Friday, March 6, 2015

ROAD MAP အစ ဦးခင်ညွန့်ကဟု ဆိုသော်လည်း

– စိုးမြင့်မိုး (ဘူမိ)

ဦးသိန်းစိန်သည် ရှေ့ဆက်သွားရမည့် မူဝါဒလမ်းစဉ် ၇ ရပ် (ROAD MAP) ၏ နောက်ဆုံး အဆင့်အရ ပေါ်ထွန်းလာသည့် အစိုးရဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်တွင် အတိအလင်း ကြေညာ . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~.

ယနေ့နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရသည် နိုင်ငံတော် ရှေ့ဆက် သွားရမည့် မူဝါဒလမ်းစဉ် ၇ ရပ် (Road Map) ၏ နောက်ဆုံး အဆင့်အရ ပေါ်ထွန်းလာသည့် အစိုးရဖြစ်ကြောင်းကို ၂၀၁၁ ခုနှစ်၊ မတ် လ ၃၁ ရက်၊ နေပြည်တော် ပြည်ထောင်စု လွှတ်တော်ခန်းမတွင် ကျင်းပသော ကတိသစ္စာပြု အခမ်းအနားတွင်
အတိအလင်း ကြေညာ ထားသည်။ ဤ Road Map ကြီးအား စတင်မွေးဖွားခဲ့သော လက်သည်မှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ဖြစ်ကြောင်းကို ၎င်းရေးသားထားသော စာအုပ်၌ တွေ့ရှိရသည်။

မကြာသေးမီရက်ပိုင်းက ထွက်ရှိခဲ့သော မှော်ဝန်းသားဦးခင်ညွန့် (ဗိုလ်ချုပ် ကြီးဟောင်း)ရေးသားသည့် ““ကြုံ တွေ့ခဲ့ရ ကျွန်တော့် ဘ၀အထွေထွေ”” စာအုပ်၊ စာ မျက်နှာ ၄၆၅၊ အခန်း(၅၇)၌ မြန်မာနိုင်ငံ အတွက် ရှေ့လုပ် ငန်းစဉ် ၇ ရပ် (Road Map) စတင်မြစ်ဖျားခံလာ ပုံကို အောက်ပါ အတိုင်း ဖော်ပြထားသည်။…

““မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ဧည့်သည်အများစုကတော့ ကျွန်တော်တို့ စစ်အစိုးရကို မကြိုက်ဘူးဟု ပွင့်ပွင့်လင်းလင်း မပြောကြပါ။ မကြိုက်ကြတာတော့ အမှန်ပါပဲ။ ဒီနေ့ကမ္ဘာမှာ ရေပန်းစားနေသည့် ဒီမိုကရေစီ ဖြစ်ထွန်းရေးကိုပါ ဦးတည်သည့် အဓိပ္ပာယ်သက်ရောက် သည့် ဆွေးနွေးပြောကြားမှုများကိုသာ မကြာခဏ ကြားရပါသည်။ သူတို့အသုံးအနှုန်းကတော့ တိုင်းပြည် တိုးတက်ဖြစ်ထွန်းရေးအတွက် Road Map ရှိထားဖို့လိုသည် ဆိုသည့် ဆွေးနွေးမှုများကို မကြာခဏ ကြားသိနေရပါသည်။

ကျွန်တော်အလွန်လေးစားသော စင်ကာပူခေါင်းဆောင်ကြီး လီကွမ်ယုကလည်း ထိုအဓိပ္ပာယ်မျိုးကို ပင် စေတနာထားပြော ကြားခဲ့သည်များကို ကြားခဲ့ရပါသည်။ ကျွန်တော်နှင့် အလွန်ရင်းနှီးသော မိတ်ဆွေများ၊ အမေရိကန်နိုင်ငံမှ လာရောက်ကြသော ကွန်ဂရက်နှင့် ဆီးနိတ်တို့မှ ပုဂိ္ဂုလ်များကလည်း ထိုနည်းအတိုင်း ဆွေးနွေးလေ့ရှိကြသည်။ ထို့ကြောင့်လည်း ကျွန်တော်သည် Road Map ကိုနားရည်ဝနေ တာကြောင့် ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ Road Map အကြောင်း မကြာခဏတင် ပြပါသည်။ အချိန်မကျ သေး၍ ထားလိုက်ပါဦးဟုသာ အဖြေရခဲ့ပါသည်။ သို့သော် ကျွန်တော်ကတော့ Road Map ကို အချိန် မရွေး ထလုပ်လိုပါက လုပ်နိုင်ရန် ကြိုတင်ပြင်ဆင် စဉ်းစားထားမှုများ ရှိနေပါသည်။

၂၀၀၃ခုနှစ် ကျွန်တော့်ကို ၀န်ကြီးချုပ် တာဝန်ပေးအပ်သည့်အချိန်မှာပင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကျွန်တော့် ကိုခေါ်ပြီး ““ခင်ဗျား မကြာခဏတင်ပြနေတဲ့ Road Map ကိစ္စကို လုပ်ကြရအောင်။ ခင်ဗျားပဲ တရားသူကြီးချုပ်၊ ရှေ့နေချုပ်တို့နှင့် တိုင်ပင်ပြီး ကျွန်တော့်ကို တင်ပြပါ””ဟု ပြော လာသည့်အတွက် ကျွန်တော်အလွန်ဝမ်း မြောက် ၀မ်းသာ ဖြစ်မိပါသည်။ ထို့ကြောင့် ကျွန်တော်လည်း အချိန်မဆိုင်းတော့ဘဲ တရားသူကြီးချုပ်နှင့် ရှေ့နေ ချုပ်တို့ကို ခေါ်ယူပြီး ကျွန်တော်ကြိုတင်ပြင် ဆင်ထားသည့် Road Map အစီအစဉ်ကို ချပြဆွေးနွေး ခဲ့ကြပါ သည်။ ကျွန်တော်တို့ ၃ ယောက်သား လိုတိုးပိုလျှော့နှင့် ဥပဒေကြောင်းနှင့် ညီညွတ်အောင် နိုင်ငံတကာကျင့် သုံးမှုများကိုပါ ဆွေးနွေးညှိနှိုင်းပြီး ထွက်ပေါ်လာသည့် ရှေ့လုပ်ငန်းစဉ် ၇ ရပ်ကို ဥက္ကဋ္ဌကြီးထံ တင်ပြပါသည်။ ဥက္ကဋ္ဌက ပြင်ဆင်ဖြည့်စွက်မှုမပြုတော့ဘဲ တပ်မတော်အစိုးရ၏ ကာလတစ်လျှောက်လုံး ကြိုးပမ်းဆောင်ရွက်မှု ကြောင့် တိုးတက်ဖြစ်ထွန်း လာမှုများကို ပဏာမပြောကြားပြီးမှ Road Map ပါ ရှေ့လုပ်ငန်းစဉ် ၇ရပ်ကို ရှင်းလင်း တင်ပြရန်နှင့် ဤလုပ်ငန်းစဉ်အတိုင်း ဆက်လက် ဆောင်ရွက် မည် ဖြစ်ကြောင်း နိုင်ငံတော်သို့ အသိပေးကြေညာ ရန်လမ်းညွှန်မှု ပေး ပါသည်။

ထိုလုပ်ငန်းစဉ် ၇ ရပ်ပါ Road Map ကြေညာချက်ကို နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်သည် ၂၀၀၃ ခု နှစ်၊ သြဂုတ်လ ၃၀ရက်က ရန်ကုန်မြို့၊ ပြည်သူ့လွှတ်တော် အဆောက်အအုံ၌ ၀န်ကြီးဌာနများမှ တာဝန်ရှိ ပုဂိ္ဂုလ်များ၊ အစိုးရ မဟုတ်သော လူမှုရေး၊ စီးပွားရေးအသင်း အဖွဲ့များမှ ကိုယ်စားလှယ်များအား တွေ့ဆုံ၍ ဤသို့ရှင်းလင်းပြောကြားခဲ့သည်။

ပထမအဆင့် – ၁၉၉၆ ခုနှစ်က စတင်၍ ယာယီအားဖြင့် ဆိုင်းငံ့ထားလျက် ရှိသော အမျိုးသားညီလာခံကို ပြန် လည် ကျင်းပခြင်း။

ဒုတိယအဆင့် – အမျိုးသားညီလာခံကြီး အောင်မြင်စွာ ကျင်းပပြီးစီးသည့်အခါ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ဖြစ်ထွန်းရေးအတွက် လိုအပ်သော ဆောင်ရွက်ဖွယ်ရာ လုပ်ငန်းစဉ်များကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ဆောင်ရွက်ခြင်း။

တတိယအဆင့် – အမျိုးသားညီလာခံကြီးက ချမှတ်ပေးသော အခြေခံရမည့်မူများနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ မူကြမ်းကို ရေးဆွဲခြင်း။

စတုတ္ထအဆင့် – ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ အတည်ပြုခြင်း။

ပဉ္စမအဆင့် – ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ လွှတ်တော်များဖွဲ့စည်းရေး အတွက် တရားမျှတသော ရွေးကောက်ပွဲများကျင်းပခြင်း။

ဆဋ္ဌမအဆင့် – ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နှင့်အညီ လွှတ်တော်ကိုယ်စား လှယ်များဖြင့် လွှတ်တော်အစည်း အဝေးများ ကျင်းပခြင်း။

သတ္တမအဆင့် – လွှတ်တော်မှ ရွေးကောက် တင်မြှောက်သော နိုင်ငံတော်အကြီး အကဲများနှင့် လွှတ်တော်မှ ဖွဲ့စည်းပေးသော အစိုးရအဖွဲ့နှင့် အာဏာပိုင် အဖွဲ့အစည်း များဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ခြင်း တို့ဖြစ်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံရဲ့ Road Map ဖြစ်ပါတယ်””ဟု ဖော်ပြခဲ့ပါသည်။

အထက်ပါ ရေးသားမှုများကို လေ့လာကြည့်ပါက Road Map ရေးဆွဲစဉ်ကာလသည် ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီး ဟောင်း) အား ၀န်ကြီးချုပ်တာဝန် စတင်ပေးအပ်သည့် ၂၀၀၃၊ သြဂုတ်လဖြစ်တာကြောင့် ၂၀၀၃၊ မေ၊ ဒီပဲရင်း အရေးအခင်းကြီးဖြစ်ပြီး ၂လအကြာတွင်ရေးဆွဲ ခဲ့ကြောင်း တွေ့ ရှိရသည်။ ဦးခင်ညွန့် ကြိုတင်ပြင်ဆင်ထားသည့် Road Map ကို ချပြဆွေးနွေးတိုင်ပင်ခဲ့သူ တရားသူကြီးချုပ်မှာ ဦးအောင်တိုး ဖြစ်ပြီး ရှေ့နေချုပ်မှာ ဦးအေးမောင် သာဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ရှေ့နေချုပ်ဦးသာထွန်းသည် ၂၀၀၃ ခုနှစ်၊ မေ ၉ရက်တွင် ကွယ်လွန် သွားခဲ့ပြီးဖြစ်သည်။ ၃ ယောက်သား ဆွေးနွေး ညှိနှိုင်းရေးဆွဲခဲ့သည် ဆိုသော်လည်း Road Map ကို အဓိက ကြိုတင် ပြင်ဆင်ထားသူမှာ ဦးခင်ညွန့်ဖြစ်တာကြောင့် ““Road Map အစ ဦးခင်ညွန့်က””ဟု ဆိုနိုင်ပေသည်။

သို့ရာတွင် မြန်မာနိုင်ငံ၏ ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် ၇ရပ် Road Map ကို ကမ္ဘာသိအောင် ဦးခင်ညွန့် ကြေညာခဲ့သည့် ၂၀၀၃ ခုနှစ်၊ သြဂုတ် ၃၀ ရက်အား ““မြန်မာ့ရက်စဉ်သမိုင်း”” ကျမ်းစာအုပ်၌ ဖော်ပြထားခြင်း မရှိပေ။ နအဖဟု အတိုကောက်ခေါ်သည့် နိုင်ငံတော်အေး ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ် (ခရစ် နှစ် ၁၉၉၇-၂၀၁၁) တွင် ၀န်ကြီးချုပ် ဖြစ်ခဲ့သူ ဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း)အား နအဖအစိုးရ၊ ယဉ်ကျေးမှု ၀န်ကြီးဌာနက ထုတ်သည့် သမိုင်းကျမ်းစာအုပ်တွင် ချန်လှပ်ထားခဲ့သည်မှာ ထူးခြားအံ့ဖွယ်ပင် ဖြစ်သည်။

““မြန်မာ့ရက်စဉ်သမိုင်း””(ပထမတွဲ) [အကြိုသမိုင်းကာလမှ ၁၉၄၅ အထိ]နှင့် ““မြန်မာ့ရက်စဉ်သမိုင်း”” (ဒုတိယတွဲ) [၁၉၄၅ မှ ၂၀၀၈ အထိ] ကျမ်းစာအုပ်များကို ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ်ခင်အောင်မြင့် (ယခုအမျိုးသား လွှတ်တော်ဥက္ကဋ္ဌ)၏ လမ်းညွှန်မှု၊ သမိုင်းသုတေသနဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဒေါ်နန္ဒာမွှန်း (ဦးသိန်းစိန် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၏ဇနီး)၏ အနီးကပ်ကြီး ကြပ်မှုနှင့် သုတေသနအဖွဲ့တို့မှ အရာထမ်း၊ အမှုထမ်းများ၏ ပြုစုရေးသားမှုတို့ဖြင့် ၂၀၀၉ ခုနှစ်တွင်ထုတ်ဝေ ခဲ့ပါသည်။ ရက်စဉ်သမိုင်းပြုစုရာတွင် လိုက်နာရမည့်စည်းမျဉ်း ၁၁ ချက်ရှိသည့်အနက် (က) အများပြည်သူနှင့် ဆိုင်သောသတင်းဖြစ်ရမည်။ (ခ)အရေးကြီးသော သတင်းအချက်အလက် မကျန်စေရန်ကြိုးပမ်းရမည်။ (ဂ) လူမှုအဖွဲ့အစည်း ကိုတိုးတက်ပြောင်းလဲစေသော အကြောင်းအရာများသာမက ထိခိုက်နစ်နာစေခဲ့သော အဖြစ်အပျက် သတင်းများပါမကျန်စေရန် ဂရုပြုရမည်ဟုဆိုသော်လည်း Road Map ကြေညာချက်ထုတ်ပြန် ရက်ကတော့ ကျန်ခဲ့လေပြီ။

ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း)သည် သူ၏စာအုပ် အမှာစကားတွင် သမိုင်းဆိုတာကတော့ ချက်ချင်းအမှန်လို့ မှတ်ယူ၍ မရပါ။ နောင်နှစ် အတော်ကြာမှ သမိုင်းမှန်ဆိုတာ ပေါ်တတ်ပါသည်ဟု ဆိုထားပါသည်။ ဘာပဲပြော ပြော သမိုင်းကြောင်း ကောင်း၊ မကောင်းကိုတော့ ပြည်သူ ကသာလျှင် အဆုံးအဖြတ် ပေးလိမ့်မည်ဖြစ်ကြောင်း နိဂုံးချုပ်ရေးသား လိုက်ရပါသည်။

စိုးမြင့်မိုး(ဘူမိ)

ကျမ်းကိုး

၁။ မြန်မာ့ရက်စဉ်သမိုင်း – သမိုင်းသုတေသနဦးစီးဌာန

၂။ ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘ၀အထွေထွေ – မှော်ဝန်းသား ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း)

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

  

 

No comments:

Post a Comment