Monday, March 2, 2015

ဗိုလ်ချုပ်မိန့်ခွန်းတွေက အစိုးရတွေအတွက် အကာကွယ်ယူ အသုံးချဖို့လား

ရန်ကုန် (မဇ္ဈိမ) ။ ။ "အခုအချိန်ဟာ နိုင်ငံရေးနိုးကြားစဖြစ်နေတဲ့ စမ်းတစ်ဝါးဝါး အချိန်ဖြစ်နေတယ်၊ ကျုပ်တို့အစိုးရကလည်း တက်နိုင်သလောက် လိုက်လျောပေးနေတာပဲ၊ မိဘဟာသားသမီးကို အလိုလိုက်ပေမယ့် စည်းကမ်းထက်ပိုဆိုး လာရင်ဆုံးမပေးရသလို၊ အခွင့်အရေးကို လိုသည်ထက်ပိုယူလာရင် စည်းကမ်းမဲ့ဖြစ်လာရင် ကျုပ်တို့ အစိုးရ အဖွဲ့ကလည်း ဆုံးမပေးရမှာပဲ၊ နည်းလမ်းစည်းကမ်းအတိုင်း လိုလားချက်တွေ တောင်းပါ တရားစီရင်လိုက်လျော ပါ့မယ်" ဆိုတာကို ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ခုနှစ် မတ်လ ၂၅ရက်မှာ ပြည်သူတွေကို ပြောဆိုခဲ့ပါတယ်။

ယင်းမိန့်ခွန်းကိုပဲ ဦးသိန်းစိန်အစိုးရ၏ ဆောင်ရွက်ချက်များ ဝေေ၀သီသီ ဖော်ပြသည့် မြန်မာ့အလင်း၊ ကြေးမုံတို့မှာ ဖေဖော်ဝါရီ ၂၇ရက်တွင် ဖော်ပြခဲ့သည်။

"ယခုတိုင်းပြည်မှာ မငြိမ်မသက်ဖြစ်နေတဲ့ ကိစ္စ၊ ဆူဆူပူပူဖြစ်နေတဲ့ကိစ္စတွေဟာ တိုင်ပြည်အတွက် အကျိုးရှိသလား၊ အကျိုးမရှိဘူးလားဆိုတာ၊ ခင်ဗျားတို့ ထပ်စဉ်းစားဖို့လိုတယ်၊ ဆူပူသောင်းကျန်း မှုတွေကို ဗမာပြည်ချစ်တဲ့လူတွေမှန်သမျှ၊ ၀ိုင်းဝန်းကူညီနိမ်နင်းဖို့ လိုတယ်။ ဘယ်သူ့ကိုမှ အားပေးဖို့မလိုဘူး၊ တိုင်းသူ ပြည်သားညီညွတ်ရေး လူထုရဲ့ ညီညွတ်ရေး တိုငးရင်းသားစည်းလုံးညီညွတ်ရေး အတွက် ယခုထက်ပိုပြီး ဆထက်ထမ်းပိုးပြီး လုပ်ကြဖို့လိုတယ်"

ယင်းသည်လည်း ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးမီ ၁၉၄၇ခုနှစ် ဇူလိုင် ၁၃ရက်၊ မြို့တော်ခန်းမ ရှေ့တွင် ပြည်သူသို့ ပြောကြားခဲ့သည့် မိန့်ခွန်းတစ်ရပ်ဖြစ်ပြီး နိုင်ငံပိုင် ကြေးမုံသတင်းစာက ၂၀၁၅ခုနှစ် မတ်လ ၁ရက်တွင် ဖော်ပြခဲ့သည်။

လက်ရှိ ၂၀၁၅ခုနှစ် မြန်မာနိုင်ငံရေးတွင် ပညာရေးသပိတ်များ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး ရေကြိမ်မြင့်တက်လာသည့် အချိန်များ၊ ငြိမ်းချမ်းရေး ဆွေးနွေးမှု ရပ်တံ့နေသည့် အချိန်များ၊ နိုင်ငံသားရေးရာ အငြင်းပွားမှု ကိုးကန့်တိုက်ပွဲများနှင့် အချိန်ကိုက်ပင်ဖြစ်နေသည်။

ဦးသိန်းစိန်အစိုးရသည် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများကို ၂၀၁၅ခုနှစ် နှစ်ဆန်းပိုင်းကပင်စတင်ကာ နိုင်ငံပိုင် သတင်းစာများတွင် စတင်ထည့်သွင်းဖော်ပြလာခဲ့သည်။ ဗိုလ်ချုပ်အမှတ်တစ်ရ ဆောင်းပါးများ၊ မိန့်ခွန်းတို့ကို နေ့စဉ်ကဲ့သို့ ဖော်ပြနေသည်။

ဗိုလ်ချုပ်အောင်ဆန်းပြောဆိုခဲ့သည့် မိန့်ခွန်းများသည့် အလွန်ကျယ်ပြန်ပြီး မြန်မာလွတ်လပ်ရေး၊ ပြန်လည် ထူထောင်ရေး၊ သွေးစည်းညီညွတ်ရေးစသည့် အသိစိတ်ဓါတ်များ ပြည်သူတို့ထံ ရရှိစေရန် အသိပေး ပြောကြားခဲ့သည့် မိန့်ခွန်းများဖြစ်သည်။
ယင်းသို့ဖော်ပြခြင်းက ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီး နှစ်ပေါင်း ၆၀ကျော်အတွင်း အရပ်ဖက်ပြောင်း တပ်မတော်အစိုးရက ပထမဆုံး ပြန်လည်ဖော်ပြခြင်းလည်းဖြစ်သည်။

"အစိုးရ အကျပ်အတည်းရှိနေတာ၊ ဗိုလ်ချုပ်ကိုပြပြီး အကာအကွယ်ယူတာ၊ တပ်၊ အစိုးရ၊ လွှတ်တော်ကို မပုတ်ခတ်ဖို့အတွက် အထိရောက်ဆုံးက ဗိုလ်ချုပ်မိန့်ခွန်းပဲ၊ ပြောဆိုဝေဖန်တာတွေ၊ လမ်းမပေါ်ရောက်တာ တွေကို ဗိုလ်ချုပ်နဲ့ ကိုင်ပေါက်တာပဲ" ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက သုံးသပ်သည်။

နိုင်ငံပိုင်သတင်းစာပါ ဗိုလ်ချုပ် မိန့်ခွန်းများနှင့် မြန်မာနိုင်ငံ လက်ရှိ နိုင်ငံရေးဖြစ်စဉ်များသည် တိုက်ဆိုင်မှုများစွာ ရှိနေသည်။
ဖေဖော်ဝါရီလ ၂၇ရက်တွင်ဖော်ပြခဲ့သည့်  ဗိုလ်ချုပ် မိန့်ခွန်းဖြစ်သည့် "သတင်းစာတွေကို ကျွန်တော်ပြောချင်တယ်၊ သတင်းစာတွေဟာ ဒီအစိုးရလက်ထက်နဲ့ အရင်တုန်းက အခြား အစိုးရလက်ထက်နဲ့ သေသေချာချာနှိုင်းယှဉ်ကြည့်စေချင်တယ်၊ ကျွန်တော်တို့ဟာ ဘယ်လိုအစိုးရဆိုတာလဲ၊ ဘာမှ အထူးပြောနေစရာမလိုဘူး၊ အဲဒီတော့ကာ ကျွန်တော်တို့ကို ထောက်ခံအားပေးနေတဲ့ သတင်းစာတွေ ရှိလည်း အားပေးချင်ပေးကြ ဒီလိုမှမဟုတ်လို့ ကျွန်တော်တို့ကို ဝေဖန်ပြီးတော့ အတိုက်အခံလုပ်ချင်ကြတဲ့ သတင်းစာတွေဆိုရင်လည်း သဘောအတိုင်းပဲ။ သို့ပေမယ့် အကြည်ညှိုတစ်ဦးနဲ့တစ်ဦး၊ ပျက်စေတဲ့စကားမျိုး တိုင်းပြည်ဆူပူအောင် လှုပ်ရှားအောင်လှုံဆော်တဲ့ စကားမျိုး ဖက်ဆစ်အစီအမံကို လုံးဝတစ်ခါတည်း လိမ်လည် လည့်ဖြားပြီး ရေးသားတဲ့အနေအထား မျိုးဆိုရင် ကျွန်တော်တို့ သည်းခံမှာ မဟုတ်ဘူးဆိုတာ တိတိလင်းလင်းပဲ သတိပေးပါရစေ"  ဟူသည့် မိန့်ခွန်းကို နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြခဲ့သည်။

မိန့်ခွန်း ထည့်သွင်း သည့်နေ့တွင်ပင် မုံရွာမြို့ အလွတ်တန်းသတင်းထောက် ဦးအောင်နေမျိုးကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် ထိန်းသိမ်းခြင်းများရှိခဲ့သည်။

"ကျွန်တော်တို့ ဖြတ်သန်းခဲ့မှုအရဆိုရင်တော့  ဆင်တာလည်းရှိတယ်၊ ဒါပေမယ့် အားလုံးကိုတော့ လုပ်လို့မရဘူး၊ အကြောင်းအမျိုးမျိုးကြောင့် တစ်ချို့ကိစ္စတွေမှာ လုပ်ချင်လုပ်လိမ့်မယ်၊ မိန့်ခွန်းတွေ သုံးပြီး ကုစားတာလည်း ဖြစ်နိုင်တယ်" ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှုး ဦးစိုင်းညွှန့်လွင် ကဆိုသည်။

"မိမိတို့အစိုးရအဖွဲ့ဟာ တိုင်းပြည်အတွက် လုပ်ငန်းတွေ နေ့စဉ်နေ့တိုင်းလုပ်ကိုင်နေကြရတာမှာ အချိန်အားရတယ် မရှိဘူး၊ တချို့ကိစ္စတွေဟာ တိုင်းပြည်မှာ ဖြစ်နေကြရတာက ဟိုတစ်မျိုး ဒီတစ်ဖုံဆိုတာ လိုဖြစ်တော့ ဆန်စင်ရာ ကျဉ်ပွေံ မလိုက်နိုင်ဘူး၊ ဒီတော့ မိမိတို့အစိုးရအဖွဲ့မှာ တစ်ကယ် အခက်အခဲတွေထဲမှာ အလုပ်လုပ်နေရတော့ တချို့နေရာမှာ မအောင်မြင်တာလေး တွေလည်း ရှိတယ် အောင်မြင်တာ တွေလည်း ရှိတယ်" ဟု ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ခုနှစ် မေလ ၃၀ရက်က ပြောဆိုခဲ့သေးသည်။

ဦးသိန်းစိန်အစိုးရကလည်း ထိုနည်းတူ နိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်သည့် လုပ်ငန်းများရှိခဲ့သလို၊ အခက်အခဲမျာစွာဖြင့်လည်း ရင်ဆိုင်ရသည်ဟု လစဉ်ပြောကြားသည့် မိန့်ခွန်းအတွင်း ထည့်သွင်းပြောဆိုလေ့ရှိသည်။
ကျွန်တော့်အနေနဲ့ အထူးပြုပြီး ပြောချင်တာကတော့ ဒီလိုပြုပြင် ပြောင်းလဲဖို့ ကြိုးပမ်းတဲ့ အခါမှာလည်း မြန်မာနိုင်ငံရဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု ခိုင်မာရေးနဲ့ ပွင့်လင်းလွတ်လပ်ပြီး ငြိမ်းချမ်း သာယာတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်ရေးအတွက် မောင်းနှင်အား ဖြစ်လာမယ့် ပညာရေးစနစ် တစ်ခု အောင်မြင် စွာ ပေါ်ပေါက်လာဖို့အတွက် ရေတိုရေရှည် အစီအမံများ၊ လွှမ်းခြုံ စဉ်းစားမှုများနဲ့ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ကြဖို့ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းအသီးသီးကို တိုက်တွန်း ပြောကြားလိုသည်ဟု ဦးသိန်းစိန်က မတ်လ ၁ရက် ရေဒီယိုမိန့်ခွန်းတွင်ပြောဆိုခဲ့သည်။


Credit - Mizzima News

  

 

No comments:

Post a Comment