Monday, March 2, 2015

ခေတ်ပြိုင်နိုင်ငံရေး ခေါင်းဆောင်မှုနဲ့ အနာဂတ်နိုင်ငံရေး အနီးအဝေး (ဆောင်းပါး)

– အောင်သာ(ပီသုံးလုံး)

၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး အသံလည်း ပျောက်သွားပါပြီ တိုင်းရင်းသားများနဲ့ အပစ်ရပ် လက်မှတ်ထိုးရေး အသံလည်း တိတ်သွားပါတယ် . . . White Card ပြဿနာ၊ ကျောင်း သားများရဲ့ ပညာရေးဥပဒေ ပြုပြင်ပေးရေး ဆန္ဒပြ ချီတက်ပွဲများပြဿနာက ကျန်ပြဿနာများ အားလုံးကို နောက်ချန်ထားရစ်ပြီ …

““မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်း””အစ ၁၉၂၀ ရန်ကုန်တက္ကသိုလ် အက်ဥပဒေ ဆန့်ကျင်ရေးကလို့ သမိုင်းတင်ရပါမယ်။ သက္ကရာဇ် ၂၀၂၀ ခုနှစ်၊(နောက် ၅ နှစ် သက္ကရာဇ် ၂၀၂၀ ခုနှစ်) ကျရင် “မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှုသမိုင်း”ဟာ နှစ် ၁၀၀ ပြည့်ပါပြီ။ ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့မှာ ကျောင်းသား များ စုဝေးကြပြီး ““ယူနီဗာစတီ အက်ဥပဒေ””ကို လုံးဝ ကန့်ကွက်ကြောင်း
ဆန္ဒပြတဲ့အနေနဲ့ သပိတ် မှောက်ကြောင်း ဆုံးဖြတ်ကြေညာ လိုက်ကြပါတယ်။ မူလသပိတ်မှောက် တဲ့ ကျောင်း သားခေါင်းဆောင် ၁၁ ဦးနဲ့ ရန်ကုန်၊ ယုဒသန် ကောလိပ်တို့မှ သပိတ်မှောက် ကျောင်းသားခေါင်းဆောင် ၁၅ ဦး ထပ်မံအားဖြည့်ပြီး ၂၆ ဦးပါ ““ယူနီဗာစတီ သပိတ်မှောက်ကောင်စီ””ကို ဖွဲ့စည်းခဲ့ကြပါတယ်။ ဒီ ၂၆ ဦးပါ သပိတ်ကောင်စီဟာ ခေတ်သစ် မြန်မာ့သမိုင်းမှာ ပထမဆုံး ဖွဲ့စည်းတဲ့ “ကျောင်းသားသမဂ္ဂ”အဖြစ် နေရာထား မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။

တကသဥက္ကဋ္ဌ သခင်နုနဲ့ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်းတို့ကို ကျောင်းထုတ်ပစ်လိုက်တဲ့ ကိစ္စ ကြောင့် ၁၉၃၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မှာ ““ဒုတိယ ကျောင်းသားသပိတ်ကြီး”” ထပ်မံဖြစ်ပေါ် ခဲ့တယ်။ ဒီအချိန်မှာ ဆရာစံသူပုန်ကြီး (၂၂-၁၂-၁၉၃၀) ဖြစ်ပေါ်ခဲ့ပြီး ဖြစ်တယ်။ ၃၀-၅-၁၉၃၀ မှာ တို့ဗမာ အစည်းအရုံးကြီး ကိုယ်စားပြုတဲ့ သခင်လှုပ်ရှားမှုကြီး ဖြစ်ပေါ်လာခဲ့တယ်။ ဒုတိယ ကျောင်းသား သပိတ်ကြီးဟာ သခင်လှုပ်ရှားမှုကြီးနဲ့ ပေါင်းစည်းမိခဲ့တယ်။ ၃၀-၁၁-၁၉၃၈ ခုနှစ်မှာ စတင်ခဲ့တဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးနဲ့ ကျောင်းသားများရဲ့ တတိယ ကျောင်းသားသပိတ်ကြီးတို့ ပေါင်းစည်းမိ ခဲ့တယ်။ ကျောင်း သားလှုပ်ရှားမှု၊ လူထု လူတန်းစား လှုပ်ရှားမှုများက မြန်မာ့ပထမ နိုင်ငံရေး မျိုးဆက်တစ်ဆက် ကို မွေးထုတ်ပေးခဲ့တယ်။ ခေါင်းဆောင်မှုမျိုးဆက်ဆိုတာ အကောင်းဆုံးကတော့ လူထုလူတန်းစား တိုက်ပွဲများအတွင်းက ပေါ်ထွက်လာလေ ကောင်း လေပါပဲ။…

မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များအတွင်းက ခေါင်းဆောင် ဆိုသူများဟာ (၁) မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဖြစ်စဉ်များ (၁၉၀၆-၁၉၄၈) အတွင်းက ထွက်ပေါ်လာခဲ့တာပါ။ (၂) ၁၉၄၈မှာစခဲ့တဲ့ ပြည်တွင်းစစ်ပွဲကြီး အတွင်းက ထွက်ပေါ် လာခဲ့တာပါ။ (၃) ၁၉၆၂၊ မတ် ၂ရက်ကနေ ၁၉၈၈၊ သြဂုတ် ၈ ရက်အထိဖြစ်တဲ့ ““၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး””အတွင်းက ထွက်လာကြတာပါ။ (၄) ၁၉၈၈ ကနေ ဒီကနေ့ ၂၀၁၅ ခုနှစ် ဖြစ်စဉ်အထိ လူထူလူတန်းစား လှုပ်ရှားမှုများအတွင်းက ထွက်လာကြရာမှာပါပဲ။ မြောက်ကိုရီးယားမှာ ကင်အီဆွန်း၊ သူ့သား ကင်ဂျုံအီးလ်။ အခု ကင်ဂျုံအန်းသား၊ မြေး အာဏာဆက်ခံမှုကို အကြီးအကျယ် ဝေဖန်ကြပါတယ်။ ဒါပေမဲ့ ဗမာ ပြည် အဖြစ်အပျက်ကျတော့ အားလုံးက ဘရာဗို လုပ်ကြပါတယ်။ အရင်းခံက လူထက် အိုက်ဒီယိုလိုဂျီ ကြောင့်လို့ ထင်ပါတယ်။

မကြာခင်က ၁၉၅၉ နှစ်ဆန်းက စပြီး ဘာတစ္စတာ စစ်အာဏာရှင်သကြားသူဌေးကြီးကို ကပ်စ်ထရိုတို့က A.S နဲ့ ဖြိုချခဲ့ကြတာကြောင့် USA က ဒီနှစ်အထိ ဥဿုံ ပိတ်ဆို့ထားခဲ့တာပါ။ မကြာခင်က USA က ကျူးဘားနဲ့ ဥဿုံ ပြန်ဆက်ဆံဖို့ ၅၆ နှစ်ကြာ ပိတ်ဆို့မှုကို ဖျက်သိမ်းခဲ့ပါတယ်။ ၂၀၁၀ ကြံ့ဖွံ့စစ်အစိုးရက ”SU Move” ကို တစ်ကွက် ရွှေ့လိုက်တော့ USA ကိုယ်စားပြုတဲ့ လစ်ဘရယ်ကမ္ဘာကြီး တစ်ခုလုံး ချက်ချင်းပဲ ကြံ့ဖွံ့ သံဃာစင် အပေါ် စွေ့ခနဲ့ ရောက်လာကြပါတော့တယ်။ ခုထိ လစ်ဘရယ်ကမ္ဘာကြီးက ဘီလီယံဒေါ်လာ ၇၀ ကျော် ရင်းနှီး မြှုပ်နှံပြီးပါပြီတဲ့။ ၈၈ကတည်းက နိုင်ငံတကာ စင်မြင့်မှာ ကြံ့ဖွံ့စစ်အစိုးရဘက်က နေရာတကာမှာ ကာဆီး ကာဆီး လုပ်ပေးခဲ့တဲ့ (PRC) တရုတ်က ဆရာ့ထက်တပည့် လက်စောင်းထက်တာ တွေ့လိုက်ရတော့ စစ်အာဏာရှင်စနစ် အပြုအမူများကို အဖွဲ့ဖွဲ့ပြီး ပြန်လေ့လာနေတယ် ဆိုပါတယ်။

တစ်ခုတော့ သတိပြုရပါမယ်။ PRC ဟာ မြန်မာနဲ့ နယ်ချင်းကပ်ရက်ပါ။ ကြွေးရှင်ပါ။ နယ်ခြား ကုန်သွယ်မှု အမြင့် ဆုံးပါ။ အများဆုံး ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံပါ။ ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားကြီးနိုင်ငံပါ။ ကမ္ဘာ့သြဇာကြီး ဘောဂဗေဒပညာရှင် ၂၀ က နောက်နှစ် ၂၀ ကြာတဲ့အခါ PRC ဟာ ကမ္ဘာ့ပထမ စူပါပါဝါနိုင်ငံ ဖြစ်လာမယ်လို့ ခန့်မှန်းထားတာကြောင့် USA ဟာ (၁) ၂၁ ရာစုအတွင်း သူ့ရဲ့မဟာဗျူဟာ အခြေပြုရာ ဒေသကို တောင်အာရှနဲ့ ပစိဖိတ်ဒေသအဖြစ် သတ်မှတ်ပြီး စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ မဟာဗျူဟာ ပြင်ဆင်မှုများ အကြီးအကျယ် လုပ်နေပါတယ်။ ၁၉၅၁ မှာ စုဖွဲ့ခဲ့တဲ့ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်နဲ့ အမေရိကန်တို့ စုဖွဲ့ခဲ့ကြတဲ့ ANZU စစ်စာချုပ် ၁၉၅၁ နဲ့ ထိုင်းမှာဌာနချုပ် လုပ်ထားတဲ့ SEATO ၁၉၅၆ စစ်စာချုပ်အဖွဲ့ဝင် အခု အာဆီယံ နိုင်ငံများမှာ ဖိလစ်ပိုင်လို မဟာဗျူဟာအရ အရေးပါတဲ့ နိုင်ငံများမှာ ဆူးဘစ် ရေတပ်စခန်း၊ ကလပ်လေတပ် စခန်းများကို ပြန်လည် ပြုပြင်နေပါတယ်။

တောင်တရုတ်ပင်လယ်နဲ့ အရှေ့တရုတ် ပင်လယ်ရေပိုက်နက်များ အကြောင်းပြုပြီး PRC နဲ့ အငြင်းပွားနေကြတဲ့ ဂျပန်နဲ့ အရှေ့တောင်အာရှ နိုင်ငံအချို့ကို US က မြှောက်ထိုးပင့်ကော် လုပ်ပေးနေပါတယ်။ ၁၉၉၀ နိုဝင်ဘာမှာ ပြည်တွင်းပြည်ပ အကြောင်းများကြောင့် CPSU/USSR နဲ့ အရှေ့ဥရောပ ဆိုရှယ်လစ်စနစ်ဂိုဏ်းကြီး ပြိုကွဲ သွားခဲ့ရပါတယ်။ US ကိုယ်စားပြုတဲ့ အရင်းရှင်စနစ် ဂိုဏ်းသားများက ဥပမာ နီယိုကွန်လက်သစ်ဝါဒီ၊ US/Japan ကပြား ““ဖူကူယားမား””က ဆိုရှယ်လစ်စနစ်နဲ့ အရင်းရှင်စနစ်အကြားက ”Ideological Struggle” ပြီးပြီ။ သမိုင်း နိဂုံးချုပ်ပြီ။ ”Socialism” ကို ”Capitalism” က အနိုင်ရပြီလို့ ကျယ်ကျယ် လောင်လောင် ထွက်ပြော လာခဲ့ပါတယ်။ ဗကပကို သူတို့အညံ့ခံအယူဝါဒတွေ သွင်းမရတဲ့ ဓနရှင်ပေါက်စ ပညာတတ်တချို့ အထူးသဖြင့် မုံရွာသား တစ်ယောက်နဲ့ ရန်ကုန်သားတစ်ယောက် ထွက်လာပြီး ဗမာပြည်မှာလည်း ဖူကူယားမားတွေ ပေါ်လာ ပြီ။ နိဂုံးဂိုဏ်းသားတွေ ပေါ်လာပြီ၊ နပိုလီယံအစစ်က ငါပဲကွ ဆိုတာမျိုး လုပ်လာကြပါတယ်။ ၂၀၁၀ မှာ ကြံ့ဖွံ့ အစိုးရက ““ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်သွားမယ်””လို့ ကြွေးကြော် ဖော်ထုတ်လိုက်တဲ့အခါ ပြည်ပြန်ပြေးများနဲ့ ဒေါ်လာဒီမိုကရက်များဟာ ကြံ့ဖွံ့အစိုးရရဲ့ မင်းဆရာများ ဂိုက်ဖမ်းပြီး ကြံ့ဖွံ့အစိုးရဲ့ သဒ္ဓါကြေးကလေးများနဲ့ တစ်ကိုယ်ရေ လွတ်မြောက်ရေး လမ်းကြောင်းပေါ် တက်လာကြပါတော့တယ်။ ဒီကြားထဲမှာ ထူးတာကတော့ ပြည်တော်ပြန် ဖား ၅ ကောင်ပါပဲ။ နိုင်ငံပြင်ပမှာ ရှိကြတုန်းကလည်း ဒီ ဖား ၅ ကောင်ဟာ ဒီမိုကရေစီ မီဒီယာများမှာ မစားရ၀ခမန်း ဟောခဲ့ပြောခဲ့ကြသူတွေပါပဲ။

ကြံ့ဖွံ့ စစ်အစိုးရမင်းများကလည်း သူတို့ပြောနေတဲ့ “Democratic Reform” ဆိုတာကို US ဂိုဏ်းက မယုံမှာ၊ မကြိုက်မှာ၊ ဘာမှမပေးဘဲနေမှာ ကြောက်ပါတယ်။ ဒါကြောင့် အနောက်ကမ္ဘာကြီးက ယုံကြည် ကူညီလာအောင် ဒီချုပ်ဥက္ကဋ္ဌ ဖက်တာကို ပထမဦးစားပေး ဖက်တာအဖြစ် အသုံးချခဲ့တာပါ။ ဒီချုပ်ဥက္ကဋ္ဌကို လွှတ်တော်တွင်း အထိရောက်အောင် ဆွဲဆောင်နေရာချနိုင်တဲ့ ကြံ့ဖွံ့စစ်အုပ်စုရဲ့ မဟာဗျူဟာခင်းကျင်းနိုင်မှု စွမ်းရည်ကို လျှော့တွက်လို့ မဖြစ်ပါဘူး။ ဒါ့အပြင် ကမ္ဘာ့လစ်ဘရယ် ဒီမိုကရေစီရဲ့ ““စံတန်ဖိုး”” ဖြစ်တဲ့ ““လွှတ်တော် တစ်ရပ်ရဲ့ ကိုယ်စားလှယ်မဲ ၃ ပုံ ၂ ပုံကို အတိုက်အခံ အင်အားစုများ ဘယ်နည်းနဲ့မှ အသုံးချလို့ မရအောင် ကိုယ်စားလှယ် ၄၄၀ ရှိတဲ့ လွှတ်တော်မှာ စစ်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၊ (၁၁၀) ယူထားတဲ့ ၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံကို ကောက်ကောက်ကျစ်ကျစ် ကြံစည်ရေးဆွဲ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ တကယ့် ပကတိ ဘ၀က ဒီဖွဲ့စည်းပုံကို လွှတ်တော်တွင်း တိုက်ပွဲနဲ့ ဘယ်နည်းနဲ့ ပြင်ဆင်ခွင့် မရနိုင်ဘူး ဆိုတာကို နိုင်ငံရေး နိုးကြားသူတိုင်းက သိပါတယ်။

လူထုရဲ့ခွန်အား၊ လူထုရဲ့တိုက်ပွဲအားနဲ့သာ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို ရိုက်ချိုးပြုပြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီချုပ်က လူထုတိုက်ပွဲ လမ်းကြောင်းကို မလိုက်ချင်ပါဘူး။ လူထုတိုက်ပွဲ လမ်းကြောင်းကို လိုက်ရမှာ တည်ဆဲ ခေါင်းဆောင်မှုက ကြောက်ရွံ့ နောက်တွန့်နေမယ်ဆိုရင် တစ်နေ့နေ့မှာ၊ တစ်ကွေ့ကွေ့မှာ အဖိနှိပ်ခံလူကြီးက တိုက်ပွဲလမ်းကြောင်းကို သူတို့ရဲ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ရွေးချယ်သွားကြမှာ မုချဖြစ်ပါတယ်။ လူထုကြီးဟာ ““၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး””ကို လူထုကြီးရဲ့ဘ၀များ၊ အသက်များ ပေးဆပ်ရင်းနှီးပြီး တိုက်ပွဲ ၀င်ခဲ့ကြတာ ဖြစ်ပါတယ်။ ခေါင်းဆောင်မှုက နံကြားထောက်နေတာရယ်၊ တိုက်ရတဲ့ရန်သူက စစ်တပ်ကြီး ဖြစ်နေတာရယ်တို့ကြောင့် လူထုကြီးဟာ မျှော်မှန်းတဲ့ ဒီမိုကရေစီ လွတ်လပ်မှုများအတွက် လူ့အသက် ၃၀၀၀၊ ၅၀၀၀ အကြား ပေးဆပ်ခဲ့ရတယ်လို့ နိုင်ငံတကာ စာနယ်ဇင်းများက မှတ်တမ်းတင်ခဲ့ပါတယ်။ ၁၉၈၈ နဲ့ ၂၀၁၀ အကြား ၂၂ နှစ်တာ ကာလများအတွင်းမှာ စစ်အုပ်စုက သူတို့ စစ်အုပ်စုရဲ့ ကြီးစိုးမှု ရေရှည်တည်တံ့ရေး အတွက် စစ်အာဏာရှင်စနစ် တည်တံ့ရေးကို ရှေးရှုပြင်ဆင်ထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံနဲ့ ပွဲထွက် လာခဲ့ပါတယ်။ ဒီချုပ်နဲ့ ဒီချုပ်ဥက္ကဋ္ဌဟာ ကြံ့ဖွံ့စစ်အုပ်စုက ခင်းပေးထားတဲ့ လမ်းအတိုင်း ပါတီမှတ်ပုံတင်၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်၊ ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်ပါ့မည်လို့ ကျမ်းကျိန်ပြီး လွှတ်တော်တက်။

၂၆-၈-၈၈ ရက်နေ့ကစပြီး ဒီမိုကရေစီ အရေးတော်ပုံထဲ ပါလာတဲ့ ဒီချုပ်ဥက္ကဋ္ဌဟာ စစ်အာဏာရှင်များက ချခင်းပေးတဲ့ လမ်းအတိုင်း လျှောက်လမ်းခဲ့တာ ၂၀၁၂-၂၀၁၅ အထိဆိုရင် ၃ နှစ်ရှိပါပြီ။ ၂၆-၈-၈၈ကနေ ဒီကနေ့ ၃-၂-၂၀၁၅ အထိဆိုရင် ၂၇ နှစ်ရှိခဲ့ပါပြီ။ (NLD) ဒီချုပ်ဥက္ကဋ္ဌ အနေနဲ့ ဒီကာလများအတွင်းမှာ ဘာများ ထူးထူးခြားခြား ပြုမှုဆောင်ရွက်နိုင်ခဲ့တာ ရှိပါသလဲလို့ မေးရင် ဘယ်လိုအဖြေမျိုးများ ပေးကြမှာပါလဲ။ နှစ် ၂၀ ကျော် အိမ်ခြေချုပ်ထားခြင်း ခံရတယ်။ မိသားစုဘ၀ တစ်ခုလုံး ဆန်ကွဲကျဲသလို ဖြစ်သွားခဲ့ရပါတယ်။ နိုဘယ် ဆိုကြီးအပြင် တစ်ကမ္ဘာလုံးက အမျိုးမျိုးသော ဂုဏ်ပြုဆုများ အများအပြား ချီးမြှင့်ခဲ့ကြတယ်။

ဒီချုပ်ဥက္ကဋ္ဌရဲ့ နိုင်ငံရေးပုံရိပ်ဟာ (၁) ဗိုလ်ချုပ်အောင်ဆန်း မျိုးဆက်ဆိုတာက လာတာပါ။ ခုအခါအထိ ဒီပုံရိပ်ဟာ အများဆုံး ၆၅ ရာခိုင်နှုန်း ရှိနေနိုင်ပါသေးတယ်။ (၂) ဒီချုပ်ဥက္ကဋ္ဌရဲ့ ပုဂိ္ဂုလ်ရေး အကြောင်း အချက်ပါ။ သူဟာ Oxford ကျောင်းထွက်ပါ။ ဗမာပညာတတ် အထက်လွှာက အနောက်ကမ္ဘာကို အထင်ကြီး ကြပါတယ်။ ဗမာပြည်ကို အနောက်ကမ္ဘာက ကယ်တင်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ (ဗိုလ်ချုပ်အောင်ဆန်းကို ဂျပန်က လုပ်ပေးသလို လုပ်ပေးမယ်လို့ ထင်ခဲ့ကြတာပါ။) ကြံ့ဖွံ့အစိုးရက ပြန်ချင်ရင် ပြန်ခဲ့ကြဆိုတော့ တိုးဝှေ့ပြီး ပြန်ခဲ့ကြတယ်။ တချို့ပြည်ပြန်ပြေးများက ကြံ့ဖွံ့အစိုးရထံမှာ ပညာရှင် ဆိုင်းဘုတ်ကိုင်ပြီး ကျွန်ခံ လာကြပါတယ်။ (၃) ဒီချုပ်ဥက္ကဋ္ဌဟာ နိုဘယ်ဆုရှင်ပါ။ သခင်နုပြည်ပြေး ဖြစ်သွားပြီးတဲ့နောက်မှာ ဗမာပြည် လစ်ဘရယ်ဓနရှင် လူတန်းစားရဲ့ နိုင်ငံရေး ခေါင်းဆောင်မှု လုံးဝ ပျက်ပြုန်းသွားခဲ့ရပါတယ်။ (လစ်ဟာသွားတဲ့ နေရာကို အကြောင်းပေါင်းများစွာ ဆုံစည်းပြီး)။ (၄) ဒီချုပ်ဥက္ကဋ္ဌဟာ ဗမာပြည် လစ်ဘရယ်ဓနရှင် လူတန်းစား လူမှုအစုကြီးရဲ့ တက်သစ်စ ခေါင်းဆောင် ဖြစ်လာပါတယ်။ (၅) ဒါကြောင့် စစ်အုပ်စုရဲ့ ဒီချုပ်ဥက္ကဋ္ဌပေါ် သဘော ထားဟာ ၂၆-၈-၈၈ ရက်နေ့ကစပြီး ကြံ့ဖွံ့အစိုးရအာဏာ ပလ္လင်ပေါ် မရောက်မီအထိ ဒီချုပ်ဥက္ကဋ္ဌပေါ် ကြံ့ဖွံ့ စစ်အုပ်စုရဲ့သဘောထားက ဒီချုပ်ဥက္ကဋ္ဌဟာ သူတို့ရဲ့ ကမ္ဘာမကျေ ရန်သူ Sworn Enemy ပါပဲ။ ဒါကြောင့် ပြင်းထန်တဲ့၊ မကြားဝံ့မနာသာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ အကြီးအကျယ် လုပ်ခဲ့ကြပါတယ်။ လူထုကြီးနဲ့ လစ်ဘရယ် ကမ္ဘာကြီးက ဒီချုပ်ဥက္ကဋ္ဌဘက်က ရပ်ခဲ့ကြပါတယ်။ ဒီချုပ်ဥက္ကဋ္ဌဟာ Phoenix ငှက် ဖြစ်နေခဲ့တယ်။ (၆) ၂၀၀၈ ဖွဲ့စည်းပုံနဲ့ သူတို့စစ်အုပ်စုရဲ့ အာဏာပိုင်စိုးမှုကို စိတ်ကြိုက် ကာကွယ်ပြီးတဲ့အခါ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းသူကြီးလုပ်တဲ့ စစ်ပြန်စစ်မှုထမ်းဟောင်း အစိုးရ တက်လာခဲ့တယ်။ ဒီအစိုးရက ဒီချုပ်ဥက္ကဋ္ဌကို (Sworn Enemy) အဖြစ်မှ မိတ်ဆွေနဲ့ပူး ပေါင်းဆောင်ရွက်သူ (Counter Part) အဖြစ် သဘောထားပြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်လာသည်အထိ မဟာဗျူဟာ အရွှေ့အပြောင်းများ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီချုပ်ဥက္ကဋ္ဌဟာ လွှတ်တော် ပလက်ဖောင်းကို အသုံးချပြီး ဘာ၊ ဘယ်လိုနိုင်ငံရေး အပြောင်းအလဲမျိုးကို အကောင်အထည်ဖြစ်အောင် (ခုထိတော့) မစွမ်းဆောင်နိုင်ခဲ့ သေးပါဘူး။ ဒါဖြင့်ရင် ၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာကော …။ အတိတ်နဲ့ပစ္စုပ္ပုန် နိုင်ငံရေး အတွေ့အကြုံ များဟာ အနာဂတ်အတွက် နိုင်ငံရေး အဖြေများပါပဲလို့ နိုင်ငံရေး ပညာရှင်ကြီးများက ပြောခဲ့ဖူးပါတယ်။

ခေတ်ပြိုင် မြန်မာ့နိုင်ငံရေးမှာ လူဆိုတာကို အခြေခံတဲ့ နိုင်ငံရေးပါတီများ ရှိပါတယ်။ ကြံ့ဖွံ့၊ တစညနဲ့ ဒီချုပ် တို့ဟာ လူဆိုတာကို အခြေခံတဲ့ပါတီများ ဖြစ်ပါတယ်။ ဒုတိယအမျိုးအစားကတော့ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ပအိုဝ်း၊ ပလောင်၊ (၀)စတဲ့ လူမျိုးနွယ်စုများကို အခြေခံတဲ့ ပါတီများရှိပါတယ်။ တတိယ အမျိုး အစားကတော့ လူတန်းစားကို အခြေခံတဲ့ ပါတီများရှိပါတယ်။ အခုမြေအောက် (UG)ပါတီဖြစ်သွားတဲ့ ဗကပပေါ့။ ဘတ်စ်ကားပေါ်မှာ၊ လမ်းပေါ်မှာ၊ တစ်ချက်ကြည့်လိုက်ရင် လူတစ်ဦးချင်းစီရဲ့ မတူခြားနားတဲ့ လူမှု အဆင့်အတန်း Social Status ကို မုချတွေ့ကြရမှာပါ။ ဒီကနေ့ မြန်မာ့နိုင်ငံရေးမှာ လူထု၊ လူတန်းစား၊ ပါတီ၊ ပါတီခေါင်းဆောင်ဆိုတဲ့ ဖက်တာများကို တွေ့ရမှာပါ။ လူထုဆိုတာ လူတန်းစားများ၊ အလုပ်သမား၊ လယ်သမား၊ မြို့နဲ့တောနေ ဆင်းရဲသားများနဲ့ စုဖွဲ့ထားတာပါ။ လူတန်းစားများ ဆိုတာကလည်း ပါတီ တစ်မျိုးမျိုးကို ကိုယ်စားပြု ထားတာပါ။ ခေါင်းဆောင် ဆိုတာကလည်း သူ့ပါတီတစ်မျိုးမျိုးရဲ့ ဦးစီး ဦးကိုင်မှုများ ဖြစ်ပါတယ်။ ဒီသဘောနဲ့ ကွဲတာမရှိပါဘူး။ နိုင်ငံရေးလုပ်ဖို့ စဉ်းစားရင် ဒီသဘောလောက်တော့ နားလည်ရပါ မယ်။ Solo နိုင်ငံရေး သမားဆိုတာ မရှိကောင်းတဲ့ အရာပါ။ မကြာခင် ရောက်တော့မယ့် ၂၀၁၅ ရွေးကောက်ပွဲကြီးက မြန်မာ့တကယ့်နိုင်ငံရေး ပုံရိပ်ကို ထုဆစ်ပေးမှာ အသေအချာပါပဲ။

၂၀၁၅ လွှတ်တော်ဟာ ကြံ့ဖွံ့လွှတ်တော်လား၊ ၂၀၀၈ ဖွဲ့စည်းပုံအရ ကိုယ်စားလှယ်မဲ ၃၃၀ကို ကြံ့ဖွံ့၊ ဒီချုပ်၊ တစညနဲ့ လူမျိုးစု ဒီမိုကရေစီပါတီများ ခွဲယူကြရမှာပါ။ ၂၀၀၈ ဖွဲ့စည်းပုံအရ လွှတ်တော်ရဲ့ ကိုယ်စားလှယ် ၁၁၀ ကို လွှတ်တော်က စစ်ဗိုလ် ၂၅ ရာခိုင်နှုန်းကို ပေးရမှာပါ။ ကျန်တဲ့ ၃၃၀ ကို ဒီချုပ် တစ်ပါတီတည်း အကုန်ရဦး တော့။ ဒီချုပ်ဟာ ကြံ့ဖွံ့ထံက ကိုယ်စားလှယ်တစ်ယောက် အနည်းဆုံးရမှ ၂၀၀၈ ဖွဲ့စည်းပုံကို ကျော်နိုင်မှာပါ။ ဖွဲ့စည်းပုံရဲ့ ၃ ပုံ ၂ ပုံမဲကို အခရာထားပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲထားတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံကို လူထု တိုက်ပွဲနဲ့ ဖြိုမချရဲဘူးဆိုရင် ဗမာပြည်မှာ ဒီမိုကရေစီရမှာ မဟုတ်တာ သေချာပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး အသံလည်း ပျောက်သွားပါပြီ။ တိုင်းရင်းသားများနဲ့ အပစ်ရပ် လက်မှတ်ထိုးရေး အသံလည်း တိတ်သွားပါတယ်။ White Card ပြဿနာ၊ ကျောင်းသားများရဲ့ ပညာရေးဥပဒေ ပြုပြင်ပေးရေး ဆန္ဒပြ ချီတက်ပွဲများ ပြဿနာက ကျန်ပြဿနာများ အားလုံးကို နောက်ချန်ထားရစ်ပြီ။ ခင်ဗျားဘယ်ဘက်ကလူလဲ ဆိုတာကို ပညာရေး ဥပဒေ ပြင်ရေး ကျောင်းသားဆန္ဒပြ ချီတက်ပွဲက အဆုံးအဖြတ် ပြုပေးလိမ့်မယ်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment