Saturday, March 7, 2015

နိုင်ငံအသုံးစရိတ်၌ အဓိကကျသော အခွန်ငွေပိုရရေးအတွက် အစိုးရက စီးပွားရေးမူဝါဒကောင်းများ ချမှတ်နိုင်ရန် လိုအပ်နေဆဲဟုဆို

ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၏ ရသုံးမှန်းခြေငွေစာရင်း (Budget)အတွက် အခွန်ရငွေပိုင်း ပိုမိုအားကောင်းလာစေရန် စီးပွားရေး မူဝါဒကောင်းများ ချမှတ်ရန် လိုအပ်နေလျက်ရှိသည်ဟု မတ်လ ၆ ရက်က မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံး UMFCCI တွင် ကျင်းပသော ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ ဆွေးနွေးပွဲတွင် ပညာရှင်အသီးသီးက သုံးသပ်ပြောဆိုလိုက်သည်။

 ဗွီဒီယိုဖိုင် ကြည့်ရန် - Video File



နိုင်ငံဖွံ့ဖြိုးရေးအတွက် အစိုးရတစ်ရပ်က အသုံးပြုရသော စရိတ်များကို အစိုးရလုပ်ငန်းများမှရငွေ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများမှ အခွန်အကောက်ရငွေ၊ ပြည်သူတစ်ဦးထံမှ ၀င်ငွေအပေါ်အခွန်ကောက်ခံမှု ရငွေများအပေါ်နှင့် ကုန်သွယ်မှုအပေါ်မှ အခွန်ကောက်ခံမှုရငွေများ အပေါ်တွင် အခြေခံ ဆောင်ရွက်ရခြင်းဖြစ်သည်။

အခွန်ရငွေများတွင် စီးပွားရေးလုပ်ငန်းများထံမှ အခွန်အကောက်များ တိုးမြင့်ရရှိရေးအတွက် စီးပွားရေး လုပ်ငန်းများကောင်းမွန်ရန် လိုအပ်သော်လည်း ယင်းအတွက် စီးပွားရေးမူဝါဒကောင်းများ အားနည်းနေဆဲဖြစ်သည်။ သို့ဖြစ်ရာ အခွန်ကောက်ခံရမှ ရရှိနိုင်မည့် ရငွေအပိုင်းအတွက် ပြည်တွင်းစီးပွားရေး အားကောင်းလာစေရန် ဆောင်ရွက်ထားမှုမရှိသေးခြင်းက အားနည်းနေဆဲ အချက်ဖြစ်သည်ဟု ပညာရှင်အသီးသီးက ၎င်းဆွေးနွေးပွဲတွင် ထည့်သွင်းပြောဆိုခဲ့ကြခြင်းဖြစ်သည်။

စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ ဦးစောနိုင်(အသုံးချဘောဂဗေဒ) က 'နိုင်ငံရဲ့ အသုံးစရိတ်ဘတ်ဂျက် (ရသုံးမှန်းခြေငွေစာရင်း) ကိုရေးဆွဲတဲ့အခါမှာ အခွန်ရငွေက အဓိကပါဝင်တယ်။ အခွန်ကောက်ခံတဲ့အခါမှာလည်း တိုင်းရင်းသားလုပ်ငန်းရှင်တွေ အဆင်ပြေမှ အခွန်ရမှာဖြစ်ပါတယ်။ အဲဒီတော့ အခွန်ကိုကောင်းစွာ ရနိုင်စွမ်းရှိအောင်လုပ်ဖို့က အရေးကြီးပါတယ်'ဟု ၎င်း၏အမြင်ကို ပြောသည်။

လက်ရှိအစိုးရ စတင်တာဝန်ယူပြီးနောက်ပိုင်း စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိသော်လည်း ကုန်ထုတ်လုပ်မှု စွမ်းအားတွင် ကျဆင်းလာလျက်ရှိကာ စီးပွားရေးအားကောင်းလာမှုမရှိဘဲ ဖြစ်နေသည်ဟု မြန်မာ့ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက ပြောသည်။

ထို့အတူ ရသုံးမှန်းခြေငွေစာရင်းအတွက် ရငွေကဏ္ဍတစ်ခုဖြစ်သည့် အခွန်ရရှိမှုအတွက် ပြည်တွင်းထုတ် ကုန်တိုးတက်လာရေး အပိုင်းကိုလည်း စီမံခန့်ခွဲထားနိုင်မှု မရှိသေးဘဲဖြစ်နေသည်ဟု ဦးနှင်းဦးက ဆက်လက် ထုတ်ဖော်ပြောသည်။

ဦးနှင်းဦးက 'အစိုးရဘတ်ဂျက်ကို ရေးဆွဲတဲ့အခါမှာ ပြည်သူတွေဆီက အခွန်ရရှိမှုကလည်းအရေးကြီးတယ်။ အခွန်ဆိုတာကလည်း ပြည်တွင်းစီးပွားရေးကောင်းမှ ဖြစ်နိုင်တာ။ ဒါပေမယ့် အရင်ကတည်းက စီးပွားရေး စီမံခန့်ခွဲမှု (Ecnomic Management)က အားနည်းခဲ့တယ်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုထုတ်လုပ် အပေါ်အခြေခံတဲ့ ပြည်တွင်းထုတ်ကုန်တိုးဖို့အတွက် စီမံခန့်ခွဲမှုပိုင်းလိုနေတယ်။ ဒီအပိုင်းတွေသာ အားကောင်းလာရင် အခွန်ပိုင်းကလည်း တိုးလာမှာပဲ'ဟု ပြောသည်။

လက်ရှိအစိုးရ တာဝန်ယူထမ်းဆောင်ခဲ့သည့် နှစ်မှစတင်ကာ မြန်မာနိုင်ငံ၏ ရသုံးမှန်း ခြေငွေစာရင်းရေး ဆွဲမှုတွင် လိုငွေပြဘတ်ဂျက်အဖြစ်သာ ရှိခဲ့ပြီး ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှ လက်ရှိ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အထိ သုံး နှစ်အတွင်း လိုငွေ ကျပ်ဘီလီယံ ၇,၀၀၀ ကျော်ရှိခဲ့ခြင်းဖြစ်သည်။

အစိုးရလုပ်ငန်းအများစုမှာလည်း အရှုံးပြမှုများဖြစ်ပေါ်နေသည့်အပြင် ထပ်မံတိုးချဲ့မည့် အစိုးရလုပ်ငန်းများအတွက် အသုံးစရိတ်များကိုလည်း ဘတ်ဂျက်ရေးဆွဲရာတွင် ဆက်လက်ထည့်သွင်းရေးဆွဲနေဆဲဖြစ်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါက်တာညိုညိုသင်းက ဆွေးနွေးပွဲတွင် ပြောသည်။

Credit - Mizzima News

No comments:

Post a Comment