ရန်ကုန် (မဇ္ဈိမ)။ ။ လုပ်ခလစာ တိုးမြှင့်ပေးရေးအတွက် ဆန္ဒပြသည့်
အလုပ်သမားများအနက်မှ အီလန်မြန်မာ အထည်ချုပ် စက်ရုံမှ ဆန္ဒပြ အလုပ်သမား ၇၀၀
ကျော်သည် အလုပ်ရှင်နှင့် ညှိနှိုင်းပြေလည်မှု ရရှိသည့်အတွက် မတ် ၆ ရက်တွင်
လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ပြီ ဖြစ်သည်ဟု ယင်းစက်ရုံ၏
အလုပ်သမားခေါင်းဆောင် မခင်မျိုးချစ်က မဇ္ဈိမကို ပြောသည်။

"မနေ့ကညှိတယ် ။သပိတ်တွေက ဖြိုခွင်းခံရတာ အလုပ်သမားတွေက လည်းကြောက်နေကြပြီ။ ကျွန်မတို့နောက်မှာ မိသားစုက လည်းရှိတယ် မဖြစ်မနေ လုပ်ငန်းဝင်မှာရတော့မယ်လေ ခုသူတို့ ပေးတဲ့ တစ်နေ့ ၅၅၀ (ထပ်တိုးငွေ) ကို သဘောတူခဲ့တယ်"ဟု ၄င်းက ဆိုသည်။
အလုပ်သမားများက နေ့စဉ်ကြေး ထပ်တိုးငွေကို ၁၀၀၀ တိုးတောင်းသော် အလုပ်ရှင် မှ ၅၅၀ တိုးပေးသော်လည်း ယခင် ရက်မှန်ကြေး ကျပ် ၈၀၀၀ ကို ၃၀၀၀ လျော့ချပြီး ၅၀၀၀ သာပေးတော့ မည်ဖြစ်သည်။ သို့ဖြစ်၍ တိုးမြှင့်သည့်နှုန်းမှာ ၅၅၀ ဆိုသော်လည်း ၄၅၀ သာ တိုးသည့် သဘောဖြစ်နေသည်။
ယခင်က အဆိုပါ အလုပ်သမားများ ရရှိသည့် နေ့စဉ်ကြေးငွေမှာ ကျပ် ၈၀၀ မှ ၁၂၀၀ ပတ်ဝန်းကျင် ဖြစ်သည်။
အလုပ်ရှင် အလုပ်သမား များလုပ်ခလစာ ညှိနှိုင်းမှုကို မတ် ၅ရက်နေ့ တွင် အလုပ်သမား ၀န်ကြီးဌာနနှင့် မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးရုံးတွင် အလုပ်သမားတစ်ဦးကို နေ့စဉ်ကြေးတွင် ၅၅၀ ထပ်တိုးပေးမည် ဟု နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ယခုလက်ရှိတွင် ရွှေပြည်သာ မြို့နယ်အတွင်းရှိ လုပ်ခလစာတိုးမြှင့်ပေးရေးအတွက် ဆန္ဒပြနေသည့် စက်ရုံသုံးရုံးတွင် အီလန်မြန်မာ အထည်ချုပ်စက်ရုံတစ်ခုသာ ညှိနှိုင်းမှု ရရှိထားပြီး Ford glory အထည်ချုပ်နှင့် coste အထည်ချုပ်စက်ရုံများသည့်  ပြေလည်မှုမရရှိသေပေ။
ရွှေပြည်သာ စက်ရုံသုံးခုမှ လုပ်ခလစာတိုးမြှင့်ရေးဆန္ဒပြ အလုပ်သမား ၁၄ ဦးကို ရုန်းရင်းဆန်ခတ်မှု ပုဒ်မ ၁၄၇ ဖြင့် မတ်လ ၅ရက်က အမှုဖွင့် ထားကြောင်း အရှေ့ပိုင်းခရိုင် ဒု-ရဲမှူးကြီး မြင့်ထွေးက ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
Credit - Mizzima News
No comments:
Post a Comment