Sunday, December 21, 2014

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ထပ်မံရိုက်ကူးမည့် ဇာတ်ဝင်ခန်းအတွက် မိုက်ကရိုဖုန်း ရရှိသွားပြီဟုဆို

 ရန်ကုန်၊ ဒီဇင်ဘာ ၂၀

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားကို ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့်အမီ ရိုက်ကူးခြင်း မပြုနိုင်သော်လည်း ဇာတ်ဝင်ခန်း ပုံရိပ်အချို့ကို လူထုထံ ချပြရန်အတွက် Teaser စမ်းသပ်ရိုက်ကူးမှုများ ပြုလုပ်နေပြီဖြစ်ရာ တတိယမြောက် ရိုက်ကူးရန် ဇာတ်ဝင်ခန်းအတွက် အခက်အခဲ ဖြစ်နေသည့် ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သည့် မိုက်ကရိုဖုန်း (ပုံစံတူ) မှာ ရရှိအဆင်ပြေသွားပြီ ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့မှ အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောကြားသည်။

“ဒီဇင်ဘာ ၂၄၊ ၂၅ လောက် ရိုက်မယ့် ဇာတ်ဝင်ခန်းက ဗိုလ်ချုပ် ဖဆပလ ညီလာခံမှာ မိန့်ခွန်းပြောမယ့်ဟာကို ရိုက်မှာပါ။ ဇာတ်ဝင်ခန်း ပစ္စည်းတွေ ရှာတဲ့အထဲ အရင်က မိုက်ကရိုဖုန်းအတွက် ခက်နေတာ အခုတော့ အဆင်ပြေသွားပြီလို့ ပြောပါတယ်” ဟု ၎င်းကဆိုသည်။

“Teaser ဆိုတာ ပရိသတ်ရဲ့ အာရုံကို ဒီရောက်အောင် နှိုးဆွတဲ့သဘော၊ ဇာတ်ဝင်ခန်းလေးတွေနဲ့ ဒီဇာတ်ကားကို စိတ်ဝင်စားသွားအောင် ရိုက်ကူးတဲ့ သဘောပါ။ မနေ့က ဗိုလ်ချုပ်နဲ့ ပျောက်ကျားရဲဘော်တွေ စခန်းချနေထိုင်တဲ့ အခန်းကို ရိုက်တာ။ ဒီနေ့ပြန်ကြည့်တာ တော်တော်ကောင်းပါတယ်။ ကျော်ကျော်မျိုးလည်း တော်တော်ကို ကြိုးစားထားတယ်။ ရဲဘော်တွေ လုပ်တဲ့ ကလေးတွေလည်း တော်တယ်။ ကျွန်တော်တော့ ကျေနပ်တယ်” ဟု ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ဝင်ဖြစ်သူ ဦးဇာဂနာက ပြောကြားသည်။

“ဖဆပလ ညီလာခံ မိန့်ခွန်းပြောတဲ့ အခန်းအပြင် စစ်သားမလုပ်တော့ဘူး။ နိုင်ငံရေးသမားဘဲ လုပ်တော့မယ်ဆိုပြီး ပြောတဲ့အခန်း Teaser ကိုလည်း ရိုက်မှာပါ” ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

ဗိုလ်ချုပ်ဇာတ်ကားအတွက် Teaser စမ်းသပ်ရိုက်ကူးခြင်းကို အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဇာတ်ဝင်ခန်း တစ်ခန်း စတင်ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး၊ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဒါရိုက်တာဝိုင်းက ဗိုလ်ချုပ်အောင်ဆန်း အဖြစ် သရုပ်ဆောင်ရန် ရွေးချယ်ထားသည့် ကျော်ကျော်မျိုး အပါအဝင် အခြားသရုပ်ဆောင်များနှင့် တောတွင်းစခန်းချသည့် အခန်းကို ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

Credit - The Voice Weekly

No comments:

Post a Comment