Thursday, December 25, 2014

လက်ပံတောင်း စီမံကိန်းဧရိယာအတွင်း ပဋိပက္ခဖြစ်ပွားပြီး တတိယနေ့တွင် ၀မ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်မှုရပ်ဆိုင်းထား

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ခြံစည်းရိုးတိုးချဲ့ခတ်ခဲ့ခြင်းကြောင့် ဒေသခံများနှင့် ရဲတပ်ဖွဲ့များအကြား နှစ်ဖက်ထိပ်တိုက်တွေ့ဆုံခဲ့ပြီးနောက် ပဋိပက္ခများဖြစ်ပွားခဲ့ရာ ဒေသခံတောင်သူအမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး လူအများအပြားဒဏ်ရာရရှိခဲ့ပြီးနောက် သုံးရက်မြောက်နေ့တွင် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ခြံစည်းရိုးတိုးချဲ့ခတ်မှုများကိုရပ်နားထားလိုက်ကြောင်း သတင်းရရှိသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ခြံစည်းရိုးခတ်မှုအား ဒေသခံများတာဆီးနေသည့်ကြားမှပင် မြန်မာဝမ်ပေါင်ကုမ္ပဏီက ဆက်တိုက်ပြုလုပ်ခဲ့ရာ ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးမှု၊ ဒေသခံအများအပြား ထိခိုက်ဒဏ်ရာရရှိမှုများမှာ ဒီဇင်ဘာ ၂၂ နှင့် ၂၃ ရက်တို့တွင်ဖြစ်ပွားခဲ့ပြီးနောက် ဒီဇင်ဘာ ၂၄ ရက်တွင် ခြံစည်းရိုးခတ်ခြင်းအားရပ်နားထားလိုက်ကြောင်း ဒေသခံတောင်သူများ၏ပြောဆိုချက်များအရ သိရသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွင်း ခြံစည်းရိုးခတ်ခြင်းအား စီမံကိန်းတစ်လျှောက်ရှိ ကျေးရွာများဖြစ်သည့် ဆည်တည်း၊ မိုးကြိုးပြင်၊ တုံ၊ ရွှေလှေအစရှိသည့်ကျေးရွာများမှ ဒေသခံများ၏စိုက်ပျိုးထားဆဲဖြစ်သည့် ယာခင်းများအတွင်းမှ မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ခြံစည်းရိုးတိုးမြှင့်ခတ်မှုများပြုလုပ်ခဲ့ရာ ဒီဇင်ဘာ ၂၃ ရက် ညပိုင်းအချိန်ထိ ရွှေလှေကျေးရွာအကျော်အထိပြုလုပ်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၄ ရက်တွင် ခြံစည်းရိုးခတ်ခြင်းအား ကုမ္ပဏီဘက်မှရပ်နားထားလိုက်ကြောင်း သိရသည်။

"ခြံစည်းရိုးခတ်တာတွေကို ဒီနေ့ဆက်မလုပ်ဘဲ ခတ်ထားပြီးသားသံဆန်ခါတွေကိုတော့ အချောသပ်လိုက်လုပ်နေတာတော့တွေ့မိတယ်။ နောက်နေ့တွေဆက်လုပ်မယ် မလုပ်ဘူးဆိုတာတော့ မသိရသေးဘူး။ အခုခြံစည်းရိုးခတ်တဲ့ကိစ္စနဲ့ ပဋိပက္ခကိစ္စတွေကိုခေါ်ယူညှိနှိုင်းတာ ဆွေးနွေးတာတော့ ဘာတစ်ခုမှမရှိဘူး" ဟု ၀က်မှေးကျေးရွာသူ မသွဲ့သွဲ့ဝင်းက ပြောကြားသည်။

"ဒီနေ့တော့ ခြံစည်းရိုးခတ်တာတွေမတွေ့ရဘူး။ တုံရွာနဲ့ရွှေလှေကျေးရွာဒေသခံများပိုင်တဲ့ ယာခင်းတွေဘက်ကိုသွားတဲ့လမ်းဆုံတွေတိုင်းမှာ ရဲကင်းတဲတွေတော့ လာဆောက်နေတာတွေ့ရတယ်။ ဘယ်နေ့မှာပြန်ပြီး အခုလိုခြံစည်းရိုးခတ်တာတွေကို ဆက်လုပ်မလဲဆိုတာမသိဘူး။ သူတို့တွေခြံစည်းရိုးခတ်တာတွေ ဆက်လုပ်လုပ်၊ မလုပ်လုပ် ကျုပ်တို့ရဲ့စိုက်ပျိုးထားတဲ့သီးနှံတွေကတော့ ပျက်စီးသွားရပြီ" ဟု ရွှေလှေကျေးရွာမှ ဒေသခံတောင်သူ ဦးစိုးမောင်ကပြောကြားသည်။

ဒီဇင်ဘာ ၂၃ ရက်တွင် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်တို့ဖြင့် ခြံစည်းရိုးတိုးချဲ့ခတ်ယူခြင်းများပြုလုပ်ခဲ့ရာ ဆည်တည်းကျေးရွာမှ ဒေသခံတောင်သူများနှင့် ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့မှ ရော်ဘာကျည်အသုံးပြုပစ်ခတ်ခဲ့ရာ ဒေသခံတောင်သူနှစ်ဦး ထပ်မံဒဏ်ရာရရှိခဲ့သည့်အပြင် တရုတ်ဝန်ထမ်းများ၏ရိုက်နက်မှုကြောင့် အမျိုးသမီးနှစ်ဦးဒဏ်ရာရရှိခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်းပါရှိနေသည့် ဆည်တဲကျေးရွာကိုလည်း ပြောင်းရွှေ့ထွက်ခွာပေးရန်၊ မထွက်ခွာပါက မီးရှို့မည်ဆိုသည့်သတင်းများထွက်ပေါ်လာခဲ့မှုများကြောင့် ဆည်တဲရွာဒေသခံတောင်သူတချို့မှာ မိမိတို့နေအိမ်များရှိ သီးနှံတချို့နှင့် ပစ္စည်းများကို နွားလှည်းများဖြင့်တင်ဆောင်ပြီး နီးစပ်ရာဆွေးမျိုးများထံသို့ ပြောင်းရွှေ့မှုများပြုလုပ်ခဲ့ရကြောင်း သိရသည်။

သေနတ်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားသည့်နေရာတွင်သေဆုံးခဲ့ရသည့် ဒေသခံတောင်သူဒေါ်ခင်ဝင်း၏ နာရေးအခမ်းအနားကို မိုးကြိုးပြင်အလယ်ကျေးရွာ၌ ဒီဇင်ဘာ ၂၅ ရက်တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ခြံစည်းရိုးခတ်မှုအား ရပ်နားထားခြင်းနှင့်ပတ်သက်၍ ယင်းမာခရိုင် ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးက "ဟုတ်ပါတယ်။ ဒီနေ့ ခြံစည်းရိုးခတ်မှုပြုလုပ်တာတွေ ရပ်နားထားပါတယ်။ ဘယ်နေ့ပြန်လုပ်မယ်ဆိုတာတော့ ကျွန်တော်လည်းမသိသေးပါဘူး" ဟုပြောကြားသည်။


Credit - Eleven Media Group

(လက်ပံတောင်းတောင်စီမံကိန်းတွင် ခြံစည်းရိုးခတ်သည့် လုပ်ငန်းခွင်တစ်နေရာအား ဒီဇင်ဘာ ၂၃ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ-ဟိန်းမင်းထက်))

No comments:

Post a Comment