– ထက်မြက်
ဒီမိုကရေစီ တိုက်ပွဲများမှာ အလွန်သိမ်မွေ့ပါသည်။ အာဏာပိုင်နှင့် တိုက်ရာတွင် မိမိတို့မှာ လက်နက်ကိုင် တိုက်ပွဲလို သူသေနတ်၊ ကိုယ်သေနတ်ဖြင့် တိုက်ရခြင်းမဟုတ်၊ မိမိမှာမိမိ၏ စွန့်လွှတ် အနစ်နာခံမှုကို အားကိုးရသည်။ ပြည်သူ၏ ထောက်ခံမှု ကို စောင့်မျှော်ရသည်။ ပြည်သူ မပါလျှင် တိုက်ပွဲမှာ ရှုံးနိမ့်နိုင် …
၁၉၈၄ ခုနှစ်က အင်းစိန်ထောင်တွင်း၌ နိုင်ငံရေး အကျဉ်းသား အတော်များများ ထောင်ကျလျက် ရှိပါသည်။ ၁၉၈၂ ခုနှစ်ကစ၍ မြေအောက်လှုပ်ရှားမှု (ယူဂျီ) အတော်များများ အဖမ်းခံခဲ့ရသည်။ ၈၀ ခု၊ လွတ်ငြိမ်း ချမ်းသာခွင့် ပေးပြီးနောက် ပြန်လည် လှုပ်ရှားလာသော မြေအောက် (ယူဂျီ) အတော်များများ ကို ဖော်ထုတ်နိုင် သောကြောင့် ၈၂ – ခုနှစ်တွင် ထောင်ဘူးဝ အထူးတရားရုံး၌ သက်သေမရှိ၊ သက်သေခံ ပစ္စည်းမရှိ၊ စစ်ထောက်လှမ်းရေး၏ စွဲချက်ဖြင့် အကျဉ်းရုံး စီရင်ကာ ပြစ်ဒဏ်များ ချမှတ်လိုက်ခြင်း ဖြစ်ပါ
သည်။ နိုင်ငံတော် ပုန်ကန်မှုဖြင့် အပြစ်ပေးခံရသည်မှာ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ဖြစ်သည်။ ထိုစဉ်က ၁၉၇၄-ခု၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံရေး အကျဉ်းသား ဆိုသည်ကို မဆလအစိုးရက ဆိုရှယ်လစ်စနစ်နှင့် မဆီလျော်ဟု သတ်မှတ်ကာ နိုင်ငံရေးပြစ်မှုမရှိ၊ အားလုံးတည်ဆဲ ဥပဒေကို ချိုးဖောက်သူများ၊ နိုင်ငံတော် လုံခြုံရေးကို နှောင့်ယှက် ဖျက်ဆီးသူများဟု သတ်မှတ်ကာ ရာဇ၀တ် ပြစ်မှုများနှင့် တစ်တန်းတည်းထား၍ အသီးသီး ထောင်ချလိုက်ခြင်း ဖြစ်ပါသည်။…
ကျောင်းသားများ၊ ဆရာဝန်များ၊ အင်ဂျင်နီယာများ၊ ကျောင်းဆရာများ ၊ အစိုးရအမှုထမ်းများ၊ လယ်သမား၊ အလုပ်သမား အတော်များများမှာ အင်းစိန်ထောင်ထဲတွင် စုရုံးရောက်ရှိ ကုန်ပါသည်။ နိုင်ငံရေး အကျဉ်းသားများမှာ တိုက်ခန်းများထဲမှနေ အဆောင်များထဲ ရောက်ရှိလာကြသည်။ အဆောင်များရှိ အခန်းအသီးသီးတွင် နိုင်ငံရေး အကျဉ်းသားများကိုခွဲ၍ ထည့်ထားလေသည်။ အလုပ်ကြမ်းနှင့် ထောင်ဒဏ် မည်ရွေ့မည်မျှဟု စီရင်ခဲ့သောကြောင့်လည်း အင်းစိန်ထောင်တွင်းရှိ အလုပ်ကြီးခေါ် လက်သမား၊ ရက်ကန်း စသည့် အလုပ်ဌာနများသို့ မနက်တိုင်း အလုပ်သွားလုပ်ပြီး ညနေမှသာ ပြန်လာရသည်။ အလုပ် လုပ်ရ၊ ရာဇ၀တ် အကျဉ်းသားများနှင့် အတူထားကြသော်လည်း နိုင်ငံရေး အကျဉ်းသားများမှာ နိုင်ငံရေး စိတ်ဓာတ် အပြည့်ရှိကြလေသည်။ လက်နက်ကိုင် တော်လှန်ရေးမှနေ မြေပေါ်ရောက်လာကာ နိုင်ငံရေး ယုံကြည်ချက် အပြည့်ရှိသူများ ဖြစ်သောကြောင့် သူတို့တွင် နိုင်ငံရေး သဘောတရားများ လျော့ပါးတိမ်ကော သွားခြင်း မရှိခဲ့ပေ။ မဆလတစ်ပါတီ စနစ်ကို ဆန့်ကျင်ခြင်း၊ စစ်အာဏာရှင် စနစ်တို့ကို ဆန့်ကျင်ခြင်း စိတ်ဓာတ် မှာ ရင်ထဲအမြဲ ရှိနေကြ၏။ ထို့ကြောင့် ထမင်းစားရာတွင်လည်း စုစုစည်းစည်း ရှိကြ၊ အဆောင်ရောက် တန်းပိတ်ချိန် မရောက်ခင်တွင် စုစုစည်းစည်း စကားပြောကြနှင့် ရှိကြသည်။ ထိုထဲတွင် နိုင်ငံရေး အတွေ့အကြုံ မရင့်ကျက်သေးသော လူငယ် အတော်များများလည်း ပါပါသည်။ ထိုအချိန်၌ ထောင်တွင်း တိုက်ပွဲတစ်ခု ရုတ်တရက် ဖြစ်ပေါ် လာခဲ့ရသည်။
ထိုတိုက်ပွဲမှာ အိပ်ဆောင် မ၀င်ရေး တိုက်ပွဲဖြစ်သည်။ တိုက်ပွဲကို ဦးဆောင်သော လူငယ်များသည် ဒီမိုကရေစီ တိုက်ပွဲ တစ်နည်းမြေပေါ်လူထုတိုက်ပွဲ အတွေ့အကြုံနည်း၏ ။ ထိုနေ့က KNU ပါတီမှ လက်နက်ကိုင် တိုက်ပွဲတွင် အဖမ်းခံရသော KNU ရဲဘော်တစ်ယောက် အရိုက်ခံရလေသည်။ အရိုက်ခံရသည်မှာလည်း သူက ထောင်ကြပ် တစ်ဦးကို ထပြီးလက်သီးနှင့် ထိုးသောကြောင့် သူ့ကို ထောင်ကြပ်များနှင့် ထောင်အာဏာပိုင် များက ၀ိုင်းဝန်းရိုက်နှက်ကာ တိုက်ပိတ် လိုက်လေတော့သည်။ မနက်ဘက် အလုပ်ကြီးသို့ တန်းစီစဉ်တွင် အလုပ်လုပ်သော ထောင်ကြပ်ကချက်ချင်း အလုပ်ကြီးသို့ မလွှတ်သေးပဲ အကျဉ်းသား များကို ထိုင်ခိုင်းလိုက်၊ ထခိုင်းလိုက်၊ အော်ဟစ်ကြိမ်းမောင်းလိုက်၊ တချို့ကို ကြိမ်လုံးဖြင့် လှမ်းရိုက်လိုက်နှင့် ဒုက္ခပေးနေတော့သည်။ ထိုကရင် ရဲဘော်မှာ စိတ်ပုံမှန် မဟုတ်ပေ။ စိတ်ဖောက်လာလျှင် တစ်ယောက်တည်း အော်လိုက်၊ ငိုလိုက်၊ ဘေးလူကိုထရိုက်၊ ထထိုးလိုက် လုပ်တတ်သည်။
သူ့စိတ်ထဲတွင် မကျေနပ်မှု တစ်ခုခု ဖြစ်လာသည်နှင့် စိတ်ကစဥ့်ကလျားဖြစ်သူများ လုပ်တတ်သည့်အတိုင်း လုပ်ခြင်းဖြစ်သည်။ ထိုမနက်က ထောင်ကြပ်က ထိုင်ခိုင်း လိုက်၊ ထခိုင်းလိုက် လုပ်နေသည်။ ထိုင်ခိုင်းစဉ်က ထမိသွားသောကြောင့် ထောင်ကြပ်က တုတ်ဖြင့် လှမ်းရိုက် လိုက်ရာ သူကထောင်ကြပ်ကို ထထိုး လိုက်လေသည်။ သူ၏ ပြစ်ဒဏ်မှာ ခြေချင်းခတ်၍ တိုက်ထဲပို့ရုံသာရှိ၏။ ထမင်းအငတ်ထားခြင်း ပြစ်ဒဏ်လည်း ပူးတွဲပါလာလေသည်။ နိုင်ငံရေး အကျဉ်းသားများသည် လက်နက်ကိုင် တိုက်ပွဲတွင် အဖမ်းခံရပြီး မတရားသင်း ကြေညာခံရသူများကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ကြပါသည်။ ပုဒ်မ ၁၇(၁)(၂)ဖြင့် ထောင်ကျသူ ရဲဘော်များကို မိမိတို့နှင့် တစ်တန်းတည်း သတ်မှတ်ကြ၏။ ထိုရဲဘော်ကို တိုက်ပိတ်လိုက်သောကြောင့် ပုဒ်မ ၅(ည)၊ ပုဒ်မ ၁၂၄ (က)တို့ဖြင့် ထောင်ကျသူများက ညနေတွင် အိပ်ဆောင်မ၀င်ရေး တိုက်ပွဲတိုက်ရန် ဆုံးဖြတ်လိုက်၏ ထောင်အာဏာပိုင်များကို ထို KNU ရဲဘော်အား တိုက်မပိတ်ရန် တောင်းဆိုသည်။ တောင်းဆို၍ မရလျှင် အိပ်ဆောင်မ၀င်ပဲ မိန်းဂျေးတွင် အားလုံးထိုင်ကာ ဆန္ဒပြဖို့ စီစဉ်ပါတော့သည်။ ညနေထောင်ပိတ်ချိန်တွင် ထောင်ထဲမ၀င်ဘဲ မိမိတို့ တောင်းဆို ချက်ရသည်အထိ ဆန္ဒပြခြင်းကို အိပ်ဆောင်မ၀င်ရေး တိုက်ပွဲဟု ခေါ်ဆိုပါသည်။
ထိုအချိန်က တိုက်ပွဲကို ဦးဆောင်သူများရော ပါဝင်သူအချို့ကိုပါ ထောင်တွင်းတိုက်ပွဲများနှင့် မြေပေါ်ဒီမိုကရေစီရေး တိုက်ပွဲများတွင် ကန့်သတ်ချက်များရှိကြောင်း ပြောခဲ့သည်။ ဒီမိုကရေစီရေး တိုက်ပွဲများတွင် ခိုင်လုံသော တိုက်ပွဲ အကြောင်းပြချက် ရှိဖို့လိုကြောင်း၊ ဥပမာ-ထမင်းကျွေးသည့်အခါ ထမင်းအ၀မစားရဘဲ ယောက်မတစ်ခုစာ၊ လက်ဝါးလောက်ရှိ ဂေါ်တစ်ခုစာသာ ကျွေးလျှင် ထောင်ဥပဒေနှင့်လည်း မကိုက်ညီ တမင်သက်သက် လုပ်ခြင်း ဖြစ်သောကြောင့် အကြောင်းပြချက် ခိုင်လုံသည်။ ထိုသို့ မဟုတ်ဘဲ နေ့စဉ်အသားဟင်း ကျွေးရမည်ဟု ဆိုလျှင် အစိုးရက ထောင်ကိုပေးသော ဘတ်ဂျက်မှာ တစ်ပတ်တစ်ခါသာ အသားဟင်း ကျွေးနိုင်သောကြောင့် နေ့ စဉ် အသားဟင်း ကျွေးဖို့မှာ အကြောင်းပြ မခိုင်လုံပေ။ တိုက်ပွဲအတွက် မှန်ကန်ခိုင်လုံသော အကြောင်းပြချက် ရှိရမည်ဟု ပြောခဲ့သည်။
နောက်တစ်ခုမှာ သပိတ်မှောက်လျှင် အချိန်အကန့်အသတ်မရှိ သပိတ်မှောက်၍ မရပေ။ အကန့်အသတ်မဲ့၊ အချိန်အတိုင်းအတာမရှိ သပိတ်မှောက်ခြင်း၊ ဆန္ဒပြခြင်း မလုပ်ရပေ။ တတိယ အချက်မှာ မိမိတို့တောင်းဆိုသော အချက်များ ရနိုင်၊ မရနိုင်ကို ခေါင်းဆောင် လုပ်သူက ထွက်ချက် ရလေသည်။ ဥပမာ-ထမင်း ၀လင်အောင် ကျွေးရမည်ဆိုလျှင် ရေအ၀ချိုးခွင့်လည်းပါမည်။ လမ်းလျှောက် ခွင့်ရရေးလည်းပါမည် စသည့် ကျန်အချက်အလက်များလည်း တောင်းဆိုချက်တွင် ပါချင်ပေမည်။ တောင်းဆို ချက် (၅)ချက် တောင်းရာ(၃)ချက်ကိုပေးပြီး ကျန်(၂)ချက်ကို ဆွေးနွေးသော်လည်း အာဏာပိုင်က မပေးလျှင် ကိုယ်က ၃ ချက် ရသဖြင့် အသာစီးရပြီဟု ယူဆကာ သပိတ်လှန် လိုက်သင့်သည်။ အဓိက ထမင်းအ၀ကျွေး ရန်ဆိုသော အချက်ပါလျှင်လည်း နိုင်ပြီဟု ဆိုနိုင်လေသည်။
တိုက်ပွဲတိုက်မည် ဆိုလျှင် အားလုံးတိုက်နိုင်သည့် အကန့်အသတ်ဖြင့် တိုက်ရမည်။ အားလုံး ညီညီ ညွတ်ညွတ်ဖြင့် တိုက်ရသည်။ တိုက်ပွဲဝင်သူ ၁၅ ယောက်တွင် တစ်ယောက်က တိုက်ပွဲကို အလျှော့ပေးပါပြီ။ ထွက်ပါရစေဟု ဆိုလျှင် တိုက်ပွဲမှာ ခက်ခဲသွားပေမည်။ အာဏာပိုင်များက သူတို့ လိုက်လျောသည်ကိုပင် မလိုက်လျောတော့ဘဲ အချိန်ဆွဲထားနိုင်၏။ တစ်ယောက်က အလျှော့ပေး သွားသောကြောင့် အခက်အခဲဖြင့် တောင်းရပေတော့မည်။ တချို့အာဏာပိုင်များနှင့်ပင် ပူးပေါင်း သွားတတ်သောကြောင့် အလွန်ဆိုးပါသည်။ ထို့ကြောင့် တိုက်ပွဲတိုက်မည်ဆိုလျှင် အားလုံးတိုက်နိုင်၊ မတိုက်နိုင် ဆုံးဖြတ်ပြီးမှ ပါဝင်သင့်သည်။ နောက် မဆုတ်သွားရ။ တိုက်ပွဲကို ခေါင်းဆောင်သူများသည် ပြတ်သား ရဲရင့်ရမည်။ ခေါင်းဆောင် နိုင်စွမ်းလည်း ရှိရပေမည်။ ထိုအချိန်တွင် ခေါင်းဆောင်၏ အဆုံးအဖြတ်ကို အားလုံးက နာခံရပေမည်။ ခေါင်းဆောင်၏ အဆုံးအဖြတ်ကို မနာခံဘဲ သူတစ်ပေါက်၊ ငါတစ်ပေါက် ဖြစ်လာလျှင် တိုက်ပွဲ၏ စည်းလုံးမှု အားနည်းကာ ရှုံးနိမ့် တတ်ပါသည်။ အားလုံးက အသေခံမည်ဟု တစ်သဘောတည်းရှိလျှင် အားလုံးအသေခံ တိုက်ပေရော့။ အားလုံး သေဆုံး သွားသည့်တိုင် ထိုတိုက်ပွဲမှာ သမိုင်းတွင်ကျန်မှု ရှိလေသည်။ ၁၅ ယောက် တိုက်သော တိုက်ပွဲတွင် လူ ၁၀ ယောက်က တိုက်ပွဲကိုရပ်ပြီး ၅ ယောက်သာ ဆက်တိုက်မည်ဟုဆိုလျှင် ထိုတိုက်ပွဲမှာ ရှုံးဖို့ သေချာသွား၏။ တချို့အာဏာပိုင်များနှင့် စေ့စပ်ကာ အပေးအယူ လုပ်သွားလျှင် ကျန်လူအများအဖို့ ခက်ခဲ သွားပေတော့သည်။
ထိုအိပ်ဆောင်မ၀င်ရေး တိုက်ပွဲ၊ တိုက်ပိတ်ခံရသော နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး တိုက်ပွဲတွင် ည(၁၁) နာရီလောက် ရောက်သောအခါ တောင်ပိုင်က ““ခင်ဗျားတို့ လွှတ်ခိုင်းတဲ့ လူကအာဏာဖီဆန်တာ ထောင်အာဏာကို ပြန်ပြီး တိုက်ခိုက်တာကြောင့် တရားဥပဒေအရ အရေးယူတာပဲ၊ အာဏာဖီဆန်တိုင်း လျှော့ပေးရင် တောင်ဆူပူမှုတွေ ဖြစ်သွားမှာပဲ။ ဒါကြောင့် ကျွန်တော်တို့ လွှတ်မပေးနိုင်ဘူး။ သူ့ကို ပြစ်ဒဏ်စေ့ရင် ပြန်လွှတ်ပေးမယ်။ ခင်ဗျားတို့ အိပ်ဆောင်ဝင်ကြပါ။ ခင်ဗျားတို့ အကြောင်းပြချက်က မဆီလျော်ဘူး။ ကျွန်တော်က ခင်ဗျားတို့ကို နိုင်ငံရေးသမားတွေမို့လို့ စာနာပြီးပြောနေတာ၊ ရာဇ၀တ် အကျဉ်းသားတွေဆိုရင် ဒီလိုတောင် ပြောမနေဘူး။ အကုန်လုံးရိုက်ပြီး သွင်းလိုက်မှာ။ အခုပြန်ဝင်သွားရင် ခင်ဗျာတို့ လျှော့ရက်ကအစ ဘာမှအရေးမယူဘူး။ ဒါပေမဲ့ ခင်ဗျားတို့ မ၀င်ဘူး ဆိုရင်တော့ အားလုံး ဒေါက်ခြေချင်းခတ်ပြီး တိုက်ပိတ်မှာပဲ။ လျှော့ရက်လည်း မပေးတော့ဘူး။ ခင်ဗျားတို့ ၁၅ မိနစ်လောက် စဉ်းစားပါ”” ဟု ဆိုသည်။ ထိုနေ့ညက ၁၅ မိနစ်ပင် မကြာပါ။ အကျဉ်းသား ၇၀ တွင် ၅၀ က အိပ်ဆောင် ၀င်ပါမည်ဟု ဆုံးဖြတ်ကာ ၂၀ က တောင်းဆိုချက် ရသည်အထိ တိုက်ပွဲ ၀င်သွားမည်ဟု ဆိုပါသည်။ ထိုနေ့ညက သပိတ်လှန်သော ၅၀ သည် မိမိတို့အခန်းထဲ အသီးသီး ပြန်ရောက်လာ၏ ကျန် ၂၀ မှာမှု ထိုညမှာပင် မိန်းဂျေး၌ ဒေါက်ခြေချင်းများခတ်ကာ တိုက်ခန်းများဆီ ဆွဲခေါ်သွားခံရပါသည်။ တိုက်ခန်းများထဲ မထည့်ခင် ရိုက်နှက်ပြီး တိုက်ခန်းများထဲ ကန်သွင်းလိုက်၏။ တချို့လည်း ထမင်း(၃)ရက် ဖြတ်သည်ဟု ဆိုသည်။ ဂန်ဖလား မပေးပဲ သဲပုံသည်ဟုလည်း ကြားရ၏။ တိုက်ပွဲတွင် တစ်သွေးတစ်သံတည်း မဖြစ်ဘဲ တိုက်ပွဲလှန်သူကလှန်၊ တိုက်သူကတိုက်နှင့် ဖြစ်သွားလျှင် ထိုသို့ အထိနာတတ်၏။ မကြာခင် အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်းသားများကို နယ်ထောင်များသို့ အသီးသီး ပြောင်းရွှေ့ လိုက်ပါတော့သည်။
ဒီမိုကရေစီ တိုက်ပွဲများမှာ အလွန်သိမ်မွေ့ပါသည်။ အာဏာပိုင်နှင့် တိုက်ရာတွင် မိမိတို့မှာ လက်နက်ကိုင် တိုက်ပွဲလို သူသေနတ်၊ ကိုယ်သေနတ်ဖြင့် တိုက်ရခြင်းမဟုတ်၊ မိမိမှာ မိမိ၏ စွန့်လွှတ်အနစ်နာခံမှုကို အားကိုးရသည်။ ပြည်သူ၏ ထောက်ခံမှုကို စောင့်မျှော်ရသည်။ ပြည်သူမပါလျှင်တိုက်ပွဲမှာ ရှုံးနိမ့်နိုင်ပြီး ပြည်သူ ပါလျှင် တိုက်ပွဲမှာ အောင်မြင်နိုင်ပါသည်။ ထို့ကြောင့် အခြေအနေများကို တွက်ချက်ကာတိုက်ရ၏။ ပြည်သူ ထောက်ခံသည့်တိုင် ရက်စက်သော အာဏာရှင်များနှင့် ရင်ဆိုင်ရလျှင်မူ သေလျှင်မြေကြီး၊ ရှင်လျှင် ရွှေထီးဟု သဘောထားကာ တိုက်ရသည်။ ဆဲဗင်းဂျူလိုင် တိုက်ပွဲတုန်းကဆိုလျှင် ဆန္ဒပြကျောင်းသားများကို သေနတ်ဖြင့် အသေအချာချိန်ရွယ် ပစ်ခတ်ကြသောကြောင့် အထိနာလှလေသည်။ ထိုသို့ အာဏာရှင်များဆိုလျှင် ဒီမိုကရေစီ အစိုးရလို သဘောထား၍ တိုက်လို့မရ။ စတိဆန္ဒပြခြင်း၊ ထိုင်သပိတ်မှောက်ခြင်းတို့သာ အကန့်အသတ်ဖြင့် လုပ်ရပေမည်။ အရေးကြီးသည်မှာ မိမိတို့ တောင်းဆိုချက်များရ လျှင် အကန့်အသတ် ထားကာ ရပ်ဆိုင်း သင့်သည်ကို ရပ်ဆိုင်းရသည်။ ထောင်တွင်း တိုက်ပွဲများတွင် အာဏာပိုင်များက မတတ်သာသည့်အဆုံး လိုက်လျောကြလေသည်။ သို့သော် ကတိမတည်ကြသည်မှာ လုပ်ရိုးလုပ်စဉ်ဖြစ်၏။ သူတို့ထံမှလိုက်လျော ပါသည်ဟု ကတိရပြီး သပိတ်ကို လှန်လိုက်ရလေသည်။ ၂ လ၊ ၃ လ တိုင်အောင် မလုပ်ပေး၊ တချို့တစ်နှစ်ခန့် ပင် ကြာလေသည်။ ထို့ကြောင့် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများ သိအောင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန် ကြေညာခြင်း သည် မိမိတို့အတွက် အောင်ပွဲဖြစ်ပါသည်။ လက်တွေ့ လုပ်ဆောင်မှုကိုမူ အာဏာရှင်များ၊ လက်ဝါးကြီးအုပ် အရင်းရှင်များသည် ကတိဖျက်တတ်သည်သာ ဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံများတွင်လည်း ထိုသို့ကတိမတည် စကားမမှန်သော အလုပ်များကို အာဏာပိုင်များ လုပ်တတ်သည်ကိုလည်း သဘောပေါက်ဖို့ လိုပါတော့သည်။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment