Friday, March 6, 2015

ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် တွေ့ဆုံဆွေးနွေးခြင်း – မြန်မာသံတော်ဆင့် အယ်ဒီတာအဖွဲ့

“မှန်တာပြောရရင် ဘယ်လိုပဲပြောပြော ကြောက်တယ်” ကျွန်တော်တို့ထက် ကြီးတယ်လို့ သူတို့ကိုယ်သူတို့ ထင်နေတာ။ တစ်ချိန်လုံး သူတို့အုပ်ချုပ်လာခဲ့ တာ။ ပြည်ထောင်စုဝန်ကြီး ဆိုတဲ့ ပုဂ္ဂိုလ်လည်း ကျွန်တော့် ကို ပြောတယ်လေ။ လမ်းဘေးကနေ တက်လာတယ်။ ဘာကောင်လဲ။ ကျွန်တော်အရင်က ဘိသိက် လုပ်ပါတယ် . . .

ဥက္ကဋ္ဌကြီးကလည်း အရမ်းကို အလုပ်များများ ပြီးချင်တယ်။ လုပ်ကြ လုပ်ကြ။ အခုတော့ ပြောတယ်။ နည်းနည်းသက်သက်သာသာ လုပ်ကြပါ။ အခုဆိုရင် တဖြုတ်ဖြုတ် က ဖြစ်ကုန်ပြီ။ စိတ်ပူတာ ......

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက တာဝန်ထမ်းဆောင်နေသော ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာကို မြန်မာသံတော်ဆင့် အယ်ဒီတာအဖွဲ့က ဖေဖော်ဝါရီ ၂၃ ရက်တွင် တွေ့ဆုံ ၍ ဆွေးနွေး မေးမြန်းခွင့် ရခဲ့ရာ ဦးနန္ဒကျော်စွာသည် တော်လှန်ရေးကောင်စီ လက်ထက် ဗိုလ်မှူးချုပ် စည်သူတင်ဖေနှင့် ဆရာမကြီး ဒေါ်သိန်းဆိုင်(မမြတ်လေး)တို့၏သား၊ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မိခင်/ကလေး ဗဟို အလုပ်အမှုဆောင်၊ တရားလွှတ်တော်ရှေ့နေ ဘ၀များမှသည် အစိုးရအဖွဲ့ဝင် ပြည်ထောင်စု ၀န်ကြီးများအပေါ် အခြေခံဥပဒေအရ ခေါ်ယူတွေ့ဆုံ လမ်းညွှန်မှုပေးနိုင်သော အခွင့်အာဏာရသည့် ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အာဏာရကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရာထူးတာဝန်များကို ဘေးချိတ်၍ လိုင်းကားစီးကာ အဝေးပြေးကားဂိတ်မှတစ်ဆင့် နေအိမ်နှင့်လွှတ်တော် သွားလာရသော ဘ၀များနှင့်ပင် ကျေနပ်နေသည့် ဥပဒေပြု အာဏာပိုင်အကြီးအကဲ တစ်ဦးအဖြစ် ၄င်းကိုယ်တိုင် ပြောကြားချက်များမှ သည် လေ့လာတွေ့ရှိရသည်ဟူ၍ ယခင်အပတ် မြန်မာသံတော်ဆင့်တွင် ဦးနန္ဒကျော်စွာနှင့် တွေ့ဆုံခြင်း ဖော်ပြခဲ့ရာ အတွင်းအပြင် လိုလားသူများ၊ မလိုလားသူများတို့ထံမှ ဝေဖန်သံများ ထွက်ပေါ်လာခဲ့ပါသည်။ ထူးဆန်းသည်မှာ တစ်ပါတီတွင်းမှ ဝေဖန်မှုများသည် ကိုယ်တိုင် အပြုသဘောဆောင်လျက် ညီညွတ်ခြင်း၊ ငြိမ်းချမ်းရေးတရားများ တွင်တွင်ကျယ်ကျယ် ကြွေးကြော်နေသည့် လူကြီးမင်းအချို့သည်ပင်လျှင် ပါတီ၏ ပုံရိပ်ကောင်းကို ဖော်ဆောင် ခြင်း ဟုတ်၊ မဟုတ် မကြည့်တော့ဘဲ ငါနှင့်မတူငါ့ရန်သူ၊ ငါသိငါတတ် သဘောတရား များဖြင့် တောက်လောင် နေသော မောဟများ ဖုံးလွှမ်းလျက် ရှိကြောင်း မြင်တွေ့လိုက်ရပေသည်။ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသည် ခံစားချက်၊ ယုံကြည်ချက် အဖြစ်မှန်တို့ကို လွှတ်တော်သက်တမ်း ၄ နှစ်တာ ကာလအတွင်း လောကဓံ လှိုင်းရိုက်ပုတ်မှုများကို ရင်ဆိုင်ကြံ့ခိုင်လျက် ထုတ်ဖော်ပြောကြားခဲ့သည်။…

● လွှတ်တော်လူကြီးတချို့ နောက်ကြောင်း ပြန်ချင်တယ်လို့ ဝေဖန်ကြတာကို ဘယ်လို သဘောရပါသလဲ။

ကုဋီလို့ပြောလိုက်ရင် ဒါပဲမြင်တာပေါ့။ သုဇာတာစေတီဘေးမှာ သုဇာတာကုဋီ ဆိုတာရှိတယ်။ ဘုရားနားမှာ ဘာဖြစ်လို့ သုဇာတာရဲ့ ကုဋီက လာဖြစ်ရတာလဲ။ အဲဒီတော့မှ မဟာဗောဓိ ဆရာတော်ကြီးက ဒကာတို့ ကုဋီဆိုတာ ပါဠိလိုအခန်းသေးသေးလေးကို ပြောတာပါ။ အဲဒီတော့ သုဇာတာနေတဲ့ အခန်းသေး သေးလေးကို သုဇာတာကုဋီလို့ ခေါ်ပါတယ်။ ကျွန်တော်တို့သိတဲ့ နေရာက အညစ်အကြေးစွန့်တဲ့နေရာ။ မသိ ရင် တော်တော်လေး လွဲမှားပါတယ်ဆရာ။ ဘာမှန်းမသိတဲ့ စကားလုံးကို ဘာမှန်းသိအောင် အဓိပ္ပာယ်ဖွင့်ဖို့ လိုပါ တယ်။ ရှေးခေတ်က လူကြီးတွေကို အထင်မှား အမြင်မှားတော့ မဟုတ်ဘူးပေါ့နော်။ ကျွန်တော်ပြော တာ စော်ကားသလို ဖြစ်နေရင် ကျွန်တော့်ကို နားလည် ခွင့်လွှတ်ပေးပါ။ ကျွန်တော်တို့ မြန်မာတွေ မင်္ဂလာပါလို့ ဟိုရှေးခေတ်၊ ဒီကနေ့ခေတ်၊ ဒီကနေ့ခေတ်ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀ စုနှစ် တစ်ခုမှာ ပျောက်သွားတယ်။ မင်္ဂလာပါလို့ ပြောတယ်။ မင်္ဂလာပါကိုလည်း ကျွန်တော်တို့ လူကြီးတွေကလည်း ပြန်မလုပ်ဘူး။ သံဃာများဟာ ဒေသနာကြားတဲ့အခါ ဆရာတော်များဟာ ကိုယ့်ထက်ဝါငယ်တဲ့ လူလည်း ဦးဇင်း တပည့်တော်ကလေလို့ပဲ ပြောတယ်။ ငယ်တဲ့သူက တပည့်တော်လို့ သုံးသလို ၀ါကြီးတဲ့လူကလည်း တပည့်တော်လို့ သုံးတယ်။ သူတို့ကိုယ် သူတို့ နိမ့်တယ်လို့ မထင်ဘူး။ မင်္ဂလာပါလို့ ပြောလိုက်ရင် ကျွန်တော်တို့ လူကြီးတွေက လက်အုပ် မချီဘူး။ ဆရာကြီးတွေက လက်အုပ်ချီပြီးတော့ အာဏာရှိတဲ့ လူတွေက လက်အုပ်မချီတဲ့ အခါကျတော့ ဖားနေ သလားလို့ အမေးရှိတယ်။ ဖေ့စ်ဘုတ်ထဲမှာ ပညာရေးဥပဒေနဲ့ ပတ်သက်ပြီးတော့ ပူညံပူညံနဲ့ ဖြစ်လာတယ်။ ဆွေးနွေးပါလို့ ပြောတဲ့အတွက် ပညာရေး ၀န်ကြီးဌာန ၀န်ကြီးပြောလို့ အလယ်မှာ ထိုင်တယ်။ ပုံမှန်ထုံးစံ အတိုင်းကတော့ ကျွန်တော်က အလယ်ကထိုင်ရမှာ။ ညာဘက် မှာ ဒေါက်တာဒေါ်ခင်စန်းရီ၊ ဒီဘက်မှာ ဆရာကြီး ဒေါက်တာချမ်းငြိမ်းထိုင်။ အစည်းအဝေးဆိုတာ ဆရာတို့သိပါတယ်။ ဓာတ်ပုံရိုက်တဲ့ လူက ဖေ့ဘုတ်ထဲ တင်လိုက်တော့ ကျွန်တော်က အဖွင့်အမှာစကားပြောပါဆိုရင် ကျွန်တော်မတ်တတ်ရပ်တယ်။ ဆရာကြီး ဦးချမ်းငြိမ်းက မတ်တတ်။ ဒေါ်ခင်စန်းရီက မတ်တတ်။ ဓာတ်ပုံရိုက်တဲ့လူက ကျွန်တော် မတ်တပ်ရပ်ပြီး စကားပြောနေတဲ့ အချိန်မှာ ဒေါ်ခင်စန်းရီက ဘေးမှာ ထိုင်နေတယ်။ ကျွန်တော်ပြီးသွားလို့ ဒေါ်ခင်စန်းရီ ထပြောတဲ့ အချိန်မှာ ကျွန်တော်က ထိုင်နေတယ်။ အစည်းအဝေးခန်းထဲမှာ အားလုံးထိုင်နေတဲ့ ပုဂ္ဂိုလ်။ ၄ ပုံလောက်ကို ဖေ့စ်ဘုတ် တင်လိုက်တယ်။ သူက ၄ ပုံထဲကမှ ဒေါ် ခင်စန်းရီ မတ်တတ်ရပ်ပြီး ကျွန်တော် ထိုင်နေတဲ့ နှစ်ယောက်တည်းပုံကို တင်တယ်။ ဒေါ်ခင်စန်းရီရယ်တဲ့ ခင်ဗျားက ပညာရေးဝန်ကြီး ပညာတတ်ကြီး လုပ်နေပြီးတော့ ဒေါက်တာကြီးက မတ်တတ်ရပ်ပြီးတော့ အစဉ်အလာ ဟိုတုန်းက အထာကြီးကို ခေါက်ရိုး ကျိုးနေတယ်တဲ့။ အဲဒီလို မလုပ်သင့်ပါဘူး။ နန္ဒကျော်စွာဆိုတာ ဘာကောင်မို့လို့လဲ။ ထိုင်ပြီးတော့ ဘေးချင်းယှဉ် ပြီးတော့ ပြောလိုက်စမ်းပါ။ ကျွန်တော် မတ်တတ်ရပ်နေတဲ့ ပုံကျတော့ မထည့်ဘူး။ သူမတ်တတ်ရပ်နေတဲ့ ပုံကျတော့ ထည့်တယ်။ ဘာသဘောလဲ။ ဒါပါပဲ။

● မီဒီယာကတော့ တွေ့တာ၊ မြင်တာကို ရေးမှာပါပဲ။

ဒါပေမဲ့ဆရာရယ် ရမ်းပြီးတော့ ပြောနေရတာပေါ့။ ကျွန်တော်တို့ ဥပဒေမှာလည်း ရှိတယ်လေ။ အပြစ်ရှိတဲ့လူ အယောက် ၁၀၀ ကို အလွတ်ထွက်ပါစေ။ အပြစ်မရှိတဲ့ လူတစ်ယောက်ကို အပြစ်မပေးမိစေနဲ့ ဆိုတာရှိတယ်။ တစ်ခုခုဆိုရင် အယ်ဒီတာချုပ်က ကျွန်တော်ပဲခံမယ်။ ဘယ်သူလဲ ဒေါက်တာ ဆိတ်ဖွားပြောတယ်။ ဘယ်သူလဲ အငြိမ်စား ကျောင်းဆရာတစ်ဦးဆိုရင် မပြောဘူး။ ကျွန်တော်ခံမယ်။ ဒီဟာက စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်။ ဂျာနယ်နဲ့ မဆိုင်ပါဆိုတာက ပါသေးတယ်။ သူတို့တာဝန် မယူဘူးလေဆရာ။ တာဝန်ယူမှု တာဝန်ခံမှု ဆိုတာမရှိဘူး။ မှန်တာပြောရရင် ဆရာတို့က ဘယ်လောက် တော်သင့်မှန်ကန်တယ် လို့ပဲပြောပြော ကြောက်တယ်။

● ကျွန်တော်တို့ကို ဝေဖန်တယ်ဆိုရင်လည်း သတ္တိရှိရင် စာမျက်နှာပေါ် တက်ရေး လိုက်ပါလို့ ပြောလိုက်တာမျိုး ရှိပါတယ်။ ဒုဥက္ကဋ္ဌလည်း ဒီသဘောတုံ့ပြန်လို့ ရပါတယ်။

အမှန်ပြောလေဆရာ။ ကျွန်တော်ရပ်နေတဲ့ပုံကျ မထည့်ဘဲ သူရပ်နေတဲ့အချိန်ကျမှ ၂ ယောက်တည်းပုံကို ထည့်တော့ ဒီလိုမျိုး ပြောတာကျတော့ ကျွန်တော်ဆိုလိုတာ တရားသလား။ ကျွန်တော်က ဒဂုံမြို့နယ် ပါ။ ယောမင်းကြီး ရပ်ကွက်ကိုသွားမှာ။ န၀ဒေးလမ်းကြီးကို ဗိုလ်ချုပ်အောင်သိန်းလင်းက မြို့တော်ဝန် ဆိုတော့ အကုန်လုံး ခင်းပါတယ်။ ကန့်လန့်ဖြတ်လမ်းကိုလည်း ခင်းတယ်။ ဘယ်ရောက်သွားလဲ ဆိုတော့ ဈေးကြီး။ ဘယ်လိုဖြစ်တာလဲတဲ့။ ဈေးဖယ်မှရမယ်တဲ့။ ဟာ နှစ် ၂၀ ရောင်းလာတာ။ ဈေးဖယ်မယ်ဆိုရင် ခင်ဗျား တို့ နေရာပေးမယ်။ အဝေးကြီးလည်း မပေးဘူး။ ဒီနေရာက စည်ပင်သာယာနဲ့ ဥပဒေအရ မရတဲ့အတွက် မင်းမနိုင် ရပ်ကွက် ဒဂုံမြို့ဈေးရှိတယ်မလား။ အဲဒီမှာ နေရာသီးသန့်ရှိတယ်။ ရှိရင်ပေးလိုက်။ သူတို့ကို ဆိုင်ခန်းနေ ရာ ပေးတဲ့အတွက် တစ်ပြားမှမယူဘူး။ လမ်းဘေးဈေးသည်ဘ၀က ဆိုင်နေရာပေးလိုက်တာ။ အဲဒီမြို့နယ်က ကျွန်တော်က ကိုယ်စားလှယ်လောင်းပဲ ရှိသေးတယ်။ ကျွန်တော်နဲ့ ယှဉ်မယ့်လူ နောက်ထပ် ၂ ယောက်ရှိပါတယ်။ သူတို့ကို မခေါ်ဘူး။ ကျွန်တော့်ကို တွေ့ချင်တယ်တဲ့။ ကျွန်တော် ပြောတယ်။ ကိုယ့်ရပ်ကွက်ထဲ က ဈေးကိုဘာကြောင့် ခင်ဗျားရပ်ကွက်ကို ပို့တာလဲ။ ကျွန်တော် တို့ရပ်ကွက်က ကျွန်တော်တို့ဆီ ပြန်ပို့ပါ။ အဲဒီက ပုဂ္ဂိုလ်တွေက ပြောတယ်။ အစိုးရ အရာရှိတွေလည်းပါတယ်။ မနက်ဆို ၄နာရီ ဆိုင်ခင်းပါတယ်။ ဆိုင်ခင်းတော့ ရန်ဖြစ်ကြတယ်။ ဆူညံတဲ့အတွက် အိပ်လို့မရဘူး။ ခဲနဲ့တုတ်နဲ့ပစ်ကြ တဲ့အတွက် မှန်တွေလည်းကွဲတယ်။ လမ်းကကျောင်းချိန်ဆို အရမ်းကျပ်ပါတယ်။ ရုံးချိန်လည်း နောက်ကျ ပါတယ်။ လူနာ အရေးပေါ် ပို့ချင်ရင်တောင် အချိန်မီ မထွက်နိုင်ဘူး။ ဒါကြောင့်မို့ ဒီဈေးမရှိတာ ကြိုက်ပါတယ်။ လာပြောတာက ယောမင်းကြီးလမ်းဘက်က။ ကျွန်တော်က ပြောတယ်။ သူတို့က နှစ်ပေါင်း ၂၀ မလိုချင် တော့ဘူးလို့ ပြောတယ်။ လိုချင်တာက ခင်ဗျား။ ခင်ဗျားလိုချင်ရင် ခင်ဗျားလမ်းရှေ့ကို ပြန်ရွှေ့ပေးမယ်။ ခင်ဗျား တိုက်နံပါတ်ကိုပြော။ တိုက်အောက်က ပလက်ဖောင်းမှာ ဈေးကြီးကို မြင်ရစေမယ်။ မလိုချင်ဘူးတဲ့။ အဲဒီ နေရာမှာပဲ ပြန်ထားပေးတဲ့။ ခင်ဗျား မတရားဘူးဗျာလို့။ ကျွန်တော်ပြောတာ တရားလား၊ မတရားဘူးလား မပြောဘူးနော်။ သူတို့က မလိုချင်တော့ဘူးလို့ပြောလို့။ နောက်ပြီးတော့ စည်ပင်ရဲ့ ဥပဒေအရ ကျွန်တော် တို့ပြောတာ။ ကျွန်တော်ရွှေ့တာ မဟုတ်ဘူး။ ခင်ဗျားတို့ လိုချင်တယ်ဆိုရင် ကျွန်တော် ရအောင်ပြောမယ်။ စည်ပင်လမ်းပေါ်မှာမရှိရင် ခင်ဗျားခြံထဲမှာ ဖြစ်စေရမယ်။ ခင်ဗျား မဲလျော့သွားပြီတဲ့။ မဲလျော့ရုံမကလို့ မဲမရလည်း ရတယ်ဗျာ။ ငကန်းမရှိရင် ငစွေလာလိမ့်မယ်။ ကျွန်တော်မရလည်းရတဲ့လူက သွားအလုပ်လုပ်မှာပဲ။ ဘယ်သူရမှမပြောဘူး။ ကိုယ့်မြို့နယ်က လူတစ်ယောက် အဲဒီမှာနေရာရသွားဖို့ လိုချင်တယ်။ ဒါပဲ။ ဒါကြောင့် ခင်ဗျား ကျွန်တော့်ကို မဲပေးဖို့လည်း မလိုဘူး။ ခင်ဗျား မတရားတဲ့အတွက် ဒီအလုပ်ကို ကျွန်တော် မလုပ်ပေး နိုင်ဘူး။ ဒါဆိုရင်လည်းပြီးရော ကိုယ့်လူ။ အိုကေ။

● ပါတီမှာကျတော့ လက်ရှိ ဘာတာဝန် ပေးထားလဲခင်ဗျ။

ပါတီကတော့ ဗဟိုအလုပ်မှုဆောင်ပါ။

● ဒီနှစ်ကော ပြန်ရွေးဦးမှာလား။

မပြောတတ်ပါဘူး ဆရာရယ်။ ညီလာခံ ကျရင်တော့ ရွေးမယ်။

ကျွန်တော် ပြောချင်တာက သူတို့တွေက သူတို့လိုချင်တာတစ်ခုပဲ သိတယ်။ ကျွန်တော် မှားနေရင်ပြော။ အခု ပြောပြီလေ။ ဒဂုံမြို့နယ်ရပ်ကွက်က ကျွန်တော့်ကို မကျေနပ်ဘူး။ မကျေနပ်ရင်နေလေ။ စစ်ရုံးဘက် သွားတဲ့ ဗိုလ်ရာညွန့် လမ်းပေါ်မှာ။ ယောမင်းကြီးဘက်က အခြမ်းမဟုတ်ဘူး။ သားငါးတွေ ရောင်းတဲ့ဈေး။ အဲဒီမှာ ညစ်ပတ်ပြီးတော့ ပြောရ ရင် ကြွက်တွင်းတွေ ကလည်း အများကြီးပဲ။ လမ်းခင်းရမှာ ဖြစ်တဲ့ အတွက် ပြောသေး တယ်။ တစ်အိမ်မှာ ကားတစ်စီးရှိရင် လမ်းခင်းမယ်။ ပေးတစ်သိန်း။ ရပ်ကွက်က။ ဦးအောင်သိန်းလင်း က နိုင်ငံတော်ရဲ့ ပိုက်ဆံက ပြည်သူလူထုရဲ့အခွန်။ ဒါနဲ့လုပ်တာ။ တစ်ပြားမှ ပေးစရာ မလိုဘူး။ အဲဒီလမ်းတွေ ကတ္တရာ ခင်းပေးမယ်။ ရေတွင်း တူးပေးတယ်။ မီးမလာလို့ လျှပ်စစ်မီးတိုင်တွေ စိုက်ပေးတယ်။ အဲဒါကို မဲလာဆွယ်နေတယ်လို့ အပြောခံရသေးတယ်။ မဲဆွယ်တာပဲ။ ဆွယ်လေ။ မဲပေး ရမယ်လို့ ကတိက၀တ် စာချုပ်မရှိဘူး။ ပေးချင်တဲ့လူ ပေးလေ။ ကိုယ့်လမ်းအတွက် ကောင်းအောင် လာလုပ်တာ။

● ဒုဥက္ကဋ္ဌ ဖြစ်သွားတဲ့အခါ မြို့နယ်ကောင်းသွားတာပေါ့။ ဘာပဲဖြစ်ဖြစ် တစ်ခုခုဆို မြို့နယ်အခွင့်အရေး ရှိတာပေါ့။

မရှိပါဘူးဆရာရယ်။ အခုတောင် ကျွန်တော့်ကို ကျေနပ်ကြလား၊ မကျေနပ်ကြလားမသိဘူး။ တစ်ပတ်တစ်ခါ ရန်ကုန်ရောက်ဖို့ကို ခက်တယ်။ ဥက္ကဋ္ဌကြီးကလည်း အရမ်းကို အလုပ်များများ ပြီးချင်တယ်။ လုပ်ကြလုပ်ကြ။ အခုတော့ ပြောတယ်။ နည်းနည်း သက်သက်သာသာ လုပ်ကြပါ။ အခုဆိုရင် တစ်ဖြုတ်ဖြုတ်က ဖြစ်ကုန်ပြီ။ စိတ်ပူတာ။ စိတ်ပူလာတော့ ကျန်းမာရေးလည်း ဂရုစိုက်ကြပါ။ အလုပ်ကိုတော့ မှန်မှန်လေးပဲ လုပ်ကြပါ။ အစတုန်းကဆိုရင် ဒါမြန်မြန် လုပ်ပေးပါဆိုတော့ ကျွန်တော်တို့မှာ အချိန်မရှိ၊ အချိန်ရှိလည်း လုပ်နေကြတာ။

● ဆိုလိုတာက ကျွန်တော်ဘယ်မှာမှ ဂိုဏ်းဂဏစွဲလည်း မရှိပါဘူး။ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘယ်လောက် အလုပ်လုပ် ပြီးပြီလဲ ဆိုတာသာ အဓိကပါ။

ပြီးခဲ့တဲ့အပတ်က ဆောင်းပါးတစ်ပုဒ် ရေးတာဖတ်လိုက်ရတယ်။ တိုင်းပြည်ဒီလောက် အခြေအနေ ဆိုးနေတဲ့ဟာကို အစိုးရ အဖွဲ့ဝင်တွေလည်း လာဘ်စား ၃၉ ဌာန အဂတိလာဘ်စားတဲ့ ကိစ္စတွေပေါ့။ ဒါကို ပြည်ထောင်စု ၀န်ကြီးဖြစ်ပြီး အမောင့်များတဲ့ဟာကို စွပ်စွဲပြစ်တင် လိုက်လို့ရှိရင် စံနမူ နာပြ ကောင်းသွားနိုင်တယ်။ ဒါမျိုးလည်း လွှတ်တော်ကြီးက လုပ်မှာမဟုတ် ဘူး ဆိုပြီး ဝေဖန်ပြီးရေး တာ ဒုဥက္ကဋ္ဌအနေနဲ့ ဘယ်လို သဘောရပါ သလဲ။

ကျွန်တော်တို့မှာက ဂါရ၀ဆိုတာရှိတယ်။ ယဉ်ကျေးမှုပါ။ ကျွန်တော်တို့တွေ လည်း ဆရာတွေကို ကန်တော့ ခဲ့တယ်။ ကျွန်တော် ဆရာဦးသာဆီ သွားကန်တော့တယ်။ တစ်ခါတလေကျရင် လမ်းဘေးက ငှက်ပျောသီးလေး တစ်ဖီးဝယ်သွားတယ်။ ကောင်းတယ်ကွာတဲ့။ ငါလည်း ထမင်းစားပြီးတာနဲ့ အတော်ပဲတဲ့။ မင်းလည်းစားတဲ့။ အရေးကြီးတာက ဂါရ၀ပဲလိုချင်တာ။ အပူစာနဲ့ အအေးစာမှာ အပူစာမကောင်းဘူး။ ဆရာရယ် ကျွန်တော့်ကို ဒါလေးလုပ်ပေး ဆရာ့ကို ဒါလေးပေးမယ် ဆိုတာကတော့ မကောင်းဘူး။ ကျွန်တော် နမူနာပြောရင် ကျွန်တော် တို့က ရန်ကုန်မှာနေပါတယ်။ ကျွန်တော့်ဇနီးက ရှမ်းပြည်နယ်ကို ပြောင်းရပါတယ်။ ပြည်နယ် ကျန်းမာရေး ဦးစီးမှူးနဲ့ သွားတွေ့ရပါတယ်။ သူကတော့ ကျွန်တော့်ကို ရယ်စရာပြောတယ်။ မိန်းမက လာမပြောဘူး။ ယောက်ျားက လာပြောတယ်။ နေပါဦး ခင်ဗျားမိန်းမ အလုပ်ဝင်မှာလား။ ခင်ဗျားဝင်မှာလားတဲ့။ မဟုတ် ပါဘူးဆရာ။ ကျွန်တော်က ရှေ့ကဦးဆောင်ပြီး ပြောတာပါ။ သူက ဘာပြောလဲဆိုတော့ ဘာပါလဲတဲ့။ လက်ဆောင်ပေးဖို့ ပါသေးလားတဲ့။ မပါဘူးလို့။ လက်ဆောင် ပေးတာတွေ မကြားဘူးလား။ ကြားလည်း မကြားဘူး။ ကြားလည်း မပေးဘူးလို့။ ဘာလို့မပေးလဲဆိုတော့ မပေးနိုင်ဘူးလို့။ ပေးတဲ့လူလည်း မယုံကြည်ဘူး လို့။ ဒီလိုဆိုရင် မိတ်ဆက်စာလေး မပါဘူးလား။ ခင်ဗျားအဆင့်ဆိုရင် အနည်းဆုံး တိုင်းမှူးမဟုတ်တောင် ဗိုလ်ကြီးလောက်။ ဗိုလ်ကြီးလည်း မရှိဘူးလို့။ ဘယ်သူမှမပါဘူး။ ကျွန်တော်တို့ လင်မယား နှစ်ယောက်တည်း လာတာ။ ကြိုက်ပြီတဲ့။ လူတွေကလာရင် လက်ဆောင်ပါတယ်တဲ့။ ပြီးရင် ငါလက်ဆောင် ပေးပြီးတော့ ဘာလုပ် လိုက်တာလို့ အပြောခံရတယ်။ အခုခင်ဗျားတို့ လာတာပြတ်တယ်။ ဘာမှမပါဘူးတဲ့။ ဘယ်သူ့မိတ်ဆက်စာမှ မပါဘူးတဲ့။ အဲဒီတော့ ကျွန်တော်လုပ်ပေးရတာ အရမ်းသန့်ရှင်းတယ်။ ပြောစမ်းတဲ့ ဘယ်နေရာမှာ နေချင်သလဲ။ ဘယ်ကို သွားချင်သလဲပြော။ ရန်ကုန်နဲ့ အဆက်အသွယ် မပြတ်သော နေစရာနေရာရှိသော ကျွန်တော်တို့ ငှားလည်း နေနိုင်တယ်။ နေစရာရှိသော နေရာဆိုရပါတယ်။ ကုလားထိုင်မှာ လူတစ်ယောက်လိုရင် ပေးလည်း ဖြည့်ရမှာပဲ။ မပေးလည်း ဖြည့်ရမှာပဲ။ အဲဒီတော့ ငါ့ကို ဂုဏ်တင်မယ့်လူမျိုး အခုလိုလူမျိုးကို လိုချင်တာ။ လူတွေက လာပြီးတော့ ကန်တော့တယ်ဆိုပြီးပေး။ ပြီးလည်း ပြီးရော ငါကဒီလို လုပ်ပေးလိုက်တာ ဆိုပြီး အမြဲတမ်း အပြောခံခဲ့ရတယ်။ သဒ္ဓါလို့လာပေးရင် ကျွန်တော် ကျေနပ်ပါတယ်။ ပြီးတော့မှ ကွယ်ရာမှာ အဲဒီလိုမျိုး စကားတွေ ပြောတာ ကျွန်တော်တို့လည်း လက်မခံနိုင်ဘူး။ ခင်ဗျားတို့ ပြတ်သားတာ အကောင်းဆုံး ပဲဗျာ။ ကျွန်တော့်ဂုဏ်ကို ဆယ်နိုင်တယ်။ ဘာလုပ်ပေးရမလဲ။ ဆရာ အဲဒီလိုမျိုးပါ။ ဆိုလိုတာက သူက လိုချင်လို့ ပြောနေတာ မဟုတ်ဘူး။ လူတွေက အဲဒီလိုပြောပြော သွားတယ်။ သူခံစားခဲ့ရတယ်တဲ့။ ဆရာကြီးကို ဒီလိုမျိုး ပေးပြီးတော့ ငါကဒီမြို့နယ် ရောက်သွားတာလို့တော့ အပြောမခံချင်ဘူးတဲ့။ ဘယ်ဟာပဲဖြစ်ဖြစ် ကိုယ်လုပ်ပေး နိုင်တဲ့ဟာကို လုပ်တဲ့အခါမှာ ကျေးဇူးတင်လို့ ဂါရ၀တရား ထားပြီးတော့ လာကန်တော့တာတော့ မထည့်ဘူး။ အပေးအယူ လုပ်တာတော့ အဂတိလိုက်စားတာလို့ထင်တယ်။ ကျွန်တော့် စာစကားအရ ပြီးသွားမှ သူကျေနပ် လို့လာပေးတာတော့ ဘာပဲဖြစ်ဖြစ် သူကျေနပ်တာကိုး။ ပီတိဖြစ်တာကိုးဆရာ။ ဘုန်းကြီးကျောင်း ရောက်တော့မှ နားကပ်၊ ဆွဲကြိုးတွေဖြုတ်ပြီးတော့ ဘုရားမှာ လှူလိုက်တာကိုလာဘ်လို့ ပြောဦးမှာလားဆရာ။ ဒါလည်း သူရည်ရွယ်ပြီး သွားတာမဟုတ်ဘူးဆရာ။ သူ့ရင်ထဲမှာ ဖြစ်လာတာ။ သဒ္ဓါစိတ်က ယိုဖိတ်လာတဲ့ အခါကျတော့ ဘုရားကို ပူဇော်ချင်တာ ဖြစ်လာတယ်။ ရှိသမျှ လက်စွပ်တွေ၊ နားကပ်တွေချွတ်တာ ဘာအကျိုးမျှော်ကိုးလို့လဲ။ ဥဒါန်းကျူးတယ် ဆိုတာ ရင်ထဲမှာ လှစ်ခနဲဖြစ်လာတာကိုကျူးတာ။ သူ့ရဲ့စိတ်ကျေနပ်မှုဟာ ဘာနဲ့မှ မလဲနိုင်တဲ့ ကျေနပ်မှုမျိုး ရသွားတဲ့အခါကျတော့ ပစ္စည်းနဲ့မလဲနိုင်ဘူး။ ကြိုက်တာ ပေးကြည့်မရနိုင်ဘူး။ ဒါကြောင့်မို့ အပေး အယူလုပ်တဲ့ သဘောမျိုးနဲ့ ပါလာရင်တော့ ဒါဟာ အပြင်လူ မသိရင်နေပါစေ ကာယကံ ရှင်သိတယ်။ ဒါမျိုး မလုပ်ကောင်းဘူး။ ဒါကိုပဲ ကျွန်တော်က အဂတိလို့မြင်တယ်။ ကျန်တာကတော့ သူက လူတစ်ယောက်ကို လုပ်ပေးလိုက်လို့ ကျေနပ်ပြီးတော့ လက်ဆောင်ပေးတဲ့ ဟာမျိုးကျတော့ ဖြစ်သင့်သလား။ သူကျေနပ်လို့ ပေးတာလေ။ ငါ့ကိုဒါပေးရင် ငါဒါလုပ်ပေးမယ်လို့ ပြောတာ မဟုတ်ဘူးလေ။ ကျွန်တော်လည်း စကားချုပ်ပါပြီ။ မင်္ဂလာပါဆိုတဲ့စကား ပြန်ပြောပါမယ်။

● အဲဒါလေးတွေကို အခုပြည်ထောင်စု လွှတ်တော် ဒုတိယနာယကကြီးဖြစ်နေတဲ့ အခါကျတော့ တချို့ ၀န်ကြီးတွေကို နည်းနည်း စကားပြောတဲ့အခါမှာ ယဉ်ယဉ်ကျေးကျေး ဘာညာပေါ့ တချို့ဆို ကြမ်းကြမ်း တမ်းတမ်း ပြောတာရှိတယ်လေ။

ဆရာ သူတို့က ကျွန်တော်တို့ထက် ကြီးတယ်လို့ သူတို့ကိုယ်သူတို့ ထင်နေတာ။ တစ်ချိန်လုံး သူတို့အုပ်ချုပ်လာခဲ့တာ။ ပြည်ထောင်စု ၀န်ကြီးဆိုတဲ့ ပုဂ္ဂိုလ်လည်း ကျွန်တော့်ကို ပြောတယ်လေ။ လမ်းဘေး ကနေ တက်လာတယ်။ဘာကောင်လဲ။ ကျွန်တော်အရင်က ကျွန်တော့်မိဘ ခိုင်းတဲ့အတွက် ကျွန်တော့် အလုပ်လုပ်ပါတယ်။ ဘာလုပ်လဲဆိုတော့ ဘိသိက်လုပ်ပါတယ်။ သူများကို ကျွန်တော်လက်ထပ် ပေးပါတယ်။ အဖေ ကျွန်တော် မလုပ်ချင်ဘူး။ သားရယ်လုပ် လိုက်ပါ။ သူများကို မင်္ဂလာအမှုပြုရတာ ကျက်သရေရှိတယ်။ အခု ကျွန်တော့်ကို ပြောတယ်။ ဘိသိက်ဆရာ ဘယ်လိုဖြစ်ပြီးတော့ ဒုတိယဥက္ကဋ္ဌ ဖြစ်သွားတာလဲတဲ့။ လူတွေက အမြဲတမ်း ဝေဖန်နေကြတယ်။ ကျွန်တော် မကြောက်ပါဘူး။ ဝေဖန်ခံပါတယ်။ လူကြီးတွေနဲ့ တွေ့ရင်ဂါရ၀စ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပါတယ်။ ဒါမင်္ဂလာပဲ။ ဒါကိုယ့်မှာရှိလို့ပေါ့။ ကိုယ့်မှာမရှိရင် ဘာသွားလုပ်မလဲ။ ဒီမင်္ဂလာဟာ ကျွန်တော့် ခေါင်းထဲမှာ မရှိဘူးဆိုရင် လူကြီးကိုလည်း ရိုသေရမှန်းမသိ၊ ကောင်းသော အမှုကို လည်း ပြုလုပ်ရမှန်းမသိ၊ ကျေးဇူးရှင်ကိုလည်း ကျေးဇူးဆပ်ရမှန်းမသိ၊ လူတိုင်းမှာမင်္ဂလာ ဆောင် သင့်တယ်။ ကျွန်တော်လည်း မင်္ဂလာဆောင်တယ်။ မင်္ဂလာဆောင်တယ်ဆိုတာ လင်ယူမယားယူ ပြောတာ မဟုတ်ဘူး။ မင်္ဂလာဆိုတာ ၃၈ဖြာ မင်္ဂလာကိုပြောတာ။ ကျွန်တော် အပြောခံရသေးတယ်။ ကျွန်တော် ဒီမှာလာပြီး ဒုတိယဥက္ကဋ္ဌဖြစ်တဲ့အချိန်မှာ ပွဲရောက်တဲ့အခါကျရင် သူ့မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ ကျွန်တော် အတုယူပါတယ်လို့။ အစစ်တော့ မရဘူးပေါ့။ ဘာအတုလဲတဲ့။ ဆရာကြီး ဦးဂုမ္ဘဏ် ဆုတောင်းပါ။ ဒီမှာ မင်္ဂလာပဲရှိတယ်တဲ့။ သုမင်္ဂလာမရှိဘူးတဲ့။ သုဆိုတဲ့ စကားကြီး မသုံးပါနဲ့တဲ့။ ကျွန်တော်ဘာမှ မပြောဘူး။ ဘုန်းကြီး ဆွမ်းကျွေးတယ်။ အိမ်မှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ် ဆွမ်းကျွေးတယ်။ ကျွန်တော့်အဖေသေလို့၊ ကျွန်တော့်အမေသေလို့ ဘုန်းကြီးဆွမ်း ကျွေးတယ်။ ပရိသတ်တွေ ကျွေးတယ်။ ကျွန်တော် မင်္ဂလာဦး ဘုန်းကြီး တွေ ပင့်တယ်။ ဆွမ်းကျွေးတယ်။ သူငယ်ချင်းတွေ ခေါ်ကျွေးတယ်။ ဘုန်းကြီး ဆွမ်းကျွေးတာလည်း အတူတူပဲ။ ဒီမိတ်ဆွေတွေ လာစားတာလည်း အတူတူပဲ။ ဆွမ်းကျွေးတာနဲ့ အဖေ အမေသေတာနဲ့ ခံစားချက်တူသလား။ ဆွမ်းကပ်တယ်။ ဧည့်သည်မိတ်ဆွေများကို ကျွေးတယ်။ မင်္ဂလာပါ။ မင်္ဂလာဒါန၊ မွေးနေ့တို့ဆိုတာ စာမေးပွဲအောင်လို့ ကျွေးတာ သုမင်္ဂလာပါ။ ဟိုဟာကတော့ ဒုပါ။ ဒါကြောင့် သုခ၊ ဒုက္ခကွဲတယ်။ သုစရိုက်နဲ့ ဒုစရိုက်လည်းကွဲတယ်။ ဒါကြောင့် ဒုဥက္ကဋ္ဌ လို့မခေါ်ဘဲ ဒုတိယဥက္ကဋ္ဌလို့ ပဲ ခေါ်ပါလို့ ပြောတာပါ။

● ပြည်ထောင်စုဝန်ကြီးတွေထက် အဆင့်မြင့်တဲ့ ဒုတိယနာယက နေရာမှာ ထမ်းဆောင်တာ နည်းနည်းပါးပါး မထိန်းကျောင်းခဲ့ဘူးဆိုရင် တိုင်းပြည်နာ တာပေါ့။

ဆရာနဲ့ ကျွန်တော်တောင် ကံကောင်းလို့ အခုမှတွေ့ရတာ။ သူတို့နဲ့ ကျွန်တော်တို့ တခြားစီဖြစ်နေတာ ဘယ်လိုလုပ် ထိန်းကျောင်းမလဲ။

● ကျွန်တော် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနဲ့ တွေ့တဲ့အချိန်မှာ လွှတ်တော် ဥက္ကဋ္ဌတွေ က ပြည်ထောင်စု ၀န်ကြီးတွေကို လမ်းညွှန်ပိုင်ခွင့် ရှိပါတယ်တဲ့ အခြေခံဥပဒေအရ။

ဒါပေမဲ့ လူတွေက အဲဒီလိုမှ မခံယူထားတာ။ မင်္ဂလာဆောင်တယ်ဆိုလည်း အဲဒီလိုမျိုး မြင်တယ်။ ကွဲကွဲပြားပြား ပြောတဲ့အခါ ကျတော့လည်း လူတွေက အဲဒီလိုမျိုးပြောတယ်။ ဗမာတွေ ယဉ်ကျေးမှု အဲဒီလောက်တောင် နိမ့်ကျကုန်ပြီလား။ ယဉ်ကျေးမှုကို နားလည်ကြပါ။ စကားလေးတွေလည်း နားလည်းကြပါ။ လူကြီးလူငယ် မရွေး၊ လက်အုပ်လေး ချီပြီးတော့ ဒါဘာဖြစ်လဲ။ ဘုန်းကြီးရဟန်းမှ မဟုတ်ဘူး။ ကျွန်တော့်ထက် ငယ်တဲ့လူတွေ ကျွန်တော့်ထက် သီလကောင်းရင် ကောင်းမယ်။ မမြင်ရဘူး။ မြင်ရ တဲ့ဟာတွေက အပြင်မှာ မြင်ရပေမယ့်လို့ မမြင်ရတဲ့ အတွင်းစိတ်ရဲ့ စင်ကြယ်မှုဆိုတာ အများကြီးရှိတယ်။

● အခုရေးသားနေကြတဲ့ မီဒီယာတွေအပေါ် ကောင်းတာ၊ ဆိုးတာ တွေ့ တုန်းလေး ဝေဖန် သုံးသပ်ပေးပါလား။

မှန်တာပြောရရင် ကျွန်တော် ဝေဖန် မသုံးသပ်တတ်ပါဘူးဆရာ။ တစ်ခုပဲ ကောင်းကျိုးလိုရာကိုပဲ ကျွန်တော် ဖြစ်စေချင်ပါတယ်။ သူများတွေကို ဆရာတို့က တာဝန်ခံ ယူထားရတာဆိုတော့ သူများ အကျိုးယုတ်မယ့် ကိစ္စမျိုးတော့ မလုပ်သင့်ဘူးပေါ့ဆရာ။ ညာတာတောင် သူများအကျိုးယုတ်မယ့် ကိစ္စမှာ မယုတ်ချင်တဲ့အတွက် ကိုယ်ကညာ ပေးလိုက်ရတာ ရှိတယ်။ သူများကောင်းကျိုး အတွက်ပါ။ သူများကို မသိစေချင်တဲ့ အတွက် မပြောစေချင်တဲ့အတွက် သူ့ရဲ့စိတ်နှလုံး ထိခိုက်မှာ သူ့ရဲ့ဂုဏ်သိက္ခာထိခိုက်မှာ တစ်ခါတလေ ကျတော့လည်း မုသာဝါဒ သုံးလိုက်ရတယ်။ ဆရာတို့သံတော်ဆင့်ထဲမှာ ပြည်သူတွေက ပညာတွေရသွားဖို့၊ ပြည်သူတွေ နားလည်သွားဖို့ အမှန်တရားလေးကို ဖော်ထုတ်ပေးနိုင်ဖို့ ကြိုက်ပါတယ်။ အခုနက ပြောသလို အခုနကနေရာ လေးတွေမှာ လွဲနေတာလေးတွေ ရှိရင်သာ ဆရာတို့ အနေနဲ့ အမြင်မတော်တာရှိရင် တည့်ပေးပါ။ အဲဒါဆိုရင် ကျွန်တော်ထင်တယ်။ အောင်မြင်မှာပါ။ သူများပေါ်မှာ စေတနာထားရင် ဆရာရယ် အကျိုးမယုတ်ပါဘူး။ ဒီအချိန်မှာ မဟုတ်ပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ အကျိုးပြန်ရှိလာမှာပါ။

● နိုင်ငံရေးသတင်းတွေ နိုင်ငံရေး ဆောင်းပါးတွေ အကုန်ဖတ်ဖြစ်လားခင်ဗျ။

ဖတ်ပါတယ်။ ကိုယ့်ကိုဘယ်သူများ မနာလိုမုန်းထားရင် ရေးနေလဲ ဆိုတာလောက်ပဲ ဂရုစိုက်ပါတယ်။ လွှတ်တော် အပေါ်မှာများ ဘာတွေများ အမှားအယွင်း ရှိမလဲ ဆိုတာလည်း ကျွန်တော် ဂရုစိုက်ပါတယ်။ ပြင်ဖို့ဆင်ဖို့ လိုတာရှိလာရင် ကျွန်တော်တို့မှာ အမှားအယွင်း ရှိနေတဲ့ဟာ မျိုး ထောက်ပြတာမျိုး မြင်မှာစိုးလို့ ကျွန်တော် ရှာပါတယ်။ ဒီလောက်ပါပဲ။ ကျွန်တော် အကြံပေးချင်တာကတော့ လုပ်ပါ။ တိုင်းပြည်ကောင်း ရာ ကောင်းကျိုးရှိတဲ့ ကိစ္စမျိုးလုပ်ပါ။ ဒါမျိုးက မအောင်မြင်လည်း ကိစ္စမဖြစ်ပါဘူး။

ဟုတ်ကဲ့ ကျေးဇူးပါပဲ ခင်ဗျာ။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment