မြန်မာပြည်သူများသည် နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက်၌ ဖိနှိပ်ခံခဲ့ကြရသည်။ စနစ်ဆိုးနှင့် အစိုးရ ဆိုးများကြောင့် နိုင်ငံသား အခွင့်အရေးများ ဆုံးရှုံးခဲ့ရပြီး တရားမျှတမှုနှင့် လွတ်လပ်မှုတို့ ပျောက်ဆုံး သွားခဲ့သည်။ ထို့ကြောင့်ပင် ပြည်သူလူထုသည် မကြာခဏဆိုသလို မိမိတို့ အခွင့်အရေးအတွက် လည်းကောင်း၊ လွတ်လပ်မှုနှင့် တရားမျှတမှုအတွက် လည်းကောင်း တောင်းဆိုဆန္ဒပြ ခဲ့ကြခြင်းဖြစ်သည်။
နိုင်ငံသားတို့၏ အခွင့်အရေး၊ လွတ်လပ်မှုနှင့် တရားမျှတမှု တို့ကို ဆောင်ကြဉ်းပေးနိုင်မည့် စစ်မှန်သော ပြည်သူ့ အစိုးရတစ်ရပ် ပေါ်ထွန်းလာရန် ပြည်သူအပေါင်းက တောင်းဆို တိုက်ပွဲဝင်ခဲ့ကြသည်။ ယခုအချိန်အထိ လည်း တောင်းဆိုနေရဆဲဖြစ်သည်။
ဆိုရလျှင် ပြည်သူ့အာဏာကို ပြည်သူ့လက်ဝယ် ပြန်လည်ရောက် ရှိအောင် တောင်းဆို တိုက်ပွဲဝင်နေရခြင်းဖြစ်သည်။ ပြည်သူတို့၏ ဆန္ဒပြ တောင်းဆိုမှုများသည် မိမိကိုယ်ပိုင်ဥစ္စာကို ပြန်ပေး ရန် တောင်းယူနေခြင်းပင်ဖြစ်သည်။ မတရား သိမ်းပိုက် ခံထားရသော မိမိကိုယ်ပိုင် အရာ ပြည်သူ့ အာဏာကို လက်နက်မပါ ဗလာလက်ဖြင့် အကြမ်းမဖက်ဘဲ လူကြီးလူကောင်းဆန်စွာ တောင်း ဆိုကြခြင်းဖြစ် သည်။ သို့သော် အာဏာရှင်စနစ်၌ အုပ်ချုပ်သူ လူတန်းစားအများစုသည် လူကြီးလူကောင်း မဆန်ကြဘဲ လက်မဲ့ဗလာဖြစ်သော လူထုကို အကြမ်းဖက် ဖြိုခွင်းနှိမ်နင်း ခဲ့ကြသည်ချည်းပင်။
လက်ရှိအစိုးရ လက်ထက်တွင်လည်း ငြိမ်းချမ်းစွာဖြင့် တောင်းဆို ဆန္ဒပြသော ကျောင်းသား၊ အလုပ်သမားနှင့် ရဟန်း ရှင်လူ၊ ပြည်သူအပေါင်းအား အကြမ်းဖက် နည်းလမ်းဖြင့် တုံ့ပြန်သည်ကို မကြာခဏ တွေ့မြင် နေခဲ့ ရသည်။ လက်မဲ့ဗလာဖြင့် ဆန္ဒပြတောင်းဆိုသော ပြည်သူကို လက်နက်၊ အာဏာတို့ဖြင့်သာ အကြမ်းဖက် အင်အားသုံး ဖြေရှင်းတတ်ခြင်းမှာ လူကြီးလူကောင်း မဆန်လှပေ။
လူကြီးလူကောင်း ဆိုပါက ပဋိပက္ခများကို လိမ္မာပါးနပ်စွာ သိမ်သိမ်မွေ့မွေ့ တုံ့ပြန် ကိုင်တွယ်နိုင်ရ မည်သာ ဖြစ်သည်။ လူကြီးလူကောင်း ဟူသော ဝေါဟာရ၌ တည်ငြိမ်ရင့်ကျက်မှု၊ ယဉ်ကျေးသိမ်မွေ့မှု၊ အရည်အချင်းရှိမှု၊ အကျင့်သီလ ကောင်းမွန်မှု၊ လေးစားဖွယ်၊ နှစ်လိုဖွယ် စသော အဓိပ္ပာယ်များ လွှမ်းခြုံနေသည် မဟုတ်လော။ လက်မဲ့ဗလာဖြင့် ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုကြသူများကို အနိုင့်အထက်ပြု၍ အကြမ်း ဖက်တုံ့ပြန်မည် ဆိုပါက လူကြီးလူကောင်း မဆန်ဘဲ လူမိုက်ဆန်လှသည်ဟုသာ ဆိုရပေလိမ့်မည်။
လူမိုက်များ လွှမ်းမိုးကြီးစိုးနေသမျှ နိုင်ငံနှင့် ပြည်သူအတွက် ထိခိုက်နစ်နာမှု များနေမည်သာဖြစ်သည်။ လူကြီး လူကောင်းအများစု နေရာမရသမျှ တိုင်းပြည် နစ်နာရဦးမည်။ ပြည်သူလည်း ဒုက္ခနွံထဲမှ ရုန်းထွက် နိုင်မည် မဟုတ်ပေ။ သို့ဖြစ်၍ နိုင်ငံနှင့်ပြည်သူ၏ ကောင်းကျိုးကို ဆောင်နိုင်မည့် လူကြီးလူကောင်းများ လက်ဝယ်၌ အာဏာနှင့် လုပ်ပိုင်ခွင့်များ ရောက်ရှိ လာစေရန် အစဉ်တစိုက် ကြိုးပမ်း သွားရဦးမည်ဖြစ်ကြောင်း တင်ပြလိုက်ရ ပါသည်။
အယ်ဒီတာ
၎-၃-၂၀၁၅
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment