Monday, March 2, 2015

စိတ်မချမ်းမြေ့ဖွယ် နိုင်ငံရေးညစ်ကွက်များ

အခုတလော ကျောင်းသားများရဲ့ ဒီမိုကရေစီပညာရေး တောင်းဆိုလှုပ်ရှားမှုများအပေါ် အဘက်ဘက်က တုန့်ပြန်ပြောဆို ဝေဖန်မှုများ ဒလစပ် ကြားလာနေရပါသည်။ ကောင်းသည့် ဝေဖန်မှုများရှိသလို မကောင်းသည့် ဝေဖန်မှုများလည်း ရှိပါသည်။ ဒါကတော့ တရားသဘောအရကြည့်လျင် သဘာဝလည်းကျပါသည်။ တကယ် လည်း ဝေဖန်ဆန်းစစ်ကြရမည်လည်း ဖြစ်ပါသည်။ မည်သည့်အတွက်ကြောင့်ဟူမူ တိုင်းပြည်ပညာရေးအတွက် ဖြစ်သည်မဟုတ်ပါလား။

သို့သော်  သဘာဝကျကျ တရားနည်းလမ်းမှန်မှန်ကန်ကန်ဖြင့် တုန့်ပြန်မှုများရှိသလို သဘာဝမကျသော တရား နည်းလမ်းမကျသော တုန့်ပြန်မှုများကိုလည်း တွေ့လာကြားလာရမည်ဆိုလျှင်မူ ပြည်သူများ စိတ်ချမ်းမြေ့နိုင်ကြ မည် မဟုတ်ပါ။

အစပထမပိုင်းက ကျောင်းသားများ၏ ဗွေဆော်ဦး ဆန္ဒပြတောင်းဆိုမှုများပြုစဉ်က တာဝန်ရှိသူများသည် မထေမဲ့မြင် ပြုခဲ့ကြသလို ရှိပါသည်။ ယခင့်ယခင် စစ်အစိုးရလက်ထက်တုန်းကလိုပင် မည်သည့်တောင်းဆိုချက် ထင်မြင်ယူဆချက်ကိုမှ အလေးဂရုမပြုဘဲ တဘက်သတ် ဥပဒေများပြဋ္ဌာန်းခဲ့ကြသလို ဖြစ်ခဲ့သည်ဟု ဝေဖန် သံများ ကြားခဲ့ရ၏။ ထို့နောက် ကျောင်းသားများက သက်ဆိုင်ရာကို အချိန်အကန့်အသတ်ဖြင့် တောင်းဆို သောအခါတွင်လည်း သက်ဆိုင်ရာတို့သည် လက်ခံစဉ်းစားခြင်း မရှိခဲ့ကြချေ။ နောက်ဆုံးတွင် ပြောဆိုထားသည့် အတိုင်း ကျောင်းသားများက ဆန္ဒပြလမ်းလျှောက်ပြလာကြသောအခါကြမှသာ သက်ဆိုင်ရာတို့သည် တစ်စုံ တစ်ရာ တုန့်ပြန်ပြောဆိုလာကြသည်ကို တွေ့ကြရ၏။ ဒါကလည်း ကျောင်းသားများကို ပြည်သူက ထောက်ခံကြောင်း သိသာလာသည့်အခါကြမှသာ သို့တည်းမဟုတ် သက်ဆိုင်ရာတို့ ဂုဏ်သိက္ခာ ထိခိုက်လာသော အခါမှသာ ယခုလို အရေးတယူ တုန့်ပြန်စဉ်းစားလာခြင်းဖြစ်သည်ဟုလည်း ပြောကြပါသည်။

သို့သော် တဆက်တည်းဆိုသလိုပင် တန်ပြန်သပိတ်များ၊ ဘာသာရေးအဖွဲ့အစည်းတချို့က ဝင်ရောက်ပြောဆို မှုများနှင့် ကျောင်းသားခေါင်းဆောင်များ၏ ပုဂ္ဂိုလ်ရေးအမနာပသတင်းများ ဖြန့်ဝေရှုတ်ချသည့်အလုပ်များကို ဒလစပ် ကြားလာကြရ မြင်လာကြရပါသည်။ သည်လို တုန့်ပြန်လာမှုများအတွက်မူ ပြည်သူတို့အဖို့ စိတ်မချမ်း မြေ့ကြရဟူ၍ ပြောနိုင်ပါသည်။ မှန်ပါသည်။ ကျောင်းသားတို့နှင့် စားပွဲဝိုင်းထိုင်ဖြေရှင်းခြင်း၊ သူ့ဘက်ကိုယ့်ဘက် ပညာရှင်များ ညှိနှိုင်းခြင်း၊ အပေးအယူ အလျှော့အတင်းနှင့် သိက္ခာရှိသော အရေးယူဆောင်ရွက်မှုများသည် တိုင်းပြည်အတွက် အင်မတန် မှန်ကန်လေးနက်သော တုန့်ပြန်မှုများဖြစ်ပါသည်။ စေ့စပ်ဆွေးနွေးခြင်းသည် ဘယ်သူမှမနိုင်  ဘယ်သူမှ မရှုံးဟူ သော နိုင်ငံရေးယဉ်ကျေးမှုသစ်၏ အခြေခံမူဖြင့် သွားသောလမ်းကြောင်းဖြစ်သဖြင့် ပြည်သူတို့ စိတ်ချမ်းသာရ မလို ဖြစ်ခဲ့ပါသေး၏။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ မှားယွင်းစွာတုန့်ပြန်ဆောင်ရွက်မှုများကိုလည်း ဒလစပ်မြင်လာ၊ တွေ့လာကြရပါသည်။ ထို့ကြောင့် မိဘပြည်သူတို့မှာ စိတ်မချမ်းမြေ့နိုင်ကြပါ။
သည်လိုဖြစ်လာသည့်အခါ လွန်ခဲ့သော နှစ်ပေါင်း ၂၇ နှစ်အကြာ ရှစ်လေးလုံး လူထုအံကြွမှုကာလက အဖြစ် အပျက်ကို မိမိတို့ပြန်လည် မြင်ယောင်လာကြရ၏။ ထိုစဉ်က ရွှေတိဂုံဘုရားပေါ်တွင် ကျောင်းသားများ ဆန္ဒပြ နေစဉ် မူးယစ်သောက်စားထားသူ၊ လူဆိုးလူမိုက် ငါးဆယ်ခန့် ရုတ်တရက်ရောက်လာပြီး ပစ္စည်းများကို တိုက်ခိုက်ဖျက်ဆီး၊ ကျောင်းသားနှင့်ပြည်သူများ၊ ရဟန်းတော်များကိုပါမချန် ဆဲရေးရန်စခြင်း၊ ရိုက်မည်ပုတ်မည် တကဲကဲ လုပ်ခြင်းများကြောင့် ကျောင်းသားများသည် ရှောင်ရှားပေးခဲ့ကြရသည့်အဖြစ်ကို ပြန်လည်မြင်ယောင် လာကြရ၏။

ယခုလည်း ယင်းကဲ့သို့သော တရားနည်းလမ်းမကျ၊ အင်မတန်မှားယွင်းသည့် တုန့်ပြန်မှုများနှင့် မိမိတို့၏ သားသမီးများဖြစ်ကြသည့် ကျောင်းသားများ ရင်ဆိုင်ရတော့မည်လောဟု စိုးရိမ်စိတ်နှင့် စောင့်ကြည့်ကြရမလို ဖြစ်လာနေပြန်သည်။ မိမိတို့တိုင်းပြည် သာယာအေးချမ်းစွာ ပြဿနာများ ဖြေရှင်းနိုင်ပါစေကြောင်း ပြည်သူများ အားလုံး စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းအဖြေရှာပေးနိုင်ကြပါစေကြောင်း တင်ပြလိုက်ရပါသည်။


Credit - Mizzima News

No comments:

Post a Comment