လုပ်ခလစာတိုးမြင့်ပေးရန် ရွှေပြည်သာအလုပ်သမားများ တောင်းဆိုဆန္ဒပြမှု မတ်လ ၄ ရက်တွင် ပေါ်ပေါက်ခဲ့ရာ သွားရောက်သတင်းယူသည့် သတင်းသမားနှစ်ဦး ခေတ္တထိန်းသိမ်းခံခဲ့ရသည်။
အသံဖမ်းစက်နှင့် ကင်မရာကိုင်လျက် သတင်းစာတိုက်မှ သတင်းထောက်ဖြစ်ကြောင်း အသိအမှတ်ပြု ကတ်ပြားချိတ်ဆွဲထားပါလျက်၊ ဖမ်ဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာ သတင်းဌာနတို့က ထုတ်ပြန်ခဲ့သည်။
သတင်းမီဒီယာတို့၏ တာဝန်သည် အဖြစ်အပျက်များကို အများပြည်သူသိရှိရန် အချိန်နှင့် တပြေးညီ ပေးပို့ရမည့်တာဝန်ရှိသည်ဖြစ်ရာ ယင်းကဲ့သို့သော လုပ်ဆောင်မှုနှင့် အဖြစ်အပျက်များ ဒီမိုကရေစီ စနစ်ကိုကျင့်သုံးသော အရပ်သားအစိုးရဟု ခေါ်ဆိုသည့် အစိုးရတစ်ရပ် လက်ထက်တွင် ပေါ်ပေါက်ခဲ့မှုမှာ လက်ခံနိုင်ရန်မရှိသည့် လုပ်ရပ်ပင်ဖြစ်သည်။
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် မတ်လ ၅ ရက်က ဆန္ဒပြမှုတွင်လည်း ဆန္ဒပြသူများကို ဖမ်းဆီးရာ၌ သတင်းထောက်များ တွန်းထိုးရိုက်နှက်ခံရမှုပေါ်ပေါက်လာခဲ့သည်။
မတ်လ ၆ ရက်တွင်မူ လက်ပံတန်းမြို့၌ ဆန္ဒပြသတင်းများ သွားရောက်ယူနေသည့် ဓာတ်ပုံသတင်းထောက် တစ်ဦးကို ဖမ်းဆီးရန် အရပ်ဝတ် ဝတ်ဆင်ထားသူတစ်ဦးက အမိန့်ပေးရာမှ ထိန်းသိမ်းခံရမည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။
ဆိုခဲ့သော အချင်းအရာများနှင့်ဖြစ်ရပ်များသည် နောက်ကြောင်းမပြန်ပါဟု အကြိမ်ကြိမ် ကတိပေးထားသည့် အစိုးရတစ်ရပ်၏ ကတိစကားနှင့် လုပ်ရပ်များ ညီညွတ်မှု မရှိသည်ကို ပြသနေသည့် လုပ်ရပ်များပင်ဖြစ်သည်။
ကိုးကန့်ဒေသ လောက်ကိုင်မြို့တွင် ဖေဖေါ်ဝါရီလအတွင်း ပေါ်ပေါက်ခဲ့သည့်လက်နက်ကိုင် တိုက်ပွဲများကို သွားရောက်သတင်းယူသည့် သတင်းသမားများ ထိခိုက်ဒဏ်ရာရရှိသည့် ဖြစ်ရပ်များလည်း ပေါ်ပေါက်ခဲ့သည်။ လက်နက်ကိုင် တိုက်ပွဲများသတင်းယူရာတွင် တိုက်ပွဲများနှင့် ပတ်သက်၍ လက်နက်ကိုင်များကို ဆက်သွယ်မေးမြန်းမှုသည် မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နှင့် ငြိစွန်းနိုင်ကြောင်း သတိပေးချက်များလည်း ထွက်ပေါ်လာခဲ့ပြန်သည်။
အစိုးရတစ်ရပ်သည် နိုင်ငံသူ နိုင်ငံသားများတွင် အပါအဝင်ဖြစ်သော သတင်းသမားများကို အကာအကွယ်မပေးနိုင် ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဟု ယူဆနိုင်ပါသည်။
အလားတူပင် လက်နက်ကိုင်များနှင့် ဆက်သွယ်ပါက ဥပဒေတစ်ခုခုနှင့် ငြိစွန်းနိုင်ကြောင်း အသိပေးချက် ထုတ်ပြန်ခြင်းသည်လည်း လွန်စွာအရုပ်ဆိုးလှသည့် လုပ်ရပ်ဖြစ်သည်။
စီမံခန့်ခွဲမှုလိုအပ်ချက်နှင့် ဖြေရှင်းမှုနည်းလမ်းမှားယွင်းမှုများကြောင့် နစ်နာမှုများ ပေါ်ပေါက်လာခဲ့ပါပြီ။ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်အပေါ် တာဝန်ခံမှုနှင့် တာဝန်ယူမှုတို့နှင့် ဖြေရှင်းပေးရန်သာ လိုအပ်ပါလိမ့်မည်။
မြန်မာဂျာနယ်လစ်ကွန်ရက်၏ မတ်လ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်တွင် “သတင်းထောက်များအား ဖမ်းဆီးရာ၌ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များထက် လက်ပတ်ဖြင့် အရပ်ဝတ်ဝတ်ဆင်ထားသူ ( အရပ်အခေါ် စွမ်းအားရှင်) များက မြို့နယ်အုပ်ချုပ်ရေးအာဏာပိုင်များ၏ ညွှန်ကြားချက်ဖြင့် ဖမ်းဆီးမှုကို အဓိကလုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရပါသည်ဟု ဆိုထားသည်။
''ယခုဖြစ်ရပ်တွင် ထိုသို့ပြုမူခြင်းသည် တရားဥပဒေနှင့် ညီညွတ်ခြင်းရှိ/မရှိဆိုသည့် အချက်နှင့်ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်များက တာဝန်ခံဖြေရှင်းသင့်ပါသည်” ဟု တိုက်တွန်းထားသည်။
ထို့အပြင် “သတင်းသမားများဖြစ်ကြောင်းလည်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက သိရှိပြီးဖြစ်လျက်နှင့် ဆန္ဒပြသူများအား စတင်ဖမ်းဆီးသည့်အခါ သတင်းသမားများကိုပါ သိမ်းကျုံးဖမ်းဆီးခဲ့ခြင်း၊ သတင်းထောက် များက ဖမ်းဆီးခံရစဉ်ကတည်းက သတင်းသမားဖြစ်ကြောင်း ပြောဆိုသော်လည်း လက်မခံဘဲ ကင်မရာများကို သိမ်းယူသွားခဲ့ခြင်းတို့သည် တရားဥပဒေနှင့်အညီ ပြုမူဆောင်ရွက်သည့် လုပ်ဆောင်မှုမဟုတ်” ဟုလည်း မြန်မာ ဂျာနယ်လစ်ကွန်ရက်၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
သက်ဆိုင်ရာအာဏာပိုင်များ အထူးသတိပြုဖွယ်အချက်များ ပါဝင်သည့် ထုတ်ပြန်ချက်ပင်ဖြစ်သည်။ ဆိုခဲ့သော အကြောင်းအရာများ၊ အဖြစ်အပျက်များ ထပ်မံမပေါ်ပေါက်စေရန်နှင့် သတင်းသမားများ၊ မီဒီယာသမားများကို အန္တရာယ်မပြုကြရန် မဇ္ဈိမက လေးလေးနက်နက် တိုက်တွန်းလိုက်သည်။
Credit - Mizzima News
No comments:
Post a Comment