အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ချုပ်ဆိုမည့် တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၆၈ ကြိမ်မြောက် ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့ ကိုယ်စားပြု NCCT ဒုတိယအဖွဲ့ ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းက အဆိုပြုလိုက်သည်။
ရန်ကုန်မြို့တော်ရှိ မြန်မာငြိမ်းချမ်းရေး စင်တာတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့က ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် ၎င်းက အထက်ပါအတိုင်း အဆိုပြုလိုက်ခြင်း ဖြစ်သည်။
“ပြည်ထောင်စုနေ့ဆိုတာ ပြည်ထောင်စုကြီး အစပြုတဲ့နေ့လည်း ဖြစ်တယ်။ အဲဒီနေ့မှာ လက်မှတ် ထိုးမယ်ဆိုရင် ပြည်ထောင်စုနေ့ကိုလည်း ပိုပြီးဂုဏ်တင်ရာ ရောက်ပါတယ်” ဟု ကရင် အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူးလည်းဖြစ်သူ ဖဒိုစောကွယ်ထူးဝင်းက ဆိုသည်။
ယင်းသို့ ပြည်ထောင်စုနေ့တွင် လက်မှတ် ရေးထိုးရန်အတွက် UPWC နှင့် NCCT တို့၏ အပစ်ရပ်စာချုပ် နောက်ဆုံး ညှိနှိုင်းပွဲကို ဇန်နဝါရီလအတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ယခုလုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် နှစ်ဖက် သဘောတူညီ ထားသည်များကို သက်ဆိုင်ရာ အဖွဲ့အစည်း ခေါင်းဆောင်များထံ ပြန်လည် အတည်ပြုပြီးပါက ဇန်နဝါရီ လလယ်ခန့်တွင် အဆိုပါ ဆွေးနွေးပွဲ ပြုလုပ်မည် ဖြစ်ကြောင်း UPWC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ရှင်းပြသည်။
တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ အဓိက ခေါင်းဆောင်အချို့ မပါဝင်သော အဆိုပါ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် လိုင်ဇာ စစ်သင်တန်းကျောင်းကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကဲ့သို့သော မလိုလားအပ်သော ကိစ္စရပ်များ ထပ်မံမပေါ်ပေါက်ရန် ပူးတွဲဖြေရှင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အချက် ၅ ချက်ပါ ကြေညာချက်ကိုလည်း ပူးတွဲ ထုတ်ပြန်လိုက်သည်။
ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်များ တောင်းဆိုသော လာမည့် ဆွေးနွေးပွဲများတွင် နိုင်ငံတကာမှ စောင့်ကြည့် လေ့လာသူများ ပါဝင်ခွင့်ကို နှစ်ဖက်ညှိနှိုင်း၍ ပြန်လည် အတည်ပြုမည် ဖြစ်ပြီး ယခင်ဆွေးနွေးပွဲများတွင် ပါဝင်လေ့ရှိသော ကုလသမဂ္ဂနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကိုယ်စားလှယ်များကိုမူ ပါဝင်တက်ရောက်ခွင့်ပြုကြောင်း နှစ်ဖက် ခေါင်းဆောင်များက ပြောဆိုသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို ၂၀၁၄ ခုနှစ်အတွင်း အပြီးသတ် လက်မှတ်ရေးထိုးရန် အကြိမ်ကြိမ် ပြောဆိုထားသော်လည်း လက်တွေ့ ရေးထိုးနိုင်ခြင်း မရှိဘဲ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ အတွင်းသို့ ထပ်မံရွှေ့ဆိုင်း အဆိုပြုလိုက်ခြင်းလည်း ဖြစ်သည်။
Credit - The Voice Weekly

No comments:
Post a Comment