မတ်လ ၂ ရက်တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့တွင် သမ္မတဦးသိန်းစိန်၏ တောင်သူ လယ်သမားဦးကြီးများသို့ သဝဏ်လွှာပေးပို့ရာတွင် “လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများ ဆထက်ထမ်းပိုး ပိုမို တိုးတက်ဖြစ်ထွန်းအောင်မြင်ကြပါစေ”ဟု အစချီလျက် နှုတ်ခွန်းဆက်သလိုက်သည်။
သမ္မတ ဦးသိန်းစိန်၏ နှုတ်ခွန်းဆက်စကားကို ဆန်းစစ်ကြည့်ရန်လိုပါသည်။ မြန်မာ့လူဦးရေ၏ ၇ဝ ရာခိုင်နှုန်း သော ကျေးလက်နေသူတို့တွင် အများစုသည် တောင်သူလယ်သမားများ ဖြစ်ကြပါလိမ့်မည်။ ထိုသူတို့ လယ်ယာစိုက်ပျိုးရေးဖြစ်ထွန်းရန် ရာသီဥတုသည်သာမက လယ်ယာသုံးပစ္စည်းများနှင့် အထောက်အပံ့များ များစွာလိုအပ်ပါလိမ့်မည်။
လက်မှုလယ်ယာမှသည် စက်မှုလယ်ယာသို့ဟု ဟစ်ကြွေးခဲ့ကြသော်ငြား တောင်သူတို့မှာ နွားများနှင့် ဒိုးတူ ပေါင်ဖက် လုပ်ကိုင်နေရဆဲဖြစ်သည်ကိုမူ ငြင်းနိုင်ဖွယ်မရှိပါ။ လက်တွေ့အခြေအနေသည် သမ္မတ ဦးသိန်းစိန် ဆိုသကဲ့သို့မဟုတ်ဘဲ လွန်စွာ ကွာခြားလျက်ရှိနေသည်ကို စောဒကတက်၍ မရနိုင်ပါ။
စက်မှုလယ်ယာဟု နှစ်ပေါင်းများစွာ ကြွေးကြော်ခဲ့သော်လည်း လယ်သမားတို့မှာ လယ်ယာသုံးထွန်စက် အရည် အသွေးအနိမ့်ဆုံးအဆင့် ဝယ်ယူရန်ပင် မတတ်နိုင်သည့် အခြေအနေတွင်ရှိပါသည်။ သို့အတွက် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများ ဆထက်ထမ်းပိုး ပိုမိုတိုးတက်ဖြစ်ထွန်းအောင်မြင်ရန် လယ်သမားတို့အတွက် လယ်ယာ သုံးပစ္စည်းများ အထောက်အပံ့ပေးရန်မှာ အခရာ ကျပါလိမ့်မည်။
သမ္မတ၏ သဝဏ်လွှာတွင်ပင် “တောင်သူလယ်သမားများ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အဓိကထားပြီး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့ရာမှာ ထင်ရှားမြင်သာသော အောင်မြင်မှုများ အထိုက် အလျောက်ရရှိပြီးဖြစ်ပါသည်” ဟု ဖော်ပြထားပြန်သည်။
သမ္မတက ထင်ရှားမြင်သာသော အောင်မြင်မှုများဟု ဆိုသော်ငြား လယ်သိမ်း ယာသိမ်းခဲ့မှုများအတွက် ယခု အစိုးရသက်တမ်း လေးနှစ်အတွင်း ဆန္ဒပြမှုများ အကြိမ်ကြိမ် အလီလီ ဖြစ်ပေါ်ခဲ့ပြီးဖြစ်သည်။ လွှတ်တော်တွင် လည်း လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုကြောင့် နစ်နာမှုမရှိစေရေး စုံစမ်းစစ်ဆေးရေးကော်မရှင် ကို ဖွဲ့စည်းဖြေရှင်းခဲ့ရသည်အထိ ဖြစ်ပေါ်ခဲ့သည်။
သို့သော် ထိုကော်မရှင်၏ ဖြေရှင်းနိုင်မှုကိုလည်း မေးခွန်းထုတ်ရန်ရှိလာသည်။ တပ်သိမ်းမြေ၊ ကုမ္ပဏီများ သိမ်းမြေ၊ ဝန်ကြီးဌာနများမှ သိမ်းဆည်းမြေများကို ကော်မရှင်ကစိစစ်လျက် ပြန်လည်ပေးရန် ဆုံးဖြတ်ချက်များ ရှိသော်လည်း လယ်သမားများလက်တွင်း ပြန်မရောက်သည့် လက်တွေ့အခြေအနေများလည်း ရှိနေပါသေးသည်။
သမ္မတ၏သဝဏ်လွှာတွင်ပင် “တစ်လှေတည်းစီး တစ်ခရီးတည်း အတူသွားခရီးဖော်များအဖြစ် ရှေ့တွင်ကြုံတွေ့ ရင်ဆိုင်ကြရမည့် စိန်ခေါ်မှုများနှင့် အတားအဆီး၊ အခက်အခဲမှန်သမျှကို အေးအတူ ပူအမျှ အတူတကွ လက်တွဲ ရင်ဆိုင်ကျော်ဖြတ်ကြပြီး ရည်မှန်းချက် ပန်းတိုင်သို့ ချီတက်ရန်” တိုက်တွန်းခဲ့သေးသည်။
သို့သော် တောင်သူလယ်သမားများ၏ အခက်အခဲ၊ စားဝတ်နေရေးမပြေလည်မှုများ၊ လယ်သိမ်းမြေသိမ်းမှုများ မဖြေရှင်းနိုင်သေးဘဲ တစ်လှေတည်းစီး တစ်ခရီးတည်းသွားကာ အခက်အခဲများကို ဖြေရှင်းနိုင်မည်မဟုတ်ပါ။ သို့အတွက် တိကျသည့်မူဝါဒနှင့် ရှင်းလင်းသည့် ဖြေရှင်းနည်းများဖြင့် တောင်သူလယ်သမားတို့၏ အခက်အခဲကို ဖြေရှင်းသင့်လှပါသည်။ သို့မှသာ ကျွဲနွားများနှင့်ရုန်းကန်ကာ နိုင်ငံ့ဝန်ကို တစ်ဘက်တစ်လမ်းမှ ထမ်းနေကြသည့် ဦးကြီးတို့ဘဝ သာယာပေလိမ့်မည်။
Credit - Mizzima News
No comments:
Post a Comment