Saturday, March 7, 2015

“ပညာရေးဘတ်ဂျက် ရာခိုင်နှုန်းကိုတင်ပြရန် လွှတ်တော်နာယက ပြော”

နေပြည်တော် (မဇ္ဈိမ) ။ ။ ပညာရေးဝန်ကြီးဌာန၏ ပညာရေးအသုံးစရိတ် ဘတ်ဂျက်သာမက အခြားဝန်ကြီးဌာနလက်အောက်ရှိ သက်မွေးပညာကျောင်းများ၊ နည်းပညာတက္ကသိုလ်များနှင့် DSTA ပညာရေးတက္ကသိုလ်များတွင် ပညာရေးအတွက် သုံးစွဲငွေသည် ဘတ်ဂျက်၏ ရာခိုင်းနှုန်းမည်မျှရှိသည်ကို ထပ်မံတင်ပြရန် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောသည်။

၎င်းက “ပညာရေးအတွက် ဘတ်ဂျက်ရဲ့ ရာခိုင်နှုန်းမည်မျှ အသုံးပြုနေသည်ကို သိစေခြင်းအားဖြင့် များစွာသော အကျိုးရှိနိုင်မှာ ဖြစ်၍ ဖြစ်နိုင်မယ်ဆိုရင် ၁၂ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အတွင်းမှာ
သက်ဆိုင်ရာတာဝန်ရှိသည့် ဝန်ကြီးဌာနများ ညှိနှိုင်းပြီးတော့ မြန်မာနိုင်ငံရဲ့ ပညာရေးကို ဘတ်ဂျက်ရဲ့ ရာခိုင်နှုန်းမည်မျှထိ ဆောင်ရွက်နိုင်ကြောင်း ဖော်ပြပေးစေလိုပါတယ်” ဟု ဆိုသည်။

ပညာရေးဝန်ကြီးဌာနလက်အောက်တွင် ကျောင်းများနှင့် တက္ကသိုလ်များ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနလက် အောက်ရှိ GTI နှင့် THS ကျောင်းများ၊ စိုက်ပျိုးရေးဝန်ကြီးဌာနတွင် ရေဆင်းတက္ကသိုလ်၊ မွေး/ရေ ဝန်ကြီးဌာန လက်အောက်တွင် တိမွေးကု တက္ကသိုလ် စသည့်ကျောင်းများတွင် သုံးစွဲနေသော ပညာရေးအသုံးစရိတ်များကို ဘတ်ဂျက်၏ ရာခိုင်နှုန်းမည်မျှရှိကြောင်း သီးသန့်တွက်ချက်ဖော်ပြရန် ညွှန်ကြားခြင်းဖြစ်သည်။

“ဒါတွေကို စုပေါင်းတွက်ချက်မယ်ဆိုရင် ဦးမောင်တိုး(ပြည်သူ့ငွေစာရင်းကော်မတီ၊ အတွင်းရေးမှူး)တင်ပြတဲ့ ရှစ်ရာခိုင်နှုန်းထက် ကျော်လွန်မှာ ဖြစ်ကြောင်းလည်း ရှင်းလင်းဆွေးနွေးသွားတာ ကြားသိရပါတယ်” ဟု လွှတ်တော်နာယက ကပြောသည်။

ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ DSTA ပညာရေးတက္ကသိုလ်များတွင်လည်း ပညာရေးအတွက် ဘတ်ဂျက်ငွေများ သုံးစွဲလျက်ရှိကြောင်း နာယက က ရှင်းပြသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးကမူ “တခြားတက္ကသိုလ်နဲ့ ကျောင်းတွေက ပညာရေးအသုံးစရိတ်တွေပါ ထည့်တွက်မယ်ဆိုရင်တော့ ပညာရေးအတွက် အသုံးစရိတ် ဘတ်ဂျက်ရဲ့  ကိုးရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်းကြားမှာရှိတယ်” ဟု မှတ်ချက်ပြုသည်။

၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင်ပညာရေးအတွက် အသုံးစရိတ်သည် နိုင်ငံတော်ဘတ်ဂျက်၏ ၃ ဒသမ ၈၄ ရာခိုင်နှုန်းဖြစ်သော ကျပ် ၃၁၀,၀၂၀ ဒသမ ၁၃၈ သန်း ရှိခဲ့ပြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ဘတ်ဂျက်၏ ၅ ဒသမ ၉၆ ရာခိုင်နှုန်းဖြစ်သော ကျပ် ၁,၁၅၈,၄၃၆ ဒသမ ၇၄၀ သန်းထိ သုံးစွဲထားသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ပညာရေးအတွက် သုံးစွဲရန် ကျပ် ၁,၄၀၉ ဒသမ ၉၂၀ ဘီလီယံ တင်ပြတောင်းခံထားပြီး ယမန်နှစ်ထက် ကျပ် ၂၅၁ ဒသမ ၄၈၃ ဘီလီယံ ပိုမိုသုံးစွဲမည်ဖြစ်ကြောင်း ဆိုသည်။


Credit - Mizzima News

 
 

No comments:

Post a Comment