Friday, March 6, 2015

အဓိကနှင့် သာမည (အယ်ဒီတာ့အာဘော်)

အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ကြားနားပွဲများကို မတ်လ ၅ ရက်ကစပြီး လွှတ်တော်တွင် ကျင်းပတော့မည် ဖြစ်သည်။ နောက်ခံကားချပ်တွင်ကား ကျောင်းသားသပိတ်ပင်မစစ်ကြောင်းနှင့် အုပ်ချုပ်ပိုင်း တေ့ဆိုင်မှုများက လည်း တင်းတင်းမာမာရှိနေဆဲ ဖြစ်သည်။ အစိုးရသည် သည်တစ်ချီတွင် ကျောင်းသားသပိတ်ကို အားစမ်းပုံရသည်။

ထင်မြင်ယူဆချက်များနှင့် မြေပြင်သတင်းများအရ ဤနည်းသည် အကောင်းဆုံးနည်းဟု တွေးထင်သလားတော့ မပြောတတ်ပါ။ ပင်မသပိတ်စစ်ကြောင်းကို အလုံးအရင်းနှင့် ပိတ်ဆို့ထားဆဲဖြစ်သည်။

တွေ့ဆုံညှိနှိုင်းမှုများကို တွေ့ရသော်လည်း တစ်ဖက်တွင်လည်း ဥပဒေအရ အရေးယူမည့်ပုံစံကို ပြထားပြန်သည်။ ပင်မသပိတ်စစ်ကြောင်း၏ လက်တွေ့အခြေအနေအရ လွှတ်တော်ကြားနာပွဲသို့ ကျောင်းသားများ မတက်တော့ပေ။

မျက်မှောက်မြန်မာ့နိုင်ငံရေး အကျပ်အတည်းများတွေ့ရသလို ကမ္ဘာနှင့်အ၀ှမ်းတွင်လည်း နိုင်ငံရေးအကျပ်အတည်း များက ဆက်တိုက်ရှိနေသည်။ ရုရှတွင် အတိုက်အခံခေါင်းဆောင်ကို သေနတ်သမားတစ်ဦးက ကိုက် ၁၀၀ လောက်မှ ပစ်သတ်ခဲ့ သည်ဟုဆိုသည်။ အတိုက်အခံတို့က အစိုးရကို စွပ်စွဲသော်လည်း အစိုးရကမူ သူတို့မလုပ်သည့်ပုံ ပြောကြားသည်။ အလားတူ တကမ္ဘာလုံးတွင် အကျပ်အတည်းနှင့်အခက်များ ရှိနေကြသည်။

မတ်လ ၂ ရက် ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးကြ သည်။ ပြည်သူများ မလိုလားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပြည်သူ့အစိုးရ တစ်ရပ် ပေါ်ပေါက်လာရန် အခွင့်အလမ်း ရှိနေသည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးတို့ကို ဦးတည်ဆွေးနွေးကြသည်ဟု ဆိုသည်။

အစိုးရအဖွဲ့ ခေါင်းဆောင်နှင့် အတိုက်အခံခေါင်းဆောင်တို့ ဆွေးနွေးမှုသည် မျက်မှောက်မြန်မာ့နိုင်ငံရေး အကျပ် အတည်းများအတွက် အဖြေရရှိရန် လမ်းစဖြစ်နိုင်သည်။

၂၀၁၅ သည် မြန်မာ့အပြောင်းအလဲအတွက် စိန်ခေါ်မှုများ ပြည့်လျှမ်းနေသလို အခွင့်အရေးများလည်း ယူဆောင်လာနိုင် သည်ကို နိုင်ငံရေးအကဲခတ်များက ပိုင်းခြားပြခဲ့ပြီးဖြစ်သည်။ ယေဘုယျအားဖြင့် အာဏာရပါတီနှင့် လက်ရှိအစိုးရသည် ရွေးကောက်ပွဲအလွန်တွင်လည်း အာဏာကို ဆက်လက်ကိုင်ထားလိုကြသည်။ အာဏာရရေးအတွက် လက်ကျန်သက်တမ်း အတွင်းတွင် နည်းမျိုးစုံဖြင့် နာမည်ကောင်းနှင့် အမှတ်ကောင်းများကို ယူတတ်ကြသည်။

အစိုးရနောက်ဆုံးသက်တမ်းအတွက် လွှတ်တော်တွင် နောက်ဆုံးဘတ်ဂျက်တောင်းခံရာ၌ ဘတ်ဂျက်ပိုပိုသာသာ တောင်းခံပြီး မဲဆွယ်စည်းရုံးရာတွင် အသုံးပြုခြင်း၊ နိုင်ငံခြားချေးငွေများ လွှတ်တော်တွင်တောင်းခံပြီး မဲဆန္ဒရှင်များကို ချေးငွေများ ချပေးခြင်း၊ အစိုးရအာဏာကို မဲဆွယ်စည်းရုံးရေး ယာဉ်အဖြစ်သုံးစွဲခြင်း စသည်ဖြင့် ဘောင်အတွင်းကရော ဘောင်ကျော်ပြီးပါ ဆောင်ရွက် ကြလေသည်။ မြန်မာပြည်မှမဟုတ်၊ ဒီမိုကရေစီအမည်ခံ ရွေးကောက်ပွဲဗန်းပြ အာဏာရှင်နိုင်ငံတိုင်းတွင် ယင်း ဖော်နည်း ကားဖြင့် ဆောင်ရွက်တတ်ကြသည်။

သမ္မတဦးသိန်းစိန်အစိုးရသည် သက်တမ်းကုန်ဆုံးချိန်ကာလအတွက် နာမည်နှင့် ဂုဏ်သတင်းတည်ဆောက်ရမည့် အချိန်တွင် အမျိုးသားပညာရေးဥပဒေကို အကြောင်းပြုသော ကျောင်းသားသပိတ်ကို ကိုင်တွယ်ပုံမှာ အထက်ပါ ဖော်နည်းကား အပြင်ထွက်နေကို တွေ့ရသည်။ ၂၀၁၅ တွင် လက်ရှိအစိုးရသည် အတိုက်အခံကို ကိုင်ထားနိုင်ပြီး အထွေထွေရွေးကောက်ပွဲ လွန်ကာလ အဆင်ချောရေးကို ကြည့်သင့်သည်တွင် အဓိကနှင့် သာမညချော်နေသည်ဟု မဇ္ဈိမက သုံးသပ်သည်။


Credit - Mizzima News

No comments:

Post a Comment