(၁၁၃) ကြိမ်မြောက် ညောင်လေးပင် ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မပွဲတော်ကြီးကို ဖေဖော်ဝါရီ ၂၀ရက် မှ မတ် ၁ ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင် မြို့ရှိလုဒ် မယ်တော်ဂူဗိမာန်ရှိရာ ကက်သလစ် ဘုရားရှိခိုးကျောင်းဝန်း အတွင်းတွင်ကျင်းပရာ မြန်မာနိုင်ငံ၏ ပထမဆုံး ကာဒီနယ် ချားလ်စ်ဘို (Cardinal Charles Bo)၊ သာသနာအသီးသီးမှ ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ ကိုရင်များ၊ သီလရှင်များနှင့် ပြည်တွင်းပြည်ပမှ ကက်သလစ်ဘာသာဝင် များ ကြွရောက် ကြည်ညိုကြသည်။
ပွဲတော်ရက်အတွင်းတွင် ဘာသာစကား အသီးသီးဖြင့် လည်းကောင်း၊ ကာဒီနယ်ချားလ်စ် ဘိုမှဦးဆောင်၍ လည်းကောင်း မစ္ဆား တရားတော် မြတ်ပူဇော်ခြင်း၊ ညောင်လေးပင်မြို့ အတွင်း စီတန်းလှည့်လည် စိပ်ပုတီး စိတ်ခြင်း၊ မြန်မာနိုင်ငံ ကက်သလစ်သာသနာတွင် ပထမဆုံးရွေးချယ်ခံရသော ကာဒီနယ်ရဟန်း အမတ်ချားလ်စ် ဘိုအား ဂုဏ်ပြုခြင်း၊ မြန်မာ နိုင်ငံငြိမ်းချမ်းရေးအတွက်ဆုတောင်းကာ ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် ချိုးငှက် ၁၁၃ ကောင်အား ဇီဝိတဒါန လွှတ်ပေးခြင်းများ ပြုလုပ်ခဲ့သည်။…
ကာဒီနယ်ချားလ်စ်ဘိုက ညသန်းခေါင်ယံ မစ္ဆားတရားတော်မြတ်တွင် ““အမြဲပဲ သနားတတ်တဲ့ မယ်တော်ရဲ့ သားသမီး များဖြစ်ကြတဲ့ ကျွန်တော်တို့ဟာ အမေတူ သားသမီးများဖြစ်နိုင်ဖို့ အရေးကြီးပါတယ်။ ယခုနှစ် ၀ါတွင်းအတွင်းမှာ ထောက်ရှု စဉ်းစားကြဖို့ရန်အတွက် ရဟန်းမင်းကြီးက
ငါတို့သည် ခရစ်တော်၌ ခန္ဓာကိုယ် တစ်ဦးတည်းကဲ့သို့ ဖြစ်ကြသည်။ ကိုယ် အင်္ဂါတစ်ခု နာကြလျှင် တစ်ကိုယ် လုံးနာ ကြင်မှုခံစားကြရသည်။ ခရစ်ယာန်ဖြစ်လာပြီဆိုရင် အသင်း တော်ကြီးရဲ့ အဆိုးအကောင်းကို မျှဝေခံ စားကြရမှာပဲ။ မြန်မာပြည် ကက်သလစ် ခရစ်ယာန်အသင်းတော်အနေနဲ့ မျက်ကွယ် ပြုလို့မရနိုင်တဲ့အရာတွေ အများကြီးရှိတယ်။ အိမ်နီးနားချင်းနိုင်ငံတွေမှာ ရွှေ့ပြောင်းလုပ်သားဘ၀နဲ့ ဆင်းရဲခံနေရတဲ့ လူငယ်တွေကို ကျွန်တော်တို့ မေ့ထားလို့ မရဘူး။ ကုမ္ပဏီကြီးတွေရဲ့ မတရားသိမ်းမှုကြောင့် လယ်လုပ်စရာ မရှိတော့တဲ့ လယ် သမားတွေကို မမေ့ကြဖို့။ နှစ်ပေါင်းများစွာ ဒုက္ခသည် စခန်းတွေမှာ နေရာ ရပြီးနောက်၊ နေရာမရ တဲ့လူတွေ အများကြီးရှိနေသေးတယ်ဆို တာ ကျွန်တော်တို့ မေ့လို့မရပါဘူး။ လူအချင်းချင်း ကျွန်ပြုဖို့ရာအတွက် လူကုန် ကူးခံနေရတဲ့လူတွေ အများကြီးရှိတယ်။ အတတ်နိုင်ဆုံး ကူညီကယ်တင်ကြရမယ်။ စာသင်ကျောင်းမသွားနိုင် တဲ့ ထောင်သောင်း မကသောကလေးတွေရဲ့ ပညာရေးအတွက် လည်းပဲ စဉ်းစားပေးကြရမယ်။ သားသမီး တစ် ယောက်ရဲ့ နာကျင်မှုဟာ အမိအသင်း တော်ရဲ့ နာကျင်မှုလည်းပဲ ဖြစ်နေတဲ့အတွက် သားသမီးတွေ ခံစားရတဲ့ နာကျင်ခြင်းဝေဒနာ ကို အမိအသင်းတော်က မျက်ကွယ်ပြုလို့ မရပါဘူး။ အသင်းတော် တစ်ခုလုံး အနေနဲ့ မြန်မာ ပြည်တွင်းမှာ လူအများခံစားနေရတဲ့ ဒုက္ခဝေဒနာကို သက်သာရစေဖို့ရန်အတွက် ကျွန်တော်တို့ ဘာလုပ် ပေးရ မလဲဆိုတာ အဖြေရှာဖို့ရန်အတွက် အရေးကြီးပါတယ်။
အသင်းတော်တစ်ခုလုံးအနေနဲ့ သား သမီးတွေရဲ့နာကြင်မှုကို ကုသပေးမယ်ဆို တဲ့အခါမှာကျယ်ပြန့် လွန်းပါ တယ်။ ဘာသာ အုပ်စုအလိုက်၊တိုက်နယ်အလိုက် ကိုယ့်ထဲ မှာရှိတဲ့ ဆင်းရဲနေတဲ့သူကို ကူညီဖေးမပေး ဖို့ရန် အတွက်ကျုပ်တို့ဖိတ်ခေါ်ပါရစေ။ အားလုံးကို ချစ်တယ်ဆိုတာ လွယ်တယ်။ လောက ကြီးမှာ ရှိတဲ့လူအားလုံးကို ငါချစ်တယ်ပြော တာအလွယ်ဆုံးပဲ။ ဒါပေမဲ့ ဆင်းရဲသားတွေ ကိုသနားစိတ်ရှိနေတာ ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ့်အိမ်ရှေ့မှာ ဆင်းရဲသားတွေကို ကျွေးဖို့လည်းပဲ မမေ့ကြပါနဲ့။ မေတ္တာတရားဟာ လက်တွေ့ကျဖို့လို ပါတယ်။
တချို့ဘာသာတူ (ကက်သလစ်ခရစ်ယာန်)တွေ တော်တော်များများဆိုရင် အလှူအတန်းမှာ အင်မတန်မှ ရက် ရောတယ်။ ဆင်းတုတွေ လှူတယ်။ တချို့ဘုရားကျောင်းတွေမှာ ဆင်းတုတွေများလွန်းလို့ ထားစ ရာနေရာ တောင် မရှိဘူး။ ပစ္စည်းတွေလှူ ကြတယ်။ အဆောင်တွေ လှူကြတယ်။ ကောင်း ပါတယ်။ သာဓုခေါ် ပါတယ်။ ဒါပေ မဲ့ ကျွန်တော်တို့အိမ်ရှေ့မှာ အစာငတ်နေတဲ့ သူကို ကျွေးမွေးဖို့ရာကိုတော့ လျစ်လျူရှု မနေကြပါနဲ့။ ကျမ်းစာထဲမှာ ယေရှုပြောပြတဲ့ သူတောင်းစားလာဇရူးနဲ့ သူဌေးအကြောင်း ကျွန်ုပ်တို့သိတာပဲ။ အဲဒီသူဌေးကြီး က ဘာ အမှားမှမလုပ်ဘူး။ သူ့အမှားက ဘာလဲ ဆိုရင် သူတောင်းစားလာဇရူးကို လျစ်လျူရှုထားတဲ့ အမှား၊ မမြင်ချင်ဟန်ဆောင်တဲ့ အမှား။ လူတစ်ယောက် ကိုယ့်ရှေ့မှာဝတ် စရာ၊ စားစရာမရှိတာကို ကိုယ်နဲ့မဆိုင်သလို နေတဲ့အပြစ်ဖြစ်တယ်။
ပုပ်ရဟန်းမင်းကြီးက အဲဒီလိုမျိုးစိတ် ထားတွေကို ရှောင်ရှားဖို့ရန်အတွက် ဖိတ် ခေါ်ပါတယ်။ —”” ဟု ယခုနှစ် ၀ါတွင်း ကာလတွင် ပုပ်ရဟန်းမင်းကြီးဖရန့်စစ်မှာ ကြားထားသောအချက်များကို ထောက်ရှု စဉ်းစားနိုင်ရန် မိန့်ကြားခဲ့သည်။
ကက်သလစ်သာသနာ၏ အထွတ်အထိပ်ဖြစ်သော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီ ၄ ရက်နေ့တွင် ကာဒီနယ်အသစ်အပါး ၂၀ ရွေးချယ်ရာ တွင် မြန်မာနိုင်ငံမှ ရန်ကုန်ဂိုဏ်းချုပ်ဆရာ တော်ချားလ်စ် ဘို ပါဝင်ရွေးချယ်ခံခဲ့ရပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ပုပ်ရဟန်းမင်း ကြီးဖရန့်စစ်ထံမှ ကာဒီနယ်သိက္ခာ ခံယူ ကာ ကာဒီနယ်ချားလ်စ်ဘို သည် မြန်မာနိုင်ငံသို့ ကက်သလစ်သာသနာရောက်ရှိပြီး နှစ် ၅၀၀ အလွန်တွင် ပထမဆုံး ကာဒီနယ်ဖြစ်လာသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံကက်သ လစ်သာသနာမှ ကာဒီနယ်ချားလ်စ်ဘိုသည် ပုပ်ရဟန်းမင်းကြီး ရွေးချယ်ရန် လို အပ်လာပါက ပါဝင်အရွေးချယ်ခံရမည်ဖြစ်သည်။
ဆန်းဝင်းထွန်း
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald




No comments:
Post a Comment