Saturday, March 7, 2015

ကျောက်ဆည်တွင် ဆန္ဒပြမည့်သူများအား ရဲတပ်ဖွဲ့မှူးခေါ်တားမြစ်

ကျောက်ဆည် (မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ မြို့တော်ခန်းမရှေ့တွင် မတ်လ ၇ရက် ညနေ ၄နာရီ၌ ကျောင်းသားသပိတ်စစ်ကြောင်းအား ထောက်ခံကြောင်း၊ အကြမ်းဖက် မဖြိုခွဲရန် နှင့် ဆက်လက်ဖမ်းဆီးမှုမပြုရန် ဆန္ဒပြမည့်သူများကို ကျောက်ဆည်မြို့နယ် ရဲတပ်ဖွဲ့မှူးက နေ့လည် ၁နာရီ ၃၀မိနစ်က ခေါ်တွေ့ကာ ဆန္ဒမပြရန် တားမြစ်ခဲ့သည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(ကျောက်ဆည်)မှ ကိုစိုးသီဟက မဇ္ဈိမကိုပြောသည်။

"ကျွန်တော်တို့ကို ခေါ်ပြီးမလုပ်ဖို့ပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့လုပ်မယ်။"ဟု ကိုစိုးသီဟက ပြောသည်။

ဆန္ဒပြခေါင်းဆောင်များဖြစ်သည့် ကိုသံမဏိ နှင့် ကိုစိုးသီဟ အပါအဝင် ငါးဦးကို ခေါ်တွေ့ခြင်းဖြစ်သည်။

ကျောက်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက "ကျွန်တော်တို့က မလုပ်ဖို့တားတယ်ဆိုတာက တရားဝင်စာတင်ပြီးမှ ဥပဒေအတိုင်း လုပ်ဖို့ပြောတာပါ။"ဟု မဇ္ဈိမကို ပြောသည်။

ဆန္ဒပြသူများသည် တားဆီးမှုများပြုလုပ်ပါကလည်း ရင်ဆိုင်ကာ ဆန္ဒပြမည့် အစီအစဉ်ကို ရွှေ့ဆိုင်းမည်မဟုတ်ဟု ဆိုသည်။


Credit - Mizzima News

No comments:

Post a Comment