Friday, March 6, 2015

ကျောင်းသားနဲ့ တောတွင်းလက်နက်ကိုင် ဘာဆိုင်သလဲ စောဆန်းအောင်ရယ် . . . . . (အယ်ဒီတာ့ထံပေးစာ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ နေထိုင်တဲ့ ဦးစောခင်မောင် ရေးလိုက်တဲ့ စာတစ်စောင်ကို မဇ္ဈိမစာဖတ်သူကဏ္ဍက လက်ခံရရှိခဲ့ပါတယ်။ သူဟာ နိုင်ငံ့ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး နေ့စဉ်ဖတ်ရတဲ့ သတင်းစာမှာ ဒီကေဘီအေက ထုတ်ပယ်ထားတဲ့ စောဆန်းအောင်ရဲ့ သတင်းထုတ်ပြန်ချက်ကို ဖတ်လိုက်ရတဲ့အခါမှာ စောဆန်းအောင်နဲ့ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ပြည်သူတွေကို ကရင်ပြည်သူလူထုကိုယ်စား ကရင်လူမျိုးတွေရဲ့သဘောထားကို တင်ပြချင်လို့ ရေးလိုက်တဲ့စာပါလို့ ဆိုပါတယ်။

ကရင်ပြည်နယ်ဟာ တောရိပ်တောင်ရိပ်တွေနဲ့ အေးချမ်းသာယာမှုရှိနေတာကို ကရင်လူမျိုးတွေမှာ မခံစားရဘဲ စိုးရိမ်သောကနဲ့ ကြောက်စိတ်တွေကို အမြဲရင်မှာပိုက်ပြီး နေခဲ့ကြရပါတယ်လို့ ပြောပါတယ်။

ခေတ်တွေပြောင်းလာလို့ ငြိမ်းချမ်းရေးယူတယ်ဆိုတဲ့ ခဏလေးမှာတင် အေးချမ်းပြီး စိတ်မအေးစရာတွေက တစ်မျိုးပြီး တစ်မျိုးဖြစ်လာတာကို ကရင်လူမျိုးပြည်သူတွေအနေနဲ့ နားမလည်နိုင်တော့ပါဘူး။ စောဆန်းအောင်ရဲ့ ဒီကေဘီအေကလို့ ထူးဘောစစ်ဌာနချုပ်က ပုံစံဖြင့် ကြေညာချက် သုံးစောင်ထုတ်ပြန်ခြင်းကို ဒီကေဘီအေ ဆက်ဆံရေးအရာရှိ ဗိုလ်မှူးကြီး အောင်လေးက ထိုထုတ်ပြန်ချက်ဟာ ဒီကေဘီအေ၊ ကလို့ထူးဘောစစ်ဌာနချုပ်နဲ့ လုံးဝမသက်ဆိုင်ဘူးလို့ ပြောတာကို ဖတ်လိုက် ရပါတယ်။

ဒါကတော့ သူတို့ချင်း ရှင်းရမယ့်ပြဿနာပါ။ အခုတော့ ထုတ်ပြန်ချက်မှာ ရဲတပ်ဖွဲ့က ကျောင်းသားသပိတ်ကို အကြမ်း ဖက်ဖြေရှင်းပါက ကရင်နဲ့ မွန်ပြည်နယ်ရှိ ရဲစခန်းများသို့ ဝင်ရောက်တိုက်ခိုက်မယ်လို့ ထုတ်ပြန်ခဲ့တာဟာ အေးချမ်းစွာနေလိုကြတဲ့ ပြည်သူတွေရဲ့ဘဝတွေကို မတည်ငြိမ်အောင်လုပ်ဖို့ တာစူနေပြီလို့လည်း နားလည်လိုက်ပါတယ်။

ကျောင်းသားတွေကိစ္စနဲ့ တောတွင်းလက်နက်ကိုင်အဖွဲ့နဲ့ ဘာမှမဆိုင်တာကို စောဆန်းအောင်က ပွဲဆူတဲ့အထဲမှာ ဝင်ပါချင်ပုံရပါတယ်။ ဒါဟာ ကရင်ပြည်သူတွေအတွက် သူစဉ်းစားပြီးပြောတာ မဟုတ်ပါဘူး။ သူ့ကို လူအထင်ကြီးအောင်လို့ ပွဲလန့်တုန်း ဖျာခင်းချင်တဲ့သူလို ထုတ်ပြန်ချက်ထုတ်တာလို့ ကရင်လူမျိုးတစ်ယောက်အနေနဲ့ ထင်မြင်မိပါတယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး စောဆန်းအောင်ရဲ့ လုပ်ဆောင်ချက်ဟာ ကရင်တိုင်းရင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ဒီကေဘီအေ ကလိုထူး ဘောစစ်ဌာနချုပ်က ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက် ထုတ်ပြန်ချက် မဟုတ်ဘူးဆိုတာကို ကရင်ပြည်နယ်လူထုနဲ့ မြန်မာနိုင်ငံ က ပြည်သူတွေသိအောင် ပြတ်ပြတ်သားသား အမြန်ဆုံးရှင်းလင်း တင်ပြပေးသင့်ပါတယ်။ အေးဆေးမနေသင့်ပါဘူးလို့ ပြော ပါတယ်။

ဒီလိုရေးရတာကလည်း စောဆန်းအောင်ရဲ့ ထုတ်ပြန်ချက်မှာ အမျိုးသားပညာရေး ဥပဒေကိစ္စနှင့်ပတ်သက်လို့ ဆန္ဒထုတ်ဖော်နေသော ကျောင်းသား သပိတ်စစ်ကြောင်းများကို တားဆီးပိတ်ပင်နေတဲ့ ရဲတပ်ဖွဲ့များက ကျောင်းသား လူငယ်များကို သွေးထွက်သံယိုမှု တစ်စုံတစ်ရာဖြစ်ပေါ်စေပါက မိမိတို့တပ်ဖွဲ့ကလည်း နီးစပ်ရာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ အထောက်အကူပြု ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ရဲစခန်းများသို့ ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ပြီး ကျောင်းသား လူငယ်များကိုယ်စား တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့တာဟာ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ အရေးအသားဖြစ်တယ်လို့ လည်း ဆိုပါတယ်။

ကိုယ့်လူမျိုးနဲ့ ကိုယ့်ပြည်နယ်ကို တကယ်ချစ်တဲ့သူမှန်ရင် ကိုယ့်လူမျိုး ပျက်စီးအောင်၊ ကိုယ့်ပြည်နယ် ဆူပူအောင် မလုပ်ကြပါဘူး။ အထူးသဖြင့် ကျွန်တော်တို့ ကရင်လူမျိုးတွေဟာ ရိုးသားပြီး အေးချမ်းစွာနေလိုကြတဲ့ လူမျိုးဖြစ်တဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ အေးချမ်းသာယာရေးအတွက် အဘက်ဘက်က ဝိုင်းဝန်းကူညီပေးဖို့ ကရင်ပြည်နယ်သူ ပြည်နယ်သားတွေရဲ့ သဘောထားကို တင်ပြရေးသားပေးပို့ လိုက်ပါတယ်ဆိုတဲ့စာကို ဖော်ပြလိုက်ပါတယ်။


Credit - Mizzima News

No comments:

Post a Comment