အဆိုပါ ပြင်ဆင်ချက်အရ ပြစ်မှုထင်ရှားကြောင်း စီရင်ခြင်းခံရသူ၏ ပြစ်ဒဏ်များနှင့် ပတ်သက်၍ သေဒဏ်၊ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် နှင့် သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ်သော အမြင့်ဆုံး ပြစ်ဒဏ်များ ချမှတ်ရမည်ဟု မတ်လ ၆ ရက်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ပြင်ဆင်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၁၈ ရက်က ထုတ်ပြန်ချက်တွင် "စစ်ခုံရုံးများတွင် အကျဉ်းနည်းဖြင့် ဖြစ်စေ စစ်ဆေးပြီး ပြစ်ဒဏ်အဖြစ် အမြင့်ဆုံး သေဒဏ်အပါအဝင် နှစ်အကန့်အသတ်မရှိသော အလုပ်နှင့် ထောင်ဒဏ်၊ သုံးနှစ် အောက်မလျော့သော အလုပ်နှင့် ထောင်ဒဏ်အပြင် ငွေဒဏ်တို့ကို ချမှတ်ရမည်’’ဟု ဆိုခဲ့ပြီး ယခုပြင်ဆင် ထုတ် ပြန်ချက်တွင်မူ ပြစ်ဒဏ်များ တိုးမြှင့်ထားသည်ကို တွေ့ရသည်။
ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်ရန် ဖေဖော်ဝါရီ ၁၇ရက်တွင် သမ္မတအမိန့်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာလွှဲပြောင်းပေးလိုက်ပြီး တစ်ရက်အကြာတွင် ကာကွယ်ရေးဦးစီးချုပ်က စစ်အုပ်ရေးဒေသအဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၁၈ ရက် စစ်အုပ်ချုပ်ရေးအမိန့်တွင် စစ်ခုံရုံးတွင်စစ်ဆေးပြီး အထက်ပါပြစ်ဒဏ်များချမှတ်မည့် ပြစ်မှုများမှာ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ အစိုးရကို အကြည်ညိုပျက်အောင်ပြုလုပ်မှု၊ မတရားအသင်း အက်ဥပဒေအရပြစ်မှုများ၊ လက်နက်အက်ဥပဒေအရပြစ်မှုများ၊ လူသတ်မှု၊ လူသေမှု၊ မုဒိန်းမှု၊ လုယက်မှု၊ ဓါးပြမှု၊ အဂတိလိုက်စားမှု၊ ၉၉၃ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှုများ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေအရ ပြစ်မှုများ၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၆၃ခုနှစ် အများနှင့်သက်ဆိုင် သောပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေးဥပဒေအရ ပြစ်မှုများ၊ ၁၉၅၀ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေ အရပြစ်မှုများ၊ သတင်းမီဒီယာဥပဒေအရ ပြစ်မှုများနှင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပြစ်မှုများ ဖြစ်သည်။
အဆိုပါ ဒေသကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ တားမြစ်မိန့် ထုတ်ပြန်ခဲ့သည်။
Credit - Mizzima News

No comments:
Post a Comment