Friday, March 6, 2015

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တွေ့ဆုံမှုက သာမန်တွေ့ဆုံမှုမျိုးပဲ ဖြစ်ပြန်ပြီလား

– ၀ိုင်းမော်

ခုခေါ်ပြီး တွေ့တယ်ဆို (၆)ခါလောက် ဖြစ်သွားပြီ။ (၆)ခါလောက်ရှိတဲ့ နေရာ မှာ နိုင်ငံရေး အကျပ်အတည်း တွေ့ပြီဟေ့ဆိုရင် ဒေါ်အောင်ဆန်း စုကြည်ကိုခေါ်တယ်။ တွေ့ကြတယ်။ (၂) ယောက်ပဲတွေ့တယ်။ ဘာတွေပြောမှန်း ကျွန်တော်တို့က သေချာမသိဘူးဗျ။ အမှန်တကယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်နဲ့ တွေ့တဲ့အခါကျတော့ တိုင်းရင်းသားတွေ အားလုံးမှာ သံသယပိုဖြစ်လာတယ် …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပြီးခဲ့သည့် မတ်လ ၂ ရက်က အတိုက်အခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန် တို့ တွေ့ဆုံမှု ပြုလုပ်ခဲ့ရာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကိစ္စတို့ကို ဆွေးနွေးကြောင်း နိုင်ငံပိုင် သတင်းစာများတွင် သတင်းထုတ်ပြန် ခဲ့သည်။

သမ္မတ ဦးသိန်းစိန်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်တို့က တောင်းဆိုထားသည့် ၆ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး ကို ရှောင်လွှဲနေခဲ့ပြီး ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးမှာလည်း အေးစက်နေ ခဲ့သည့်အတွက် ယခုအကြိမ် တွေ့ဆုံမှုကို အာရုံစိုက် စောင့်ကြည့်မှု ခံခဲ့ရသည်။…

ထို့ပြင် ယခုတွေ့ဆုံမှုကို အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး အတွက် ကျောင်းသားများ အပြင်းအထန် တောင်းဆိုနေချိန်နှင့် အစိုးရက ကျောင်းသား လှုပ်ရှားမှုများ ကိုင်တွယ်ပုံကို အလေး ထား စောင့်ကြည့် နေချိန်တွင် အချိန်ကိုက် ပြုလုပ်ခဲ့ခြင်းဖြစ်သည့်အတွက် ယခုအကြိမ်တွေ့ ဆုံမှုမှာ ကျောင်းသား အရေးနှင့် တစ်စုံတစ်ရာ ပတ်သက်မှုများ ရှိနိုင်ကြောင်း ပြောဆိုမှုများလည်း ရှိလာသည်။ ထိုသို့ ပြောဆိုမှုများ ရှိနေခြင်းအတွက် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်တို့၏ သုံးသပ်ချက်များကို စုစည်း၍ မြန်မာသံတော်ဆင့်မှ ဖော်ပြ လိုက်ပါသည်။

● ဒေါက်တာအေးမောင်(ဥက္ကဋ္ဌ၊ ရခိုင်အမျိုးသားပါတီ)

ဖွဲ့စည်းပုံကိစ္စဆိုရင် အရေးတကြီး တွေ့စရာ မလိုဘူးဗျ။ အဲဒီလိုနေ့မျိုးမှာ ချက်ချင်းခေါ်ပြီး ဆွေးနွေးဖို့ အကြောင်းမရှိဘူး။ နိုင်ငံရေး အကျပ်အတည်း ရှိနေတာက ကျောင်းသားကိစ္စပဲလေ။ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်တဲ့ ကော်မတီမှာလည်း ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌဖြစ်နေတာကိုး။ အဓိကတွေ့တဲ့ အကြောင်းအရင်းကို ကျောင်းသား ကိစ္စလို့ပဲ ကျွန်တော်က သုံးသပ်ပါတယ်။ ဘယ်သူ ဖြေရှင်းသင့်သလဲ ဆိုတာမျိုး။ ကျွန်တော်ထင်တယ်၊ ကြားလူရှာတာမျိုးပေါ့။ အစိုးရဘက်ကလည်း ကျောင်းသားရဲ့နောက်မှာ NLD ရှိတယ်လို့ သုံးသပ်ကောင်း သုံးသပ်နိုင်မယ်။ အစိုးရဘက်ကလည်း အကျပ်အတည်း ဖြစ်မှာ အသိအမှတ်ပြုတဲ့ ပုံစံဖြစ်နေတာပေါ့။ အကျပ်အတည်း မတွေ့ရင် ရှိတယ်လို့တောင် မသတ်မှတ်ဘူးလေ။ အစိုးရကလည်း ကြောက်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးပြုနိုင်တာပေါ့။ ဟိုတုန်းက ပြောဖူးတယ်လေ။ ကျွန်မကိုအသုံး ချပါ။ သူက အသုံးချခံမယ်ပြောတော့။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတကြီးကို ပြန်ပြီးတော့ သုံးစေချင်တယ်။ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်းကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာမျိုးပေါ့။

● ဦးနိုင်ငွေသိန်း (ဥက္ကဋ္ဌ၊ မွန်ဒီမိုကရေစီပါတီ)

ကျွန်တော်တို့ ခုခေါ်ပြီးတွေ့တယ်ဆို (၆)ခါလောက် ဖြစ်သွားပြီ။ (၆)ခါလောက် ရှိတဲ့နေရာမှာ နိုင်ငံရေး အကျပ်အတည်းတွေ့ပြီဟေ့ ဆိုရင် ဒေါ်အောင်ဆန်း စုကြည်ကို ခေါ်တယ်။ တွေ့ကြတယ်။ (၂) ယောက်ပဲ တွေ့တယ်။ ဘာတွေပြောမှန်း ကျွန်တော်တို့က သေချာ မသိဘူးဗျ။ အမှန်တကယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်နဲ့တွေ့တဲ့ အခါကျတော့ တိုင်းရင်းသားတွေ အားလုံးမှာ သံသယ ပိုဖြစ်လာ တယ်။ နိုင်ငံရေး အကျပ်အတည်းတွေ့တဲ့ အချိန်မှ ခေါ်တယ်၊ တွေ့တယ်ဆိုတဲ့ အနေအထားမှာ ရှိတယ်။ တိုင်းရင်းသား ကိစ္စရှိမယ်၊ ငြိမ်းချမ်းရေးကိစ္စရှိမယ်၊ ကျောင်းသားကိစ္စရှိမယ်၊ အလုပ်သမားကိစ္စရှိမယ်။ လက်ပံတောင်း တောင်စီမံကိန်း ကိစ္စကလည်း ဖြစ်နေတဲ့အချိန်မှာ ဘာမှမဆိုင်တဲ့…ဆိုင်တော့လည်း ဆိုင်တာပေါ့ဗျာ။ ဒါပေမဲ့ အခြေခံဥပဒေ ပြုပြင်ရေးနဲ့ ရွေးကောက်ပွဲကိစ္စဆိုတာ တအားကို ပေါ့အားကြီးလွန်းတယ်ဗျာ။ ဒါကြောင့်မို့လို့ အစိုးရ အပေါ်မှာလည်း ယုံကြည်မှုက သံသယနဲ့ ကြည့်နေတယ်။ အကျပ်အတည်း တစ်ခုခု တွေ့မယ်ဆိုရင် ခေါ်တယ်ဆိုတာ သူတို့ထွက်ပေါက်ကို ရှာနေသလားလို့ ထင်ရတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ကို လည်းအသုံးချကြတယ်လို့ မြင်တယ်။ ဒေါ်အောင်ဆန်းစုကြည် အသုံးချခံရတာကိစ္စမရှိဘူး။ ဒေါ်အောင်ဆန်း စုကြည်ကို ကျွန်တော်တွက်တာက ကော်မတီ Roll ကျတယ်လို့ ဒီလိုပဲ တွက်တယ်ဗျာ။

● ဦးလှရွှေ (၆၂ ကျောင်းသားခေါင်းဆောင်ဟောင်း)

တွေ့တဲ့အချိန်ကတော့ ဦးရဲထွဋ်ပြောတာ (၁)နာရီလောက် ကြာတယ်ပေါ့။ ရွေးကောက်ပွဲ ကျင်းပရေးနဲ့ ဖွဲ့စည်းပုံ ပြင်ရေးဘာတွေဆိုတာ။ တကယ်တမ်းတော့ ဒါကကမ္ဘာတည်စက ကိစ္စပဲကွ။ အဲဒီကိစ္စတွေဟာ ကမ္ဘာတည်စက ကိစ္စတွေပါ။ ခုမှထပြီးတော့ ဘာညာ ဟိုဘက်မှာ ကျောင်းသား လှုပ်ရှားမှု ဖြစ်နေတဲ့ အချိန်မှာ ဒေါ်စုနဲ့သမ္မတနဲ့ တွေ့ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ဖွဲ့စည်းပုံပြင်ရေး ဆွေးနွေးတယ်ဆိုတာ ငါ့တစ်ဦးချင်း အရ ပြောရရင်တော့ လုံးဝ အယုံအကြည်မရှိဘူး။ အခု လက်ပံတန်းမှာ ဖြစ်နေတဲ့ပညာရေး ဥပဒေ ပြင်ဆင်ရေးကိစ္စတွေနဲ့ ပတ်သက်လို့ သူတို့ဘက်က အထူးသဖြင့် ကြံ့ဖွံ့အစိုးရဘက်က သူတို့ဘက်က သဘောထားဘယ်လို ရှိပါတယ် ဆိုတာကိုခေါ်ပြီး ပြောရုံမှတစ်ပါး တခြားမရှိနိုင်ဘူး။ အပ်နဲ့ထွင်းရမယ့်ကိစ္စကို ပုဆိန်နဲ့ပေါက်လို့ 7 July ဖြစ်တာကွ။ မခံချင်စိတ်နဲ့ စစ်မာနနဲ့ လက်နက်အားကိုးပြီး ဖိနှိပ်ချင်တဲ့စိတ်နဲ့ 7 July ဖြစ်ခဲ့တာ။ အခုနိုင်ငံတော် အကြီးအကဲများ 7 July မှာ ဖြစ်ခဲ့တာတွေကို သင်ခန်းစာ ယူပြီးတော့ ဖြေရှင်းပါလို့ ပြောချင်တယ်။

● ဦးစိုင်းလိတ် (ပြန်ကြားရေး တာဝန်ခံ၊ SNLD)

သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ကြတာ ဒီတစ်ခါနဲ့ပါဆိုရင် (၆)ကြိမ်လောက်ရှိပြီ။ တွေ့တိုင်း တွေ့တိုင်းမှာ အခက်အခဲတွေ့လို့ ခေါ်တွေ့ တယ်ပဲပြောပြော၊ နောက် ပြဿနာ ဖြေရှင်းချင်လို့ ခေါ်တွေ့ တယ်ပဲပြောပြော တွေ့ဆုံမှုရဲ့ရလဒ်ကို ပွင့်လင်းမြင်သာစွာ တစ်ခါမှ ထုတ်ပြန်ခြင်းမရှိတာ တွေ့ရတယ်။ အဲဒါက ပြည်သူလူထုကို သိပ်ပြီး အလေးအနက် မထားရာ ကျသလို ကျွန်တော်တို့ ပြည်သူလူထု အနေနဲ့လည်းပဲ သူ့အပေါ် ဘယ်လို မျှော်လင့်အားထားတယ် ဆိုတာကို အလေးအနက် မထားရာပုံစံမျိုး ရောက်ပါတယ်။ နိုင်ငံတော် သမ္မတကြီးကလည်း မိန့်ခွန်းပြောရင်တော့ မိဘပြည်သူများ ခင်ဗျာလို့ ပြောပါတယ်။ ဒါပေမဲ့ မိဘပြည်သူတွေဆီကို ဘယ်လို အစီအမံတွေ ဘယ်လို ဆောင်ရွက်ချက်မျိုးကို ညှိနှိုင်းဆောင်ရွက်လို့ ရထားပါတယ် ဆိုတာကို ထုတ်ပြန် ပြောကြားခြင်း မရှိတဲ့အခါကျတော့ ကျွန်တော့်အနေနဲ့ ဒီအပေါ်မှာ အမြင်မရှင်းဘူးပေါ့။ တစ်ဖက်က လက်ရှိအစိုးရဖြစ်ပြီး နောက် တစ်ဖက်က အတိုက်အခံ တစ်ယောက်အနေနဲ့ လူထုအပေါ်မှာ တာဝန်ကျေဖို့ လိုအပ်ပါတယ်။

● ဒေါက်တာသောင်းထွန်း (အမှုဆောင်ဒါရိုက်တာ၊ ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှုအဖွဲ့)

နှစ်ဖက်စလုံးက သတင်းအတိအကျ ထုတ်ပြန်မှုပေါ့နော်။ ဦးသိန်းစိန်ဘက်ကကော၊ ဒေါ်အောင်ဆန်းစုကြည် ဘက်ကကော သတင်းအတိအကျ ထုတ်ပြန်ဖို့လိုတာပေါ့။ သတင်းထုတ်ပြန်မှု မရှိတဲ့အတွက်ကြောင့် ကျွန်တော် တို့လည်း မသိဘူးပေါ့ခင်ဗျာ။ ယေဘုယျ အားဖြင့် သမ္မတရုံးက ထုတ်ပြန်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတ တဲ့ ရွေးကောက်ပွဲဖြစ်အောင် ဆွေးနွေးတယ် ဆိုခဲ့တယ် ဆိုရင်တော့ ဒါက ကောင်းတာပေါ့။ ဒီဆွေးနွေးပွဲကို ဒေါ်အောင်ဆန်း စုကြည် တောင်းဆိုတာလည်း ကြာပြီပေါ့။ အဲဒီတော့ ဘယ်အခြေအနေ ဘယ်အကြောင်းအရာပေါ်မှာ အခြေခံ ပြောပြော ကောင်းတာပေါ့။ သို့ သော် ဒေါ်စု ခဏခဏ ပြောသလိုပါပဲ။ ရုပ်ပြလိုမျိုးတော့ မဖြစ်ဖို့လိုတာပေါ့။ ဆွေးနွေးပွဲလေးတစ်ခုကို တစ်နာရီလောက် လုပ်ရုံလောက် နဲ့တော့ ဘာမှမဆွေးနွေးဖြစ်တာထက် ဆွေးနွေးဖြစ် တာ ကောင်းပေမယ်လို့ အကြောင်းအရာ အကုန်လုံး အဖြေရှာ နိုင်မယ်တော့ မမျှော်လင့်ပါဘူး။ တစ်လတစ်ခါမှ ခေါ်ဆွေးနွေးနေရင် အဖြေရမှာ မဟုတ်ဘူး။ အခု ဆွေးနွေးပွဲ တစ်ခုတည်းနဲ့တော့ ရင်ခုန်စရာ မျှော်လင့် ချက်တွေ သိပ်မရှိပါဘူး။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်း စုကြည်ကလည်း သမိုင်းတစ်ကွေ့မှာ ရတောင့်ရခဲ ခေါင်းဆောင် အကျပ်အတည်းကို ဖြေရှင်းပေးနိုင်လောက်တယ်၊ ကိုင်တွယ်နိုင်တယ်ဆိုတာ အရည်အချင်းရှိလို့ပေါ့။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment