ရန်ကုန်၊ မတ် ၁
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့်ကာလ ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ပြုလုပ်မည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ၎င်း၏ မတ်လမိန့်ခွန်း၌ ထည့်သွင်း ပြောကြား လိုက်သည်။
ရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ(၁၇) ရက်က နိုင်ငံရေးပါတီ များနှင့် တွေ့ဆုံပွဲ တွင် ရွေးကောက်ပွဲ ကျင်းပမည့် ကာလကို အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလ ဆန်းတွင် ပြုလုပ် မည် ဖြစ်ကြောင်းသာ ပြောကြားထားသေးရာ သမ္မတဦးသိန်းစိန်က ယခုလမိန့်ခွန်းတွင် ““ဒီမိုကရေစီ
အသွင် ကူးပြောင်းမှုကို အဆုံးအဖြတ်ပေးမယ့် လွတ်လပ်ရေးရပြီး နောက်ပိုင်း နိုင်ငံရေး အင်အားစု အားလုံး အင်တိုက် အားတိုက် ၀င်ရောက် ယှဉ်ပြိုင်မယ့် အထွေထွေ ရွေးကောက်ပွဲများကို ယခုနှစ် နိုဝင်ဘာလထဲမှာ ကျင်းပ တော့မှာလည်း ဖြစ်ပါတယ်””ဟု ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ် သည်။…
သမ္မတ၏ ပြောကြားမှုမှာ ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်ပေါ်တွင်သာ အခြေခံ ပြော ကြားခြင်း ဖြစ်ကြောင်းကို ““ရက်သတ်မှတ်လိုက်တာ မဟုတ်ပါဘူး။ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာထားတာကိုပဲ ပြောတာ ပါ။ ရွေးကောက်ပွဲ ကော်မရှင်က သတင်းကို အခြေခံပြောတာ။ အဲဒီမှာအားလုံး ရှင်းထားပြီးသား””ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက မြန်မာသံတော် ဆင့်သို့ ပြောသည်။
ယင်းဆွေးနွေးပွဲတွင် ရွေးကောက်ပွဲရက်ကို ရွေးကောက်ပွဲ ကော်မရှင်က အတိအကျ ထုတ်ပြန်ခြင်း မရှိခဲ့သေးကြောင်း ““ရွေးကောက်ပွဲ ကို အောက်တိုဘာ ၃၁ ဒါမှမဟုတ် နိုဝင်ဘာ ၇ ရက်နေ့လောက်မှာ လုပ်မယ် လို့တော့ ကော်မရှင်က ပြောထားတယ်”” ဟု ဆွေးနွေးပွဲသို့ တက်ရောက် ခဲ့သည့် ဒီမိုကရက်တစ် ပါတီ(မြန်မာ)၏ ဥက္ကဋ္ဌ ဦးသုဝေက မြန်မာသံတော်ဆင့်သို့ပြောသည်။
ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးမှု များကို ဆက်တိုက် ပြုလုပ်ခဲ့ရာတွင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာ လဆန်းတွင် ပြုလုပ်မည်ဟုသာ ပြောဆို ထားသေးသည်။
လာမည့် ရွေးကောက်ပွဲတွင် ပြင်းထန်သော ပြိုင်ဆိုင်မှု များ ဖြစ်ပေါ်နိုင်ကြောင်းကို ““ဒီမိုကရေစီစနစ်မှာ နိုင်ငံရေး အရ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုများ ရှိတာဟာ သဘာဝကျတဲ့ကိစ္စ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မိမိတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်အတွက် အင်တိုက်အားတိုက် ယှဉ်ပြိုင်ကြတဲ့အခါ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် လေးစားမှု၊ နားလည်မှု၊ သဘောထားကြီးမှုများနဲ့ မိမိတို့ရဲ့ ရည်မှန်းချက်က ရရှိဖို့ ကြိုးပမ်းရန် လိုအပ်ကြောင်း”” သမ္မတဦးသိန်းစိန်က ထည့်သွင်း ပြောကြား သည်။
အင်အားကြီးသည့် ပါတီများအကြားတွင် ပြိုင်ဆိုင်မှု ကြီးမားနိုင်ကြောင်း ““ကျွန်တော်တို့ ပါတီလေးတွေကတော့ သိပ်မထူးခြားပါဘူး။ အင်အားကြီးတဲ့ ပါတီတွေကြားမှာတော့ ဖြစ်လာနိုင်တယ်။ ရွေးကောက်ပွဲရဲ့ သဘော ကလည်း သူနိုင်ကိုယ်နိုင် အပြိုင်ကြဲရတာမျိုးလေ””ဟု NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက မြန်မာသံတော်ဆင့် သို့ ပြောသည်။
လာမည့် ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရန် အရေးကြီး ကြောင်းကို ““ယှဉ်ပြိုင်မှုက အဓိက ဖြစ်တာပဲလေ။ အစိုးရ အနေနဲ့ရော၊ ကော်မရှင် အနေနဲ့ရောက လွတ်လပ်ပြီး တရားမျှတတဲ့ရွေး ကောက်ပွဲ ကျင်းပပေးဖို့ပဲလိုပါတယ်။ ပါတီအနေနဲ့ကလည်း ယှဉ်ပြိုင်တဲ့အခါမှာ ရန်ဘက် မဟုတ်ဘဲ ယှဉ်ပြိုင်ဘက် အနေနဲ့ ယှဉ်ပြိုင်ရမယ်””ဟု ကချင်ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာ တူးဂျာက ပြောသည်။
ပထမဦးဆုံးအကြိမ် ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၇ ရက်တွင် ပြုလုပ်ခဲ့ပြီး အဓိကကျသော အတိုက်အခံ ပါတီကြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မပါဝင်ခဲ့သည့်အပြင် တရားမျှတမှု ကင်းမဲ့သော ရွေးကောက်ပွဲတစ်ခုအဖြစ်လည်း ဝေဖန်ခံခဲ့ရသည်။
သဇင်လှိုင်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment