မတ် ၂ ရက်၊ နံနက်ပိုင်းမှစတင်၍ တာရွှေထန်မှ မီတာ ၃,ဝဝဝ၊ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းမှ မီတာ ၆,ဝဝဝ ခန့်အကွာအဝေးရှိ ကြွယ်ပါးရွာအနီး တောင်ကုန်းများတွင် အခြေပြုပြီး ခံစစ်အခိုင်အမာယူထားသည့် ကိုးကန့် တပ်ဖွဲ့ကို တပ်မတော်က ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက်ရာ ယင်းနေ့ညနေပိုင်းတွင် နယ်နိမိတ်
မိုင်တိုင် အမှတ် ၁၁၈ နှင့် မီတာ ၁,၅ဝဝ ခန့်အကွာရှိ အဆိုပါဒေသတစ်ဝိုက်ကို စိုးမိုးထားသည့် စစ်ဗျူဟာအရ အရေး ကြီးသော ပွိုင့်-၁၇၈၉ တောင်ကုန်းကိုသိမ်းပိုက်နိုင်ခဲ့သည်။
ကိုးကန့်သောင်းကျန်းသူဘက်များသည် နယ်နိမိတ်မှတ်တိုင်အမှတ် ၁၁၈ ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားသဖြင့် တပ်မတော်ဘက်မှ လိုက်လံရှင်းလင်းနေပြီး အဆိုပါတိုက်ပွဲကြောင့် တပ်မတော်ဘက်မှ စစ်သည် သုံးဦးကျဆုံးခဲ့ပြီး အရာရှိနှင့်စစ်သည်စုစုပေါင်း ၁၂ ဦးဒဏ်ရာရရှိကာ ကိုးကန့်သောင်းကျန်းသူများထံမှ လက်နက်ငယ်မျိုးစုံ ခုနစ်လက်နှင့် အလောင်းငါးလောင်း ဖမ်းဆီးရမိခဲ့သည်။
အစိုးရတပ်မတော်နှင့် ဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်များအကြား မတ် ၁ ရက်ကလည်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်ကအရေးကြီးသော တောင်ကုန်းနှင့် နယ်နိမိတ်မှတ်တိုင် တောင်ကုန်းများအပါအ၀င် စုစုပေါင်းတောင်ကုန်းခြောက်ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
Credit - Mizzima News

No comments:
Post a Comment