Saturday, March 7, 2015

လက်ပံတန်းသပိတ်ကို ငြိမ်းချမ်းစွာ ဖြေရှင်းပေးရန် နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့ ၂၃ဖွဲ့က သမ္မတထံမေတ္တာရပ်ခံ

ရန်ကုန် (မဇ္ဈိမ) ။ ။ လက်ရှိတွင် ပဲခူးတိုင်း လက်ပံတန်းမြို့တွင် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ထိုင်သပိတ်ဆင်နွဲကာ ပိတ်ဆို့ခံနေရသည့် ကျောင်းသားများအရေး ငြိမ်းချမ်းစွာ ဖြေရှင်းပေးရန် သမ္မတ နှင့် သက်ဆိုင်ရာ အာဏာပိုင်များကို နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်း စုစုပေါင်း ၂၃ဖွဲ့က မေတ္တာရပ်ခံသည့် စာကို မတ်လ ၇ရက် ရက်စွဲဖြင့် ဖြန့်ဝေလိုက်သည်။

အချက် ၇ချက်ပါဝင်သည့် အဆိုပါ မေတ္တာရပ်ခံစာတွင် လက်ပံတန်းရှိ ကျောင်းသားများ ရန်ကုန်သို့ ငြိမ်းချမ်းစွာ ပြန်ရောက်ရေးအတွက် ကျောင်းသားများတောင်းဆိုထားသည့် အချက်
၈ချက်သည် လေးပွင့်ဆိုင်ဆွေးနွေးပွဲရလာဒ်ကို ငြိမ်းချမ်းစွာ ဆက်လက်သယ်ဆောင်ရန် တင်ပြထားသည့် တရားမျှတသည့် တောင်းဆိုချက်ဖြစ်သည်ဟု အဖွဲ့အစည်း ၂၃ဖွဲ့က လက်ခံထားသည်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်နိုင်ရန် လက်ပံတန်းအပါအဝင် ဒေသအသီးသီးတွင် ဆန္ဒပြလှုပ်ရှားနေသည့်၊ ဝန်းရံနေသည့် ကျောင်းသားများနှင့် ပြည်သူလူထုကို အစိုးရအနေဖြင့် အကြမ်းဖက်ဖြေရှင်းမှု လုံးဝမပြုရန် အလေးအနက် မေတ္တာရပ်ခံထားသည်။

ယင်း မေတ္တာရပ်ခံစာကို တိုင်းရင်းသားပါတီများဖြစ်သည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ကရင်အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရက်တစ် ပါတီ၊ ကယန်းပြည်သစ်ပါတီ နှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီတို့ ပါဝင်ပြီး အရပ်ဘက် အဖွဲ့အစည်းများဘက်မှ ပညာရေးစနစ် ပြုပြင် ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ယက်(NNER)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက်၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့(UNDO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်၊ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့၊ အရပ်ဘက် လူထုအဖွဲ့အစည်းများ နှီးနှောဖလှယ်ပွဲ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ ဒို့မြေကွန်ရက် (LIOH)၊ အမျိုးသမီးများအဖွဲ့ကွန်ရက် (WON)၊ Enabling Legal Environment for CSO Network၊ ပြည်တွင်းလူမှုအဖွဲ့အစည်းများကွန်ရက် (3N)၊ ကချင်ငြိမ်းချမ်းရေးကွန်ရက် (Kachin Peace Network)၊ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတာဝန်ခံမ့ဆိုင်ရာကွန်ရက် (MATA)၊ ကျားမရေးရာ တန်းတူညီမျှရေးကွန်ရက် (GEN)၊ ဧရာဝတီတိုင်း တောင်သူလယ်သမားသမဂ္ဂ တို့ ပူးပေါင်း ပေးပို့ခြင်း ဖြစ်သည်။

ယင်းအပြင် ကျောင်းသားများ နှင့် အစိုးရကြား ဖြေရှင်းနိုင်ရေးအတွက် ထိုအဖွဲ့အစည်းများ အနေဖြင့် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် ရာသီဥတု ပူပြင်းလွန်းသည့်အတွက် ထိုင်သပိတ်ဆင်နွှဲသော ကျောင်းသားများ၏ လုံခြုံရေး စိုးရိမ်ရ၍ ကျောင်းသားများ ရန်ကုန်ပြန်ရောက်ရေးအတွက် တောင်းဆိုမှုများကို အမြန်ဆုံးညှိနှိုင်းပေးရန် တရေးတကြီး လိုအပ်နေသည်ဟု ထောက်ပြ ပြောဆိုထားသည်။


Credit - Mizzima News

 
 

No comments:

Post a Comment