Thursday, March 5, 2015

ကျောင်းသားသပိတ် အကြမ်းမဖက်ရေး ထိုင်သပိတ်ဖြင့် ဆန္ဒပြသည့် ပုသိမ်ကျောင်း သား များကို အရေး ယူမည် ဟုဆို

ပုသိမ်၊မတ် ၅ရက်။       ။ကျောင်းသား သပိတ်များကို အကြမ်းမဖက်ရေးအတွက် ပုသိမ်မြို့ ရှိကျောင်းသား သမဂ္ဂအဖွဲ့များက ပုသိမ်မြို့၊ကမ်းနားလမ်း၊ မြို့တော် ခန်းမရှေ့တွင် မတ်လ ၅ရက်က ထိုင်သပိတ်ဖြင့် တောင်းဆိုခြင်းကြောင့် ဆန္ဒပြခေါင်းဆောင် များကို အရေးယူ သွားမည်ဟု ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့ မှူးက မဇ္ဈိမ ကိုပြောသည်။

10406669 1574001399506188 1970914628036920349 n
ပုသိမ်မြို့တော်ခန်းမရှေ့ ဆန္ဒပြနေသည့် ကျောင်းသားများ (ဓာတ်ပုံ-စည်သူမောင်မောင်)



ပုသိမ်မြို့နယ် မှကျောင်းသား များက မတ်လ ၅ရက်တွင် မြို့တော် ခန်းမရှေ့၌ နံနက် ၉နာရီမှ ၅ နာရီအထိ  ထိုင်သပိတ်ဖြင့် ဆန္ဒပြ ခဲ့ခြင်းဖြစ်သည်။ ဆန္ဒမပြမီ မတ်လ ၄ရက်ည ကလည်း ဆန္ဒပြမှု မလုပ် ရန်ကျောင်းသား များကို လာရောက်ပြော ဆိုခဲ့သည်။

ပုသိမ်မြို့ နယ်ရဲတပ်ဖွဲ့ မှူး ကျော်စိုးက “ကျွန်တော်တို့ ဘက်က တာဝန်အရ လည်းပြောတာပါ၊ ခေါင်းဆောင် ပိုင်းတွေကိုတော့ ဥပဒေအရ အရေး ယူဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ညကသွားပြော တာလည်း သတင်းရလို့ ပါ။လျှောက်လွှာ တင်ဖို့ သွားပြော တာပါ” ဟုပြောသည်။

"ကျွန်တော်တို့ဘက် အမြင်က ဖြစ်စဉ်တခု မဖြစ်ခင်မှာ ကြိုပြီးလာရောက်ပြောကြားခြင်းဟာ တားဆီးခြင်း၊ ခြိမ်းခြောက်တယ်လို့မြင်တယ်”ဟု ပုသိမ်နည်း ပညာ တက္ကသိုလ်မှ ဆရာဦးဝေယံအောင်က မဇ္ဈိမ ကိုပြောသည်။

ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့ ထိုင်သပိတ်တွက် ပုသိမ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ် မှကျောင်းသား ၃၀ကျော် ပါဝင်ခဲ့သည်။

လက်ပံတန်းကျောင်းသားများကလည်း ဝမ်းနည်းကြောင်း အထိမ်းအမှတ်လုပ်

ထို့ပြင် မတ်လ ၅ရက်က ရန်ကုန်မြို့၊ မြို့တော် ခန်းမရှေ့တွင် ဆန္ဒပြ သည့်ကျောင်းသား လေးဦး နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ သုံးဦးတို့ ဖမ်းဆီးခံခဲ့ရသည်။ ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ အကြမ်းဖက်ဖမ်းဆီးခံရမှုအပေါ် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် လက်ပံတန်းတွင် သုံးရက်ကြာ ပိတ်ဆို့တားဆီး ခံထားရသည့် ပင်မ သပိတ်မှောက်ကျောင်း သားများက တစ်မိနစ်ခန့် ငြိမ်သက် ပြီးနောက်တော်လှန်ရေး သီချင်းဖြစ်သော “သွေး သစ္စာ”သီချင်းကို သံပြိုင် ဟစ်ကြွေး ခဲ့ကြသည်။

ရန်ကုန်တွင် ကျောင်းသားများအား ရဲ နှင့် စွမ်းအားရှင်များက အင်အားကာ အကြမ်းဖက်ဖမ်းဆီးသည့်အပေါ် ရှုတ်ချကြောင်းလည်း သပိတ်မှောက်ကျောင်းသား များကပြောသည်။

“ရဲတွေက အဓိကရုဏ်းကို ဖြေရှင်းတဲ့ပုံစံမျိုးနဲ့ ဖြေရှင်းတာမဟုတ်ဘူး။ အီးယူက သင်တန်းပေးထားတာတွေနဲ့ လားလားမျှမဆိုင်ဘူး။ အခုလိုလုပ်တဲ့လုပ်ရပ်ဟာ အကြမ်းဖက်လုပ်ရပ်လို့ပဲ ကျွန်တော်တို့ရှုမြင်တယ်” ဟု ပင်မသပိတ်စစ်ကြောင်းကိုဦးဆောင်သည့် ဗမာနိုင်ငံလုံး ဆိုင်ကျောင်းသား များသမဂ္ဂ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဖြစ်သူ ကိုကျော်ကိုကို ကပြောသည်။

ရန်ကုန်ကျောင်း သားများကို အကြမ်းဖက် ဖမ်းဆီး မှုတွင် ရဲတပ်ဖွဲ့ အပါအဝင် စွမ်းအား ရှင်ဟု လူသိများသော စစ်အစိုးရ လက်ထက် ကပြည်သူများကို အကြမ်း ဖက်နှိမ်နှင်းခဲ့သည့် အနီရောင် လက်ပတ်ဖြင့် အရပ်ဝတ် များလည်း ပါဝင်နေသည်။

“စွမ်းအားရှင်ကို ထုတ်သုံးတာလုံးဝမှားယွင်းတယ်။ ဒီကိစ္စဟာအကြီးအကျယ်ရှုံ့ချရမယ့် ကိစ္စဖြစ်တယ်။ ကန့်ကွက်ရမယ့် ကိစ္စဖြစ်တယ်။ ကမ္ဘာက သိအောင်ဖော် ထုတ်ရမယ့် ကိစ္စဖြစ်တယ် ဆိုတာ ကျွန်တော်ပြော ချင်တယ်။ ဒီစွမ်းအား ရှင်တွေကို ဒီနေ့၊ ဒီကာလ မှာလုံးဝမသုံး သင့်တော့ဘူး” ဟုကိုကျော်ကိုကိုက ဆိုသည်။

အစိုးရ၏ အထက်ပါ လုပ်ရသည် ဥပဒေမဲ့ ပြီးနိုင်ငံ သားများ ၏အသက် အိုးအိမ် စည်းစည်ကို ခြိမ်းခြောက်သည့် လုပ် ရပ်ဖြစ် သည် ဟုလည်း ပင်မကျောင်းသား သပိတ် စစ်ကြောင်းခေါင်းဆောင် ကိုမြတ်သူက မဇ္ဈိမ ကိုပြောသည်။

“ဒီအစိုးရအနေနဲ့ ဥပဒေမဲ့၊တရား လက်လွတ်လုပ် တဲ့ဒီလုပ်ရပ်ဟာ ဆူပူအောင်လုပ်တယ် လို့နိုင်ငံတော်တည်ငြိမ် အေးချမ်းသာယာရေးကို ပျက်ပြားစေ တယ်ဆို တာ အစိုးရကလက် သည်ဖြစ်ကြောင်း ဒီနေ့လုပ်ရပ် ကပြလိုက် တာပါပဲ” ဟု ကိုမြတ်သူ ကပြောသည်။

ယင်းလုပ်ရပ်အပေါ် ၈၈မျိုးဆက် ပွင့်လင်းလူ့ အဖွဲ့အစည်း ကလည်း အစိုးရ အနေဖြင့် တာဝန် ဟုရေးသား ထားသည့် အနီရောင် လက်ပတ်ဝတ် အရပ်သားများ ကိစ္စကို အမြန် ဆုံးဖြေ ရှင်းပေး ရန်နှင့် ဖမ်းဆီးထား သူများကိုလည်း အမြန်ဆုံးပြန် လွတ်ပေးရန် ယနေ့ ညပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲ တွင်တောင်းဆို လိုက်သည်။

ပြည်မြို့ခံများကလည်း ပဲခူးတိုင်းအစိုးရကို ဆန္ဒပြ

လက်ပံတန်းကျောင်းသားသပိတ်စစ်ကြောင်းအား တားဆီးမှု ပြုသည့် ပဲခူးတိုင်းအစိုးရအဖွဲ့ကို ပဲခူးတိုင်း အတွင်းပြည်မြို့ ရှိနိုင်ငံရေးတက်ကြွ လှုပ်ရှားသူများက လည်း မတ်လ ၅ရက်က ကန့်ကွက် ဆန္ဒပြခဲ့သည်။

“ကျောင်းသား သပိတ်စစ်ကြောင်းကို အကြမ်းဖက် ဖြိုခွဲမယ်ဆိုရင် လက်မခံနိုင် ပါဘူး။ပြည်သူ မုန်းတဲ့ အစိုးရပြည်သူ ကတော်လှန်တာကို ခံချင်တဲ့ အစိုးရ မဖြစ် ပါစေနဲ့ ” ဆန္ဒပြခေါင်းဆောင် ကိုကျော်ဆွေ ကပြောသည်။

ဒီမိုကရေစီ ပညာရေး သပိတ် ပင်မစစ်ကြောင်းသည် ပဲခူးတိုင်း  သာယာ ဝတီခရိုင် လက်ပံတန်းမြို့တွင် ပိတ်မိနေခဲ့ပြီး အင်အားဖြည့်ရန် သွားရောက် သူများကို လည်း အာဏာပိုင် များက နည်းလမ်း မျိုးစုံဖြင့် တားဆီးနေကြောင်း ဆန္ဒပြသူများ ကပြောသည်။

ယင်းအပြင် ဆန္ဒပြသူများက ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်း နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးသက်ထွန်းနှုတ် ထွက်ပေးရန် လည်းဟောပြော ဆန္ဒ ပြခဲ့သည်။

ဆန္ဒပြ သူများသည် “ကျောင်းသား သပိတ်အား တားဆီးနေမှု ရုပ်သိမ်းပေးရေး ဒို့အရေး” “ကျောင်းသား သပိတ်အား အကြမ်း ဖက်ဖြိုခွဲ မည့်အကြံ ဒို့လက် မခံ” “ကျောင်းသား သပိတ် ကိုနှောက် ယှက်သူ ဒို့ရန်သူ” “အင်အား သုံးခြိမ်းခြောက်နေမှု ရပ်တန့်ရေး ဒို့အရေး”စသည့်ကြွေးကြော်  သံများကြွေးကြော် ကာပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်တွင် စုဝေးဆန္ဒပြ ခဲ့ခြင်းဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment