Friday, March 6, 2015

လိင်လုပ်သားများအကြမ်းဖက်ခံရမှုများကို ဥပဒေအရ အကာအကွယ်ပေးရန် တောင်းဆို

 ရန်ကုန်၊ မတ် ၎
မြန်မာနိုင်ငံတွင် လိင်လုပ်သားများကို ကာကွယ်စောင့်ရှောက် ပေးနိုင်သည့် ဥပဒေများ ကောင်းမွန်ပြီး အချိန်ပြည့် ဖြည့်ဆည်းပေးနိုင်မည့် ကျန်းမာရေး ၀န်ဆောင်မှုများ ရရှိနိုင်ရေးနှင့် လိင်ဝန်ဆောင်မှု လုပ်ငန်းအား တရားဝင်အသိ အမှတ်ပြုပေးရေးတို့ တောင်းဆိုကြောင်းကို မတ် ၃ ရက်၊ အပြည်ပြည်ဆိုင်ရာ လိင်လုပ်သား အခွင့်အရေးနေ့၌ ရန်ကုန်မြို့ တွင် ပြုလုပ်ခဲ့သည့် လိင်လုပ်သားများအပေါ် အကြမ်းဖက်မှုကို လေ့လာခြင်း အစီရင်ခံစာ တင်ပြပွဲတွင် အာရှပစိဖိတ် လိင်လုပ်သားများကွန်ရက်မှ မကေသီဝင်းက ပြောကြားသည်။

အဆိုပါ အစီရင်ခံစာအတွက် မြန်မာ၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ နီပေါ ၄ နိုင်ငံတို့မှ လိင်လုပ်သားပေါင်း ၁၂၃ ယောက်ပါဝင်ခဲ့ပြီး အမျိုးသမီး ၇၃ ယောက်၊ အမျိုးသား ၂၀ ယောက်နှင့် လိင်တူ စိတ်ဝင်စားသူ ၃၀ ယောက် တို့ကို အခြေခံလေ့လာခဲ့ပြီး ရရှိသည့် အချက်အလက်များအရ အာဏာပိုင်များ၊ ၎င်းတို့၏ ၀န်ဆောင်မှုကို စားသုံးသူများ၏ ဖိအားပေးနှောင့်ယှက်မှုများ၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးအရ အကြမ်းဖက်ခံရမှုများ စသည်တို့ အများဆုံးပါဝင်ကြောင်း ယင်းအစီရင်ခံစာ၌ ပါရှိသည်။…

““အကြမ်းဖက်ခံရမှုဆိုရင် ကျွန်မတို့က လူတစ်ယောက်ကို ရိုက်တာ၊ နှက်တာလောက်ပဲ မြင်ကြတယ်ပေါ့နော်။ သူတို့လေးတွေကို အင်တာဗျူးလိုက်တဲ့ အခါမှ စိတ်ကိုအကြမ်းဖက်ခံရတာ၊ လူမှုရေးအရ အကြမ်းဖက်ခံရတာ၊ စီးပွားရေးအရ အကြမ်းဖက်ခံရတာ၊ ကျန်းမာရေးအရ အကြမ်းဖက်ခံရတာ၊ ဒါတွေ ခံစားနေရတာ သိလိုက် ရတယ်။ ဒါကြောင့် ဒီလိင်လုပ်ငန်းလုပ်တဲ့ သူတွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေမျိုး ရှိပေးဖို့ အချိန်မရွေး၊ နေရာမရွေး လိုအပ်တဲ့ ကျန်းမာရေး ၀န်ဆောင်မှုတွေ ကို ကောင်းကောင်းမွန်မွန် ရရှိဖို့ ပြောရမယ်ဆိုရင် ဒီ အလုပ်ကို အလုပ်တစ်ခုအဖြစ် အသိအမှတ်ပြုပေးဖို့ တောင်းဆိုထားကြတာပါ””ဟု အာရှပစိဖိတ်လိင် လုပ်သားများ ကွန်ရက်မှ မကေသီဝင်းက ပြောသည်။

အဆိုပါ အစီရင်ခံစာတွင် ပါရှိသည့် လိင်လုပ်သားများ အကြမ်းဖက်ခံရမှုကို အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ နီပေါနိုင်ငံ ၃ နိုင်ငံတွင် အာဏာပိုင်များကပါ လိုက်နာ ဆောင်ရွက်မှုများ ရှိနေပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင် လိင်ဝန်ဆောင်မှု လုပ်ငန်းမှာ တရားဝင် မဟုတ်သောကြောင့် ၎င်းတို့အပေါ် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းတို့ကို လိင်လုပ်သားများက သက်ဆိုင်ရာသို့ အသိပေး အကြောင်းကြားရန် အခက်အခဲများ ကြီးမားနေဆဲဖြစ်သည်။

““ဒါဟာ ဒီနိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ တိုင်ကြားခွင့်ရှိသလို၊ အသိပေးခွင့် ရှိသလို အခြားသူတွေရဲ့ အကူအညီပေးမှုတွေကိုလည်း ခံစားခွင့်ရှိတယ်လို့ ကျွန်မမြင်ပါတယ်””ဟု မကေသီဝင်းက ပြော သည်။

လိင်လုပ်သားများ ကူးစက်ရောဂါများ အဖြစ်များနေခြင်းနှင့် ပတ်သက်၍ ““ယခုလက်ရှိ အနေအထား အရ သေသေချာချာ သိနေရတာကတော့ အဖြစ်အများဆုံးက HIV ပဲ။ နောက်ကာလသားလို ကူးစက်ရောဂါ၊ အသည်းရောဂါ B, C တို့ကလည်း ကူးဆက်ရောဂါဆိုတော့ ဒါတွေ အကုန်လုံးတော့ ဖြစ်နိုင်တာပေါ့”” ဟု NLD AIDS Center မှ တာဝန်ခံ ဒေါ်ဖြူဖြူသင်းက ပြောကြားသည်။

နေမျိုးဝင်း
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment