ရန်ကုန် (မဇ္ဈိမ)။ ။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေမှူးချုပ်ဟောင်း ဦးသန့်၏ နေအိမ်ကို အများပြည်သူ လာရောက်လေ့လာနိုင်ရန် တစ်ပတ်လျှင် သုံးရက်ကြာ ဖွင့်လှစ်ပြသမည်ဟု ဦးသန့်၏ သမီးဖြစ်သူ ဒေါ်အေးအေးသန့်က မဇ္ဈိမသို့ ပြောသည်။
ဒေါ်အေးအေးသန့်က “ အန်တီတို့က အများပြည်သူလာရောက် လေ့လာနိုင်ဖို့အတွက် သုံးရက်ကြာ ဖွင့်ပေးသွားမှာပါ။ ကျန်တဲ့ ရက်တွေမှာတော့ လိုအပ်တွေကို ပြန်လည်ပြုလုပ်ရဦးမှာပါ” ဟု ပြောသည်။
ဦးသန့်၏ နေအိမ် ပြန်လည်ပြုပြင်ရန်အတွက် လာရောက်လေ့လာသူများထံမှ အလှူငွေများ လက်ခံသွားမည်ဖြစ်ပြီး အနည်းဆုံး တစ်ဦးလျှင် ကျပ် လေးထောင် ကောက်ခံမည် ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဦးသန့်၏ နေအိမ်၌ ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက်အထိ ဦးသန့်၏ ဘဝဖြစ်စဉ် မှတ်တမ်းဓာတ်ပုံ ပြပွဲကို ပြသနေပြီး ယင်းဓာတ်ပုံများကို ဦးသန့်၏ မြေးဖြစ်သူ ဒေါက်တာ သန့်မြင့်ဦးက စုစည်းပြသခြင်း ဖြစ်သည်။ ယင်းပြပွဲပြီးပါက ဦးသန့်နေအိမ်ပြန် လည်ပြုပြင်ရန်ကျန်ရှိသေးသည့်အတွက် သောကြာ၊ စနေ၊ တနင်္ဂနွေ သုံးရက်သာလျှင် အများပြည်သူများ လာရောက်လေ့လာနိုင်ရန် ဖွင့်လှစ်မည် ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment