Thursday, March 5, 2015

မြို့တော်ခန်းမရှေ့ ဆန္ဒပြသူ ကျောင်းသားနှင့် ၈၈ ငြိမ်း/ပွင့် ရှစ်ဦး အကြမ်းဖက် ဖမ်းဆီးခြင်းခံရ

ရန်ကုန် (မဇ္ဈိမ) ။ ။ မြို့တော်ခန်းမရှေ့တွင် မတ်လ ၅ ရက် ညနေ ၄ နာရီက လက်ပံတန်းကျောင်းသားထိုင်သပိတ်ကို အကြမ်းမဖက်ရန် ဆန္ဒပြနေသည့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း နှင့် ကျောင်းသားများထဲမှ ၈ ဦးကို ရဲတပ်ဖွဲ့ နှင့် လက်မောင်းတွင် လက်ပတ်အနီများ ပတ်ထားသည့် အရပ်ဝတ်ဖြင့် လူများက ရိုက်နှိုက်ဖမ်း ဆီးခေါ် ဆောင်သွားခဲ့သည်။

hongsar
ပုံစာ- ၈၈အဖွဲ့ဝင်အချို့နှင့် ကျောင်းသားအချို့အား အာဏာပိုင်များက မတ်လ ၅ရက် ညနေက မြို့တော်ခန်းမရှေ့တွင် ဖမ်းဆီးစဉ်။ (ဓာတ်ပုံ-ဟောင်ဆာ၊ရာမည)



ဆန္ဒပြလူစုအင်အား ၅၀ ကို ရဲတပ်ဖွဲ့များက နံပါတ်တုတ်များဖြင့် ရိုက်နှိုက်ခြင်း၊ လက်ပတ်အနီများ ပတ်ထားသည့် အရပ်ဝတ်ဖြင့် လူများက ချုပ်နှောင်ဖမ်းဆီခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ပြီး ရှစ်ဦးအား ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်။

ဗွီဒီယိုဖိုင် ကြည့်ရန် - http://youtu.be/H6_3quiUugs

ဖြစ်စဉ်မှာ မြို့တော်ခန်းမရှေ့သို့ ဆန္ဒဖော်ထုတ်သူများ မရောက်လာမီ  ညနေ ၃ နာရီခွဲလည်တွင် မြို့တော်ခန်းမရှေ့သို့ ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး ရောက်ရှိလာပြီး ဥပဒေ နှင့် မညီညွတ်ဘဲ လူစုလူဝေးမပြုလုပ်ကြရန်နှင့် ယင်းနေရာသို့  မလာရောက်ကြရန် ကြေငြာခဲ့သည်။

ဆန္ဒပြသူများ ရောက်ရှိလာပြီနောက် အဆိုပါ အုပ်ချုပ်ရေးမှူးက မသက်ဆိုင်သူများ လူစုခွဲကြရန်နှင့် လိုက်နာခြင်း မရှိလျှင် တည်ဆဲဥပဒေဖြစ်သည့် ကျင့်ထုံးဥပဒေ ပုဒ်မ  ၁၂၇/၁၂၈ဖြင့် လူစုခွဲသွားမည်ဟု ကြေငြာခဲ့သည်။ ထို့နောက် နာရီဝက်အတွင်းမှာပင် ရဲတပ်ဖွဲ့နှင့် လက်ပတ်အနီများ ပတ်ထားသည့် အရပ်ဝတ်ဖြင့် လူများက ဝင်ရောက်လူစုခွဲပြီး ဆန္ဒပြသူများ ရှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့မှ ဥက္ကဋ္ဌ မအိဆွေမြတ်က ''သိရသလောက် ရှစ်ဦးပါသွားတယ် တိတိကျကျမသိဘူး။  ဒီနေ့ တက္ကသိုလ် ကျောင်းသားတွေပဲ လုပ်တဲ့နေ့မှာ အကြမ်းဖက်ပြိုခွင်းတာ ကျောင်းသားတွေကို ဘယ်လိုသဘော ထားလဲ။ အမျိုးသားပညာရေးဥပဒေကို ပြင်ပေးချင်စိတ်ရှိရဲ့လား။ ညင်သာစွာ ထုတ်ဖော်ချိန်မှာ သူတို့ ဒီလို အကြမ်းဖက်တဲ့အတွက် ကျွန်တော်တို့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းမှု တစ်စုံတစ်ရာ ပြုလုပ် ပေးသင့်တယ် ''ဟု ပြောသည်။

ဧရာဝတီသပိတ်စစ်ကြောင်းမှ ကိုအောင်ကျော်က ''လေးပွင့်ဆိုင်ဆွေးနွေးပွဲက ရလဒ်တွေကို အမြန်ဆုံးအကောင်အထည်ဖော်ပေးဖို့ မြန်မြန်ဆန်ဆန်နဲ့ အေးအေးဆေးဆေးပြီးဆုံးမှုကိုပဲ မျှော်လင့်ပါတယ်။ ရုန်းရင်ဆန်ခတ် အကြမ်းဖက်တာကို မမျှော်လင့်ပါဘူး။ ဆန္ဒပြနေတဲ့ ကျောင်းသားထုကို ဘယ် လိုနည်းနဲ့မှ အကြမ်းမဖက်ဖို့ မေတ္တာရပ်ခံတယ်။ အကြမ်းဖက်ရင် ဒီမိုကရေစီကျင့်ဝတ်နဲ့မညီတဲ့ အကြမ်းဖက်မှု ဖြစ်ပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ လိုလားချက်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒထုတ်ဖော်ပြီး တောင်းဆိုမှာဖြစ်တယ် ''ဟု ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်သည့်နေရာတွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်အင်အား ၁၀၀ကျော်နှင့် လက်ပတ်အနီများ ပတ်ထားသည့် အရပ်ဝတ်ဖြင့် လူအင်အား ၁၀၀ကျော်တို့က ဆန္ဒပြသူများကို ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment