ရန်ကုန်၊ မတ်(၃)
နိုင်ငံတော် သမ္မတဦးသိန်းစိန် အစိုးရသက်တမ်း နောက်ဆုံးကာလ တွင် ကျောင်းသားသပိတ်နှင့် အလုပ် သမားသပိတ်ကဲ့သို့ သပိတ်မှောက် ဆန္ဒဖော်ထုတ်မှုများကို ဆက်လက်အရှိန်မြှင့် လုပ်ဆောင်သွားပါက စစ်အုပ်ချုပ်ရေးစနစ်အဖြစ် ပြောင်းလဲဖြစ်ပေါ်လာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင် တိုင်းရင်းသားရေးရာနှင့် အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က မတ်လ(၂)ရက်တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး အလုပ်သမား ရေးရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့၏ တတိယအကြိမ် သတင်းစာရှင်း လင်းပွဲတွင် မီဒီယာများသို့ ပြောကြားခဲ့သည်။
အမျိုးသားပညာရေး ဥပဒေအား ကန့်ကွက် သပိတ်မှောက်နေသော ကျောင်းသားသပိတ်နှင့်အခြေ ခံလုပ် ခလစာတိုးမြှင့်ရရှိရေးအတွက် ဆန္ဒဖော်ထုတ်နေသော အလုပ်သမားသပိတ်တို့အား ဆက်လက် အရှိန်မြှင့် လုပ်ဆောင်ပါက ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုဒ်မ(၁၄၄) ညမထွက်ရ အမိန့်အား ထုတ်ပြန်ရ လိမ့်မည်ဖြစ် ကြောင်း ၎င်းကထပ်မံ ပြော ကြားခဲ့သည်။…
““ကျွန်တော်တို့ အစိုးရသက် တမ်းနောက်ဆုံးနှစ်မှာ အခုဆိုရင် ကျောင်းသားတွေကလည်း ပညာရေးနဲ့ ပတ် သက်တဲ့ ကျောင်းသားပြဿနာ၊ ဒီကြားထဲ အလုပ်သမားတွေကလည်း တမှောင့်ဆိုရင် မြန်မာနိုင်ငံရဲ့ GDP ၇၀ ရာခိုင်နှုန်းက ရန်ကုန်တိုင်းဖြစ်တဲ့အပြင် ဒီလိုမျိုး လမ်းပေါ်တက်ပြီး ဆန္ဒပြသပိတ်မှောက်နေမယ်ဆိုရင် တစ်နိုင်ငံ လုံးရဲ့ ကုန်သွယ်စီးဆင်းနှုန်းက ရပ်တန့်သွားမယ်၊ ဒီလိုတွေဖြစ်လာရင် နံပါတ်(၁) ပုဒ်မ(၁၄၄) ထုတ်ရမယ်၊ ညမထွက်ရ အမိန့်တွေ ထုတ်ပြန်ရလိမ့်မယ်၊ ဒီအလုပ်နှင့် အလုပ်သမား ပြဿနာဆိုတာက စားပွဲပေါ်မှာ တင် ရှင်းလို့ရပါတယ်။ တိုင်းပြည်နောက်ကြောင်း လှည့်သွားရင်အားလုံးမှာ တာဝန်ရှိပါတယ်။ ဒီမိုကရေစီ လမ်း ကြောင်းသွားတာ (၄)နှစ်သက် တမ်းအတွင်းမှာ ဒီလိုမျိုး ဆူဆူပူပူ ရမ်းရမ်းကားကားလုပ်လို့ စစ်အုပ်ချုပ်ရေး ပြန်သွားရင် တာဝန်ရှိပါတယ်”” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာနှင့် အလုပ် သမားဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။
ရွှေပြည်သာ စက်မှုဇုန်ရှိ အီလန်မြန်မာ၊ Costeot နှင့် Fort Glory စက်ရုံ(၃)ရုံမှ အလုပ်သမား (၅၀၀) တို့သည် အခြေခံလုပ်ခလစာ ကျပ် (၃)သောင်းတိုးမြှင့် ရရှိရန်အတွက် အီလန်မြန်မာ စက်ရုံရှေ့တွင် ဆန္ဒထုတ်ဖော် နေသည်မှာ တစ်လနီးပါးခန့်ရှိပြီဖြစ်ပြီး လက်ရှိအချိန်ထိ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ဆန္ဒပြအလုပ်သမား များကို ကူညီဖြေရှင်းပေးခြင်း မရှိဘဲ ခြိမ်းခြောက်မှုများသာ ပြုလုပ်လျက်ရှိသည်။
““ကျွန်မတို့ကကျွန်မတို့ လုပ်အားခကို အေးအေးချမ်းချမ်းတောင်း ဆိုနေတာလေ၊ အခုလို ခြိမ်းခြောက် မှုတွေ ကတော့ မပြောသင့်ဘူး၊ လုပ်လည်း မလုပ်သင့်ဘူးလေ၊ ကျွန်မတို့က နိုင်ငံရေး လုပ်နေတာလည်း မဟုတ်ဘူး၊ စားဝတ်နေရေး အခက်အခဲကြောင့် တောင်းဆိုနေရတာပါ။ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ အနေအထားမျိုးလည်း မလိုချင်ပါ ဘူး။ နှစ်ဦးနှစ်ဖက် ပြေလည်မှုကိုပဲလိုချင် တာ””ပါဟု Fort Glory အထည်ချုပ်စက်ရုံမှ အထည်ချုပ် အလုပ်သမား တစ်ဦးဖြစ်သူ မမြသက်သူက မြန်မာသံတော်ဆင့်သို့ပြောသည်။
လက်ရှိ ဖြစ်ပေါ်နေသော အလုပ်သမားသပိတ်နှင့် ပတ်သက်၍ သမ္မတဦးသိန်းစိန်က အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေး အတွက် ပြင်ဆင်မှုများ ဆွေးနွေးမှုများ ကိုသည်းခံစိတ်ရှည်မှုနှင့် ဆွေးနွေး ကြရမည်ဖြစ်ပြီး မလိုလားအပ်သည့် ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်းများကို ရှောင်လွှဲကြရန် ဖေဖော်ဝါရီလ ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားထားသည်။
မြန်မာနိုင်ငံသည် ၁၉၄၈ခုနှစ်မှစ၍ International Labour Organization (ILO) အဖွဲ့ဝင်နိုင်ငံတစ် နိုင်ငံဖြစ် ခဲ့ပြီး ၁၉၅၅ ခုနှစ်တွင် ILO ၏ ကြေညာစာတမ်း တစ်ရပ်ကို သဘောတူ ကတိပြုလက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါ ကြေညာစာတမ်းတွင် အလုပ်သမားတွေ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် စုပေါင်းအရေး ဆိုပိုင်ခွင့်ကို သဘောတူကြောင်း ပါရှိသည်။
မြန်မာအစိုးရအနေဖြင့် ယင်းကဲ့သို့ ILO နှင့် သဘောတူ လက်မှတ်ရေး ထိုးပြီး ဖြစ်သော်လည်း လက်ရှိအချိန် တွင်ခြိမ်းခြောက်ပြောဆိုမှုများ၊ အကြမ်းဖက်မှုများ ပြုလုပ်နေ သည်မှာ နိုင်ငံတကာအဆင့် ပြဋ္ဌာန်းချက်များကို ချိုးဖောက်ရာ ရောက်ကြောင်းကို အလုပ်သမားအခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (LRDP) မှ ဒေါ်အိရွှေစင်ညွှန့်က ““အစိုးရတစ်ရပ်က ကိုယ်တိုင်လက်မှတ်ထိုးထားတဲ့ ကိစ္စကို ချိုးဖောက်ပြီး အလုပ်သမား ထုကို ခြိမ်းခြောက်တာကို လက်မခံပါဘူး၊ ဒီမိုကရေစီနဲ့ လူအခွင့်အရေးလမ်း ကြောင်းသွားရတယ်ဆိုပြီး ပုဒ်မ (၁၄၄)နဲ့ ခြိမ်းခြောက်နေတာပဲလို့ ယူဆတယ်။ ၁၉၅၅ ခုနှစ်တည်းက လက်မှတ်ထိုးတာလိုလာမယ့် ဇွန်လမှာ ကျင်းပမယ့် ILO ရဲ့ Conference မှာပြန်လည် အကောင်အထည်ဖော်မယ်လို့ ပြောထားပြီး အခုလိုခြိမ်းခြောက် တာကတော့ ကတိက၀တ် ပျက်တာလားဆို မေးခွန်းထုတ်စရာပါ”” ဟုမြန်မာသံတော်ဆင့်သို့ ပြောသည်။
ယခုလက်ရှိတွင် ဆန္ဒပြအလုပ်သမား ခေါင်းဆောင်များဖြစ်သည့် ကိုမျိုးမင်းမင်း၊ ကိုနိုင်ဌေးလွင်တို့ အပါအ၀င် အလုပ်သမားများအား အကူအညီပေးနေသည့် ကိုနိုင်ဇော်ကြည်ဝင်းတို့အား ပုဒ်မ (၅၀၅)(ခ) နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးထားသည်။
သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment