အောင်သူရထွန်း
နေပြည်တော်၊ မတ် ၅
လာမည့် ဘဏ္ဍာနှစ်သစ်တွင် နိုင်ငံဝန်ထမ်းများ လစာတိုးမြှင့်ခံစားခွင့်ပေးရန် လွှတ်တော်၌ ဆွေးနွေးဆောင်ရွက် လျက်ရှိသော်လည်း အခြေခံစားသောက်ကုန်နှင့် ပြည်တွင်းထွက်ကုန်များ ဈေးနှုန်း မြင့်တက်လာပါက စည်ပင်သာယာနှင့် သက်ဆိုင်ရာအစိုးရဌာနများက အရေးယူမှုများ ဆောင်ရွက်သင့်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းက တိုက်တွန်းပြောကြားလိုက်သည်။
ဒု-ဝန်ကြီးက “ဈေးကွက်အတွင်းမှာရှိတဲ့ ရောင်းချသူအများစု အနေနဲ့ ကုန်ပစ္စည်းတွေကို အမြတ်ရလိုမှုကြောင့် ဝယ်ရင်းဈေးပေါ်မှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းထက် အမြတ်များများတင်ပြီး ရောင်းချနေခြင်း အပေါ် သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီများ၊ ဈေးစီမံခန့်ခွဲသူများ၊ သက်ဆိုင်ရာဌာနများ အရေးယူ ဆောက်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော်တွင် ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် မဲဆန္ဒနယ်အမတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်က ဝန်ထမ်းများ လစာတိုးမြင့်ခဲ့လျှင် ကုန်ဈေးနှုန်းတက်လာလျှင် အစိုးရအဖွဲ့အနေဖြင့် မည်ကဲ့သို့ ထိန်းချုပ်ဆောင်ရွက် သွားမည်ကို သိရှိလိုကြောင်း မေးမြန်းမှုအပေါ် ဝန်ကြီးဌာန လေးခုဖြေကြားမှုတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
ဒေါက်တာဝင်းမြင့်က “ လစာတိုးမြင့်ခဲ့ပါက နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ကုန်ဈေးနှုန်းတက်ခြင်း၊ ငွေကြေးဖောင်းပွခြင်းများ ဖြစ်ပေါ်လာခြင်းမရှိအောင် ဆောင်ရွက်ခြင်းရှိ မရှိနှင့် ရှိပါက မည်ကဲ့သို့ စီမံဆောင်ရွက်ထားကြောင်းသိရှိခြင်းဖြစ်ပါတယ်” ဟု မေးမြန်းသည်။
ထို့အပြင် ဝန်ထမ်းများလစာတိုးပါကလည်း ပုံမှန် ထမင်းနှစ်နပ်စားနေရာက လေးနပ်မစားသကဲ့သို့ ကျန်ပြည်သူ များသည်လည်းထို့နည်းတူစွာ တစ်နေ့ ထမင်းနှစ်နပ်သာစားခြင်းဖြစ်သည့်အတွက် အခြေခံစားသောက်ကုန်များ ဈေးနှုန်းအဆမတန် မြင့်တက်လာမှုမရှိစေရန် ထိန်းချုပ်နိုင်ရန်လိုအပ်ကြောင်း ထောက်ပြခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိန်းကမူ “ကုန်ဈေးနှုန်းမြင့်တက်မှု ကာကွယ်တဲ့ နည်းလမ်း နှစ်ခုရှိပါတယ်၊ အဲ့ဒီထဲကမှ အသုံးစရိတ်လျော့ချတဲ့နည်းလမ်းနဲ့ လေလွင့်ခွန်နှင့် အခွန်တိမ်းရှောင် သူ တွေကိုစိစစ်ကောက်ခံတဲ့နည်းလမ်းများ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြောသည်။
ပြည်ပမှတင်သွင်းသည့် အခြေခံစားကုန် လူသုံးကုန်များသည် ပြည်ပတွင်ဖြစ်ပေါ်နေသည့် ကုန်ပစ္စည်းဈေးနှုန်း အခြေအနေနှင့် ပြည်တွင်းဝယ်လိုအားပေါ်မူတည်၍ ကုန်ဈေးနှုန်း အတက်အကျ ဖြစ်ပေါ်နိုင်ပြီး တစ်ခါတစ်ရံ ကောလဟာလ သတင်းများ၊ မမှန်မကန်သတင်းများကြောင့်လည်း ကုန်ဈေးနှုန်းများ ရုတ်တရက် အတက်အကျ ဖြစ်ပေါ်နိုင်ကြောင်လည်း ဒု-ဝန်ကြီး ဒေါက်တာပွင့်ဆန်းက ရှင်းပြသည်။
ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်ခင်စောဦးက “ ပုဂ္ဂလိကလစာဟာ နိုင်ငံဝန်ထမ်းတွေလစာထက် များပြီးသား ဖြစ်ပါတယ်၊ နိုင်ငံဝန်ထမ်းတွေ လစာတိုးတဲ့အတွက် ဥပမာပြောရရင် တက္ကစီမောင်းသူတစ်ဦးဟာ ဝန်ထမ်းတွေ လစာတိုးတဲ့အတွက် သူတို့ကလည်း ကားခ ပိုတောင်းလာချင်တဲ့ စိတ်သဘောထားရှိပါတယ်” ဟု ဝန်ထမ်းများ လစာတိုးပါက နောက်ဆက်တွဲကိစ္စရပ်များရှိလာနိုင်သည်ဟု ဆိုသည်။
လက်ရှိ ညွန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွန်ကြားရေးမှူးများ၏ လစာသည် ကျပ်နှစ်သိန်းကျော်သာရှိသည့် အတွက် ပြင်ပကုမ္ပဏီများတွင် အလုပ်လုပ်နေသော သာမာန်ဝန်ထမ်းများ တက္ကစီယာဉ်မောင်းများသည်ပင် တစ်လ သုံးသိန်းကျပ်ဝန်းကျင်ခန့် ရရှိနေသည့်အတွက် လစာနှုန်းထားမြင့် အတတ်နိုင်ဆုံးညီမျှ ခံစားနိုင်ရန် ဒေါက်တာဝင်းမြင့်က ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။
၎င်းက “ကုမ္ပဏီတွေမှာလုပ်နေတဲ့ အဆင့်အတန်းမှီတဲ့ အထွေထွေမန်နေဂျာ အဆင့်ဆိုရင် ကျပ်ဆယ်သိန်း လောက်ရနေပါတယ်၊ လက်ရှိ နိုင်ငံဝန်ထမ်းတွေရဲ့ နည်းပါးနေတဲ့ လစာကို အပြင်မှာ အလုပ်လုပ်နေတဲ့ သူတွေ ရဲ့ လစာနဲ့ တူညီနိုင်အောင်လို့ ဆောင်ရွက်ပေးဖို့ တင်ပြခဲ့ခြင်းဖြစ်ပါတယ်” ဟု ပြောသည်။
ပြင်ပတွင် အလုပ်လုပ်ကိုင်နေသူများ ဝင်ငွေထက် နိုင်ငံဝန်ထမ်းများလစာအား ပိုမိုစေရန် တောင်းခံခြင်းမျိုးမ ဟုတ်ဟုလည်း ၄င်းကဖြည့်စွက်ပြောသည်။
ထို့အပြင် ဒေါက်တာဝင်းမြင့်က “ စိန်တွေ၊ ပတ္တမြားတွေ ဈေးတက်တာ အကြောင်းမဟုတ်ပါဘူး၊ အခြေခံစား သောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စတဲ့ စားသောက်ကုန်တွေ ဈေးမတက်ဖို့ကသာ အရေးကြီးပါတယ်” ဟု ဆွေးနွေးခဲ့သည်။
Credit - Mizzima News
No comments:
Post a Comment