Saturday, March 7, 2015

၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ သတင်းထောက်များလုံခြုံမှု

– အောင်ထွန်းလင်း(ဖြတ်သန်းခဲ့ရသည့် သတင်းထောက်ဘ၀ အတွေ့အကြုံ)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဦးသိန်းစိန်အစိုးရလက်ထက်မှာ မီဒီယာ လောကအနေနဲ့ လွတ်လပ်ခွင့် လုံးလုံးလားလား ရသေးတာ မဟုတ် … လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် ကတည်းက တင်းကျပ်လာပြီး ဖိအားပေးမှုတွေ များလာခဲ့ … ကာကွယ်ရေး ဦးစီးချုပ်ရုံးမှာ စစ်တပ်ဘက်က လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲတုန်းက မတရားသင်းနဲ့ဆက်ဆံရင် ပုဒ်မ ၁၇(၁)နဲ့ ငြိနိုင် တယ်ဆိုပြီး ခြိမ်းခြောက် …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကြည့်မယ်ဆိုရင် စစ်သားဝတ်စုံ ချွတ်ထားတဲ့ စစ်သားဟောင်း ကြံ့ခိုင်ရေး ပါတီက နေရာတော်တော် များများမှာ အနိုင်ရပြီး အာဏာရပါတီအနေနဲ့ ခေါင်းမော်ခဲ့ပါတယ်။ ဒါပေမဲ့လည်း
၂၀၁၂ ကြားဖြတ်ရွေးကောက် ပွဲမှာတော့ ၁၉၉၀ ရွေးကောက် ပွဲကာလက တောင်ပြို ကမ်းပြို အနိုင်ရခဲ့ဖူးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ)က ပြည်သူ့ထောက်ခံမှုနဲ့ လစ်လပ်နေရာ ၄၄ နေရာမှာ ၄၃ နေရာ အနိုင်ရခဲ့ပါတယ်။ ဒီတော့ အာဏာရပါတီအတွက် အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရေး ကလည်း ထိတ်လန့်စရာ ဖြစ်လာပါတယ်။

ဒီတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီဘာကြောင့် ရှုံးရတာလဲဆိုပြီး သက်ဆိုင်ရာမြို့နယ်အလိုက် သုံးသပ်ချက်တွေရေးဖို့ အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ဒါနဲ့ သက်ဆိုင်ရာမြို့နယ်တာဝန် ခံတွေက ဘာကြောင့်ပါတီက ရှုံးနိမ့်ရတယ်ဆိုတာကို အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ အထက်ကိုတင်ပြကြ ပါတယ်။ ဒီနေရာမှာ ထူးခြားချက်တစ်ခုက ဘာပါနေလဲဆိုရင် အာဏာရပါတီရှုံးနိမ့်ပြီး NLD အနိုင်ရတာဟာ မီဒီယာကြောင့်ဆိုတဲ့ သုံးသပ်တင်ပြမှုမျိုးရှိခဲ့တယ်လို့ အဲဒီသုံးသပ်ချက်ကို ကိုယ်တိုင်ဖတ်ခဲ့ရသူတစ်ဦး က ပြန် ပြောပြပါတယ်။…

ဆက်လက်ပြီး သူကဆက်ပြောတာက အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲကျရင် လည်း မီဒီယာတွေကို ဖိအား ပေးလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မီဒီယာရဲ့အားကို သူတို့သိတယ်။ နောက်ပြီး အာဏာရပါတီနဲ့ အစိုးရကို ပြင်းပြင်းထန်ထန် ရေးတဲ့သူတွေ ဆိုရင် သူတို့ဖိအားပေးမယ်၊ အမှုတွေဆင် မယ်၊ နောက်ဆုံး သတင်းထောက် အယ်ဒီတာတွေကိုပါ ရိုက်တဲ့အဆင့်အထိ ဖြစ်လာနိုင်တယ်လို့ပြောတော့ စိတ်ထဲမှာ နည်းနည်းတော့ လန့်သွားမိ ပါတယ်။ ပြီးတော့ သူဆက်ပြောတာက ဖြစ်နိုင်ရင် သတင်းထောက်တွေအနေနဲ့ press ဆိုတဲ့ စကား လုံးပါတဲ့ သတင်းထောက် အင်္ကျီတွေကိုဝတ်ကြဖို့လည်း တိုက်တွန်းပါတယ်။ သူသွားဖူးတဲ့ အိုင်ယာလန်မှာဆိုရင် လူတစ် ယောက်ကို တခြားတစ်ယောက်က ရိုက်တာဟာ ဥပဒေကြောင်းအရ ရိုက်မှုပဲမြောက်ပြီး press စာတန်းပါ သတင်းထောက်အင်္ကျီ ၀တ်ထားတဲ့သူကို ရိုက်တယ်ဆိုရင်တော့ ဒါဟာ ပြစ်မှုပိုကြီးတယ်တဲ့လေ။

တိုက်တိုက်ဆိုင်ဆိုင်ပဲ အိုင်ယာလန်ကို သွားရောက်ခဲ့ဖူးတဲ့ ရှေ့နေကြီး ဦးရောဘတ်စန်းအောင်နဲ့ စကားပြော ခွင့်ရတဲ့အခါ သတင်းထောက်တွေနဲ့ ပတ်သက်လို့ စိတ်ပူတဲ့အကြောင်း ပြောပြပြန်ပါတယ်။ လက်ရှိ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလမှာ သတင်းစာတိုက်တချို့ကို အစိုးရက ဖိအားပေးမယ်လို့ သတင်းတွေ ထွက်တဲ့ အကြောင်းနဲ့ အဲဒီလိုဖိအားပေးခံရမယ့် မီဒီယာက ၁၀ ခု လောက်ရှိတယ်လို့ပြော ပါတယ်။ ဒါနဲ့ပတ် သက်ပြီး သူအိုင်ယာလန်ကို ရောက်တုန်းကအတွေ့အကြုံကို ပြောပြ ခဲ့ပါတယ်။

မပြေးသော်လည်း ကန်ရာရှိဆိုသလို တိုက်တိုက်ဆိုင်ဆိုင်ပဲ စစ်ကိုင်း၊ မုံရွာမြို့က အလွတ်တန်း သတင်းထောက် ကိုအောင် နေမျိုး (ခ) အောင်နိုင်မျိုးနဲ့ အပေါင်းအပါ တွေကို လူမှုကွန်ရက်ဖေ့စ်ဘုတ်ပေါ်မှာ ပုံတစ်ပုံတင်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ သတင်းရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့် လိုက်တာပါပဲ။ ပြည်ထောင်စုလက်နက်ကိုင်စစ် တပ် သို့မဟုတ် အစိုးရအရာထမ်း အမှုထမ်းများကအစိုးရ အပေါ်တွင် မေတ္တာ ပျက်စေရန် သော်လည်းကောင်း၊ စည်းကမ်းဖီ ဆန်ရန်သော်လည်းကောင်း၊ သစ္စာမဲ့ရန်သော်လည်းကောင်း ၀တ္တရားဆောင်ရွက်မှုကို ယုတ်လျော့ စေရန်၊ ထိခိုက်စေရန်၊ တားမြစ်စေရန်၊ အနှောင့်အယှက်ဖြစ်စေ ရန်၊ ပျက်စီးစေရန်၊ မမှန်မှု သိလျက်နှင့် မမှန် သတင်းလွှင့်ရန် ကြံရွယ်၍ ပြု လုပ်ခဲ့ကြသည် စွပ်စွဲချက်ဖြင့် ၁၉၅၀ အရေးပေါ် စီမံမှုအက်ဥပဒေ ၅ (က) (င)နဲ့ တရားစွဲ လိုက်တာပါ။ ထူးခြားတာ တစ်ခုက အဲဒီလို စဖမ်းတဲ့အချိန် တုန်းက မူးယစ်ဝရမ်းနဲ့ ဖမ်းခဲ့တာပါပဲ။ ဒီတော့ အထက်က ပြောခဲ့သလို မပြေးသော်လည်း ကန်ရာရှိဆိုသလို ဖြစ်ကုန်ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ မီဒီယာလောကအနေနဲ့ လွတ်လပ်ခွင့် လုံးလုံး လားလားရသေးတာ မဟုတ်ပေ မယ့် အတော်အတန်ေ တာ့ ရေးခွင့်ရလာခဲ့သလို နဂိုတင်ထုတ် စနစ်ကနေ ထုတ်တင်စနစ် ကိုပြောင်းပေးခဲ့ ပါတယ်။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းလောက် ကတည်းက တင်းကျပ်လာပြီး ဖိအားပေး မှုတွေ များလာခဲ့ပါတယ်။ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတာ၊ တရားစွဲတာ တွေ ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့ပါတယ်။ ထိုနည်းတူ အမည်မသိသူတွေက ရိုက်နှက်လို့ ဒဏ်ရာရတဲ့ သတင်းထောက်တွေ လည်းရှိခဲ့ပါ တယ်။ ဒီတော့ အထက်မှာ ဖော်ပြခဲ့သလို သတင်းမီဒီယာတွေကို ဖိအား ပေးဖို့လုပ်လာနိုင်တယ်ဆိုတဲ့ သုံးသပ်မှု တွေ အပေါ်ထောက်ခံနေသလို ဖြစ်နေပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက်အတွင်း မဏ္ဍိုင် ၄ရပ်ရှိသည့်အနက် မီဒီယာ မဏ္ဍိုင်၏စွမ်းဆောင်ရည်မှာ အခြား သော မဏ္ဍိုင်များထက် လုပ်ကိုင်နိုင်စွမ်းပိုမိုအား ကောင်းလာတာကို တွေ့နေရတာကိုတော့ စာဖတ်ပရိသတ် များ အငြင်းပွားဖွယ်မရှိဘူးလို့ ထင်မြင်မိပါတယ်။ အရင် န၀တ၊ နအဖ စစ်အစိုးရ လက်ထက်မှာထက် မီဒီယာရဲ့ စွမ်းဆောင်ရည်ဟာ အမြင့်ဆုံး မဟုတ်ရင်တောင်မှ ပြည်သူ့အတွက် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်တဲ့ အနေ အထားရှိသလို အစိုးရရဲ့ပျော့ကွက်၊ ဟာကွက်၊ လို အပ်ချက် စတာတွေကို ဖော်ထုတ်ရေးသား ပေးနေကြပါတယ်။ အဲဒီလို ရေးသားတဲ့နေရာမှာ တချို့သောအစိုးရအဖွဲ့ဝင်တွေ၊ ၀န်ကြီးဌာနတွေရဲ့ ပျော့ကွက်၊ ဟာကွက်၊ လိုအပ်ချက်ကို ရဲရဲတင်းတင်းရေးသားကြလို့ အာဃာတထားခံရတဲ့ မီဒီယာတွေလည်း ရှိနေပါတယ်။

ထိုနည်းတူ သမ္မတဦးသိန်းစိန်ရဲ့ လမ်းညွှန်မှုနဲ့ဖွဲ့ထားတဲ့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ဆိုရင် လည်း လက်တွေ့မှာ မီဒီယာအကျိုးထက် ကြားထဲကနေ ပွဲ စားပုံစံမျိုး လုပ်ဆောင်နေရတာကို တွေ့မှာပါ။ မီဒီယာတွေရဲ့ရေးသားမှုကြောင့် အစိုးရ၀န်ကြီးဌာနက မလိုလားရင် ကြားထဲကနေ ညှိနှိုင်းပေးရတဲ့အဆင့်၊ မီဒီယာတွေရဲ့လွတ်လပ်ခွင့်ကို အာမခံပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ကိုင်ရမယ့်အစား ပြန်ကြား ရေး က ပြောလိုတာတွေကိုသာ သယ်ဆောင်ပေးနေတဲ့ ပုံစံမျိုးတွေ တွေ့နေရပါတယ်။ ဒီတော့ မီဒီယာတွေရဲ့ သတင်းရ ယူပိုင်ခွင့်၊ ပြည်သူထံချပြခွင့်တွေဟာ အခုဆိုရင်ကိုယ့် လမ်းကိုယ်ဖောက် ကိုယ့်ဘာသာလျှောက် ဆိုသလို လုပ် ဆောင်နေရတာပါ။ ဒီလိုမျိုးလုပ်လို့လည်း တရားစွဲခံထားရတဲ့ သတင်းထောက်တွေ အများကြီးပါ။

အခုလည်း လာပြန်ပါပြီ။ လောက်ကိုင် မှာဖြစ်ပွားနေတဲ့ စစ်ပွဲသတင်းနဲ့ပတ်သက် ပြီး သတင်းရယူခွင့်အတွက် လုပ်ဆောင်တဲ့ သတင်းထောက်တွေ လိုက်နာရမယ့် စည်းကမ်းချက်ဆိုပြီး စစ်အုပ်ချုပ်ရေးယူ ထားတဲ့ စစ်တပ် က ထုတ်ပြန်လိုက်ပြန်ပါတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းချက်ကို လိုက်နာမည်ဖြစ်ကြောင်း ကတိပြုပါတယ် ဆိုပြီး လက်မှတ်ထိုးပြီးမှသာ သတင်းရယူ ရမည်တဲ့။ သူတို့သတ်မှတ်ထားတဲ့စည်း ကမ်းချက်တွေကို မလိုက်နာ ဘူးဆိုရင် စစ်အုပ်ချုပ်ရေးအမိန့် ၁/၂၀၁၅ နဲ့ အရေးယူမယ်တဲ့။ အဲဒီအမိန့်စာမှာ သတင်းရယူ တဲ့မီဒီယာတွေနဲ့ ပတ်သက်ပြီး လက်ရှိပြဋ္ဌာန်း ထားတဲ့မီဒီယာဥပဒေတချို့ကို ထည့်သွင်းထားပေမယ့်လည်း စည်းကမ်း ချိုးဖောက်ရင် ဥပဒေတွင် မည်သို့ပင် ပြဋ္ဌာန်းထားစေ ကာမူ သေဒဏ်အထိပေးနိုင်တယ်လို့ ပါရှိ ပါတယ်။

အခု ထုတ်ပြန်လိုက်တဲ့ စည်းကမ်းမှာလည်း အများပြည်သူနဲ့ တိုင်းရင်းသားများ ကြည့်ရှုရန် မသင့်တဲ့ဓာတ်ပုံများ မထုတ် ပြန်ရ၊ တိုင်းရင်းသားဒေသဖြစ်သည့်အတွက် အခြားတိုင်းရင်းသားများ၊ ပြည်သူများစိတ် ၀မ်းကွဲပြားမှု မဖြစ်စေရေးအတွက် အထူးသတိပြုထုတ်ပြန်ရန်၊ စစ်အုပ်ချုပ်ရေး ဒေသဖြစ်သည့်အတွက် တာဝန်ရှိသူများ ၏ ဆောင်ရွက်ချက်များအပေါ် တိုင်းရင်း သားအချင်းချင်း အထင်အမြင်လွဲမှားစေ မည့်သတင်းများ မထုတ်ပြန်ရန်၊ သတင်း ရယူသူသည် မိမိ၏ထင်မြင်ချက်၊ မိမိ၏ ကိုယ်ပိုင်အယူအဆနှင့် မိမိ၏ကိုယ်ပိုင်သုံး သပ်ချက်များမထည့် သွင်းရန်၊ အများပြည်သူ၏ အကျိုးစီးပွားနှင့်သက်ဆိုင်သော သတင်းကို ရေးသားဖော်ပြရန်၊ မိမိ၏ရရှိ ထားသော သတင်းများကို အမျိုးသားရေး စိတ်၊ နိုင်ငံချစ်စိတ်ဖြင့် စဉ်းစားချင့်ချိန်၍ တာဝန်ယူထုတ်ပြန်ရန်နှင့် မိမိထုတ်ပြန် သောသတင်းကို မိမိကိုယ်တိုင် တာဝန်ယူ ရန်ဆိုပြီး ပါပါတယ်။

ဒီစည်းကမ်းချက်တွေကို ကြည့်ရင် လွတ်လပ်စွာ သတင်းရယူခွင့်နှင့် ရေးသား ဖော်ပြခွင့်ကို တားမြစ်ထားချက် တွေပါသလို ခြိမ်းခြောက်မှုတွေကလည်း ပါပါတယ်။ ဒီလိုမျိုးသတင်းရယူပိုင် ခွင့်၊ ရေး သားဖော်ပြ ခွင့်နဲ့ပတ် သက်လို့ ကန့်သတ်ခံရတာ၊ ခြိမ်းခြောက်ခံရတာကို မီဒီယာလောကအတွက် အဓိကလုပ်ဆောင်ပေးရမယ့် စာနယ်ဇင်း ကောင်စီ(ယာယီ)က နှုတ်ပိတ်နေဆဲပါ။ ဒီ့ မတိုင်ခင်က နေပြည်တော်မှာ လုပ်ခဲ့တဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှာ စစ်တပ်ဘက်ကလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတုန်းကလည်း မတရားသင်းနဲ့ ဆက်ဆံရင် ပုဒ်မ ၁၇(၁)နဲ့ငြိနိုင်တယ်ဆိုပြီး ခြိမ်းခြောက်သွားတာ ရှိပါသေးတယ်။

မည်သို့ပင်ဖြစ်စေ အထက်မှာဖော်ပြ ခဲ့တဲ့ အကြောင်းအရာတွေအရ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ နီးလာ ရင် တော့ဖြင့် သတင်းထောက်တွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာဟာ စိုးရိမ်စရာ တစ်ခုဖြစ်လာနေ ပါပြီ။ ပါတီအောင်နိုင်ရေး အတွက် အနှောင့်အယှက်သဖွယ် သတ် မှတ်ခံနေရသလို လွတ်လပ်စွာသတင်းရယူ ခွင့်နှင့်ရေးသား ဖော်ပြခွင့်ကိုပါ ကန့်သတ်ခံလာရတဲ့ သတင်းမီဒီယာသမားများအတွက် အထူးသတိထား ရ တော့မယ့် အချိန်ဖြစ်လာပြီဖြစ်တာကိုတော့ မမေ့လျော့ကြပါနဲ့တိုက်တွန်းရင်း။

(မှတ်ချက်- ယခု ဆောင်းပါးရေးသားပြီး နောက်တစ်နေ့တွင် အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုအောင် နေမျိုးအား ပြန်လွှတ်ပေးခဲ့သည်။)


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment