Friday, March 6, 2015

ဆူးလေဆန္ဒပြမှုတွင် တာဝန်လက်ပတ်ဝတ် နှိမ်နှင်းသူတို့၏ ဇစ်မြစ်ဖော်ထုတ်ရန် ဒေါ်စု တိုက်တွန်း

နေပြည်တော် (မဇ္ဈိမ)။ ။ ယမန်နေ့ ရန်ကုန် ဆူးလေဘုရားအနီး ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲတွင် ရဲများနှင့်အတူ ပါဝင်နှိမ်နှင်းခဲ့ကြသည့် “တာဝန်” လက်ပတ်ဝတ်ဆင်ထားသူများ၏ နောက်ကြောင်းဇစ်မြစ်ကို ရှာဖွေဖော်ထုတ်ဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်တွင် မီဒီယာသို့ တိုက်တွန်းပြောကြားသည်။

Student-Strike-at-Violence-in-Yangon-6
ရန်ကုန်မြို့တော်ခန်းမရှေ့ လက်ပံတန်းရောက် ကျောင်းသားသပိတ်ကို ထောက်ခံ ဆန္ဒပြသူများအား အကြမ်းဖက်ရိုက်နှက်ကာ ဖမ်းဆီးနေသည်ကို မတ်လ ၅ ရက် ညနေပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)



“တကယ်တော့ မီဒီယာတွေရဲ့တာဝန်ဆိုတာ ဒီလိုဟာတွေကို ဇစ်မြစ်ကဘာလည်းဆိုတာ ရှာဖွေဖော်ထုတ်ဖို့ပဲ၊ အမေတို့ကိုမေးနေလို့ အမေတို့က သိတာမဟုတ်ဘူး၊ မသိတဲ့သူကို မမေးပဲနဲ့ အဲ့ဒီဟာကိုလိုက်ရမယ်၊ ဒါမီဒီယာ တွေရဲ့ တာဝန်ပဲ၊ အဲ့တော့ သက်ဆိုင်တဲ့သူတွေကို လိုက်မေး ဒီလူတွေကဘယ်ကလဲ ဘယ်သူက ခိုင်းလို့ လုပ်နေတာလဲ၊ ဒါက သားတို့ မီဒီယာသမားတွေ တာဝန်၊ မီဒီယာဆိုတာ သတင်းဇစ်မြစ်ကိုလိုက်ရမယ်” ဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က မဇ္ဈိမ၏ အမေးကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆူးလေဆန္ဒပြပွဲအား နှိမ်နှင်းရာတွင် ဘယ်ကမှန်းမသိ ရောက်ရှိလာသည့် တာဝန်လက်ပတ်ဝတ်များနှင့်  ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နယ်အမတ် ဦးသိန်းညွန့်ကလည်း “အခုလို ဆန္ဒပြပွဲတွေမှာ ငါးဦးထက်ကျော်ခဲ့ရင် လိုအပ်ရင် စစ်တပ်ကို ခေါ်ယူ အကူအညီတောင်းလို့ရတယ်၊ မြို့ပြလူထုကို အကူအညီတောင်းလို့ရတယ်လို့ပဲ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၈ က ပြဌာန်းထားတယ်၊ အဲ့ဒီဥပဒေအရ လက်နက်ကိုင်အဖွဲ့မဟုတ်တဲ့ အမျိုးသားတွေကို လူစုလူဝေး ဖြိုခွဲရာမှာ ဖမ်းဆီးရာမှာ အသုံးပြုနိုင်တယ်၊ တကယ်တော့ ဒီဥပဒေက ဆန္ဒပြပွဲတွေကို နှိမ်နှင်းဖို့ သက်သက် ဖြစ်နေတဲ့အတွက် ဒီဥပဒေကို ပြင်ဆင်သင့်တယ်” ဟု ထောက်ပြခဲ့သည်။

ထိုသို့ သပိတ်လူစုခွဲရာတွင် လက်ပတ်နီဝတ်သူများအား ခေါ်ယူအသုံးပြုခြင်းသည် ဥပဒေနှင့်ညီညွတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မြင့်ထွေးက ယမန်နေ့ သတင်းစာရှင်းလင်းပွဲ တွင် အလုပ်သမားသပိတ် လူစုခွဲခဲ့ခြင်းနှင့် ပတ်သက်ပြီး ဖြေကြားခဲ့သည်။

ထိုသို့ လက်ပတ်နီဝတ်များ ပါဝင်နှိမ်နှင်းခြင်းမှာ ဥပဒေနှင့် ညီညွတ်သည်ဟု ရဲတပ်ဖွဲ့ကပြောသော်လည်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် ယနေ့လာရောက်တွေ့ဆုံကြသည့် နိုင်ငံရေးပါတီများထဲမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်းအမျိုးသားပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ကရင်အမျိုးသားပါတီ၊ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ တို့က အဆိုပါဖြိုခွင်းမှု လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချပါကြောင်း မဇ္ဈိမကို ဖြေကြားခဲ့သည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးခင်မောင်ရီကလည်း ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး လွှတ်တော်အမတ် တစ်ဦး အနေဖြင့်လည်းကောင်း၊ ပြည်သူ တစ်ဦး အနေဖြင့်လည်းကောင်း လွန်စွာစိတ်မချမ်းမြေ့ ဖြစ်ရပါသည်ဟု ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ပြည်သူ့တိုင်ကြားအသနားခံစာများ လေ့လာစိစစ်ရေး ကော်မတီဥက္ကဌကမူ “အနာသိရင် ဆေးရှိရမှာပေါ့၊ ဘာကြောင့် ဆန္ဒဖော်ထုတ်ကြရသလဲ၊ အကြောင်းရင်းကို ညှိနှိုင်းရင် ပြေလည်မယ့် သဘောရှိပါတယ်၊ သို့သော်လည်း လက်ပတ်တွေ ပတ်ပြီးမှ ဘောင်းဘီတိုဝတ်တဲ့သူ၊ ပုဆိုးဝတ်တဲ့ သူ၊ ပုံစံ အမျိုးမျိုးနဲ့ လုပ်တာကတော့ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူလူထုကနေ ဝိုင်းဝန်းဆောင်ရွက်ရာ မရောက်ဘူးလို့ မြင်ပါတယ်” ဟု ဝေဖန်ထောက်ပြခဲ့သည်။

Credit - Mizzima News

No comments:

Post a Comment