့် FM အသံလွှင့်သတင်းဌာန ကဏ္ဍလေးခုခွဲခြားကာ ရွေးချယ်မည်ဖြစ်သည်။
သမ္မတအိမ်တော်တွင် သတင်းရယူခွင့်ရရှိသည့် သတင်းထောက်များသည် သတ်မှတ်သည့် သက်တမ်းကာလ ကို အပြည့်အ၀တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
အစိုးရအဖွဲ့က ဆောင်ရွက်မည့် သမ္မတအိမ်တော်တွင် သတင်းထောက်များအမြဲတမ်းထားရှိနိုင်ရေးနှင့်ပတ် သက်၍ ဆွေးနွေးပွဲကိုမြန်မာနိုင်ငံစာနယ်ဇင်းကောင်စီရုံးတွင် ၂၀၁၄ ခုနှစ်ဒီဇင်ဘာ ၁၆ ရက်တွင် ပြုလုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်တွင် လျှောက်လွှာများကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment