လက်ပံတန်း (မဇ္ဈိမ)။ ။ ယမန့်နေ့က ရန်ကုန်မြို့တွင် ဆန္ဒပြသူများအား
ဖမ်းဆီးမှုနှင့် လက်ပံတန်းတွင် သပိတ်မှောက်ကျောင်းသားများ အား
ပိတ်ဆို့ထားမှုအပေါ် ကန့်ကွက်သည့်အနေဖြင့် သပိတ်စခန်းနှင့်
တစ်မိုင်ခန့်ဝေးသော လက်ပံတန်းမြိုလယ် ၊ မြို့မဈေးရှေ့တွင် ဆန္ဒထုတ်ဖော်သည့်
သပိတ်စခန်းမှ ကျောင်းသား လေးဦးနှင့် ကျောင်းသူ တစ်ဦးကို မတ်လ ၆ ရက်၊
မနက် ၉ နာရီတွင် မြို့နယ်ရဲတပ်ဖွဲ့က ကားပေါ်ဆွဲတင်ကာ
ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

လက်ပံတန်းမြိုလယ်
၊ မြို့မဈေးရှေ့တွင် ဆန္ဒထုတ်ဖော်သည့် သပိတ်စခန်းမှ ကျောင်းသား ၄ ဦးနှင့်
ကျောင်းသူ ၁ ဦး ဆန္ဒပြနေစဉ်။ (ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)
ဆန္ဒပြကျောင်းသား ၄ ဦးနှင့် ကျောင်းသူ တစ်ဦးတို့မှာ “ကျောင်းသားထုကို
ဝန်းရံပါ” ၊ “အာဏာရှင် ကျဆုံးပါစေ”၊ “အကြမ်းဖက်ဝါဒ ကျဆုံးပါစေ” ဟူသည့်
ပိုစတာများကို ကိုင်ဆောင်ကာ ဆန္ဒပြနေစဉ် ဆယ်မိနစ်ခန့်အကြာတွင်
ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ဆန္ဒပြကျောင်းသားများကို ဖမ်းဆီးရန် အရပ်ဝတ်တစ်ဦးက အမိန့်ပေးခဲ့ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါ ဆန္ဒပြပွဲသို့ မဇ္ဈိမအပါအဝင် သွားရောက်သတင်းယူသည့် ပြည်တွင်း၊ ပြည်ပသတင်းသမား ၁၅ ဦးခန့်အနက် ဧရာဝတီ သတင်းဌာနမှ ဓာတ်ပုံ သတင်းထောက် ကိုစိုင်းဇော်ကိုလည်း ရဲတပ်ဖွဲ့က ဆွဲခေါ်သွားခဲ့သေးသည်။ သို့သော် အခြားသတင်းသမားများက “သတင်းထောက်ကို ဘာလို့ဖမ်းတာလဲ” ဟု အော်ဟစ်ကာ ပြန်လည်ဆွဲ ခေါ်ခဲ့သည့်အတွက် လွတ်မြောက်သွားခဲ့သည်။
“ကျောင်းသားတွေကို ဖမ်းဖို့အမိန့်ပေးတဲ့ အရပ်ဝတ်နဲ့သူကို မှတ်တမ်းတင်နေတုန်း အဲ့လူကပဲ ဒီကောင့်ကိုဖမ်း၊ ဒီကောင့်ကို ဖမ်းလို့ အော်တော့ ရဲတွေက ဝင်ဆွဲတာပါ။ တစ်ခြားသတင်းသမားတွေရှိနေလို့ တော်သေးတယ်” ဟု ကိုစိုင်းဇော်က ပြောသည်။
ဖမ်းဆီးခံရသည့် ကျောင်းသား လေးဦးနှင့် ကျောင်းသူ တစ်ဦးမှာ ပိတ်ဆို့ခံထားရသည့် ပိတ်ဆို့ခံထားရသည့် ပင်မ သပိတ်စစ်ကြောင်းမှ ကျောင်းသားများ ဖြစ်သည်။

(၁) အိသဉ္ဇာမောင်၊ ရတနာပုံ တက္ကသိုလ်
(၂) ရဲမျိုးဆွေ ၊ ဒဂုံအရှေ့ပိုင်း တက္ကသိုလ်
(၃) သာအေး ၊ ကျောက်ဆည် တက္ကသိုလ်
(၄) အောင်မင်းခန့် ၊ ကျောက်ဆည် နည်းပညာ တက္ကသိုလ်
(၅) ရဲရင့်ပိုင်မှူး ၊ ကျောက်ဆည် နည်းပညာ တက္ကသိုလ်
ဗွီဒီယိုဖိုင် ကြည့်ရန် - Video File
Credit - Mizzima News
No comments:
Post a Comment