မြန်မာ့နိုင်ငံရေး အကျပ်အတည်း ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ပြေလည်သွားစေရန် အတွက်လည်းကောင်း၊ ညင်သာ ချောမွေ့သော နိုင်ငံရေး အပြောင်းအလဲ ဖြစ်စေရန် အတွက်လည်းကောင်း တွေ့ဆုံဆွေးနွေး အဖြေရှာရေး နည်းလမ်းမှတစ်ပါး အခြားမရှိပေ။ သို့သော် မည်သူတွေ မည်သူတို့ကို ကိုယ်စားပြု၍ တွေ့ဆုံကြမည်ဆိုသည့် အချက်ပေါ်တွင် အငြင်းပွား နေကြသဖြင့် ယခုတိုင်တွေ့ဆုံ ဆွေးနွေးရေးကိစ္စမှာ မရေမရာ ဖြစ်နေဆဲ ဖြစ်သည်။ ၄ ပွင့်၊ ၆ ပွင့်၊ ၁၂ ပွင့်၊ ၁၄ ပွင့် စသဖြင့် တွေ့ဆုံ ဆွေးနွေးရေးတွင် ပါဝင်ရမည့် ပုဂ္ဂိုလ်များနှင့် အရေအတွက်ပေါ် မူတည်၍ အငြင်းပွားစရာဖြစ်အောင် ဖန်တီးကာေ၀၀ါးထွေပြားအောင် ပြုလုပ် နေကြသောကြောင့် လိုရင်း မရောက်ဘဲ ရှိနေသည်။
ယင်းကဲ့သို့ေ၀၀ါးထွေပြားအောင် ပြုလုပ်နေခြင်းက တွေ့ဆုံဆွေးနွေးရေးကို နှောင့်နှေး ကြန့်ကြာစေနိုင်ပြီး နိုင်ငံနှင့် ပြည်သူ၏ အကျိုးစီးပွားကို ဖျက်ဆီး နှောင့်ယှက်ရာ ရောက်နေသည်။
လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေး အကျပ်အတည်းသည် အာဏာရပုဂ်္ဂိုလ်များနှင့် စစ်အာဏာသက်ကို ထိန်းသိမ်းရန် ဖန်တီးထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတို့ကြောင့် ဖြစ်ပေါ်နေရခြင်း ဖြစ်သည်။ စစ်အာဏာရှင် စနစ်ကြောင့် နိုင်ငံနှင့်ပြည်သူတို့ ဆိုးဆိုးဝါးဝါး ဆင်းရဲနိမ့်ပါး၍ နိုင်ငံသား အခွင့်အရေး၊ လူ့အခွင့်အရေး၊ တန်းတူညီမျှ ရပိုင်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ဆုံးရှုံးခဲ့ကြရခြင်းဖြစ်သည်။ လက်ရှိ အချိန်အထိလည်း ပြည်သူလူထု၏ ဘ၀များသည် ပိုမိုထူးခြား ကောင်းမွန်လာခြင်း မရှိဘဲ အခွင့်ထူးခံ လူတစ်စု၏ မတရားမှုများကို တွေ့ကြုံခံစားနေရ ဆဲ ဖြစ်သည်။ အကြောင်းမှာ စစ်အာဏာရှင်စနစ် အမြစ်မပြတ်ဘဲ လက်ရှိအချိန်အထိ ခေါင်းပေါင်းစွပ် စစ်ပြန် များနှင့် စစ်ဗိုလ်ချုပ်များက အာဏာကို ဆက်လက် ကိုင်စွဲထားခြင်း ကြောင့်ပင်ဖြစ်သည်။
ပြည်သူလူထုအပေါ် နှစ်ပေါင်းများစွာ မတရားမှုများ ကျူးလွန်၍ ပြည်သူပိုင် ရေ၊ မြေ၊ သယံဇာတနှင့် ဓနဥစ္စာတို့ကို လက်ဝါးကြီးအုပ်ကာ ထင်တိုင်းကြဲခဲ့သော အာဏာရှင်နှင့် အာဏာရှင်စနစ်ကို တစ်တိုင်း တစ်ပြည်လုံးက ရွံရှာမုန်းတီးနေသည်မှာ အငြင်းပွားစရာ မရှိပေ။ အမြစ်မပြတ်သေးသော အာဏာရှင်စနစ်ဖြင့် အာဏာရရှိ ထားသော ပုဂ္ဂိုလ်များကိုလည်း ပြည်သူက မည်သို့မျှ ကြည်ဖြူနိုင်လိမ့်မည် မဟုတ်ပေ။ အာဏာရှင် စနစ်ကို အမှီပြု၍ မတရားနည်းဖြင့် အကျိုးစီးပွားဖြစ်နေသူ လူတစ်စုလောက်သာလျှင် ၎င်းတို့ဘက်မှ ရပ်တည် ကောင်း ရပ်တည်ပေးလိမ့်မည်။ ပြည်သူအများစု အတွက်ကတော့ အာဏာရှင် စနစ်သည်လည်းကောင်း၊ အာဏာရှင် စနစ်ကို အမှီသဟဲ ပြုနေသူများသည် လည်းကောင်း တိုင်းပြည်၏ ဘုံရန်သူများသာ ဖြစ်လိမ့်မည်။
ဆိုရလျှင် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး အကျပ်အတည်းသည် ဘက်စုံထောင့်စုံမှ ကွဲပြားခြားနားမှု များပြား သော ပြဿနာမျိုး မဟုတ်ပေ။ ပြည်သူလူထုနှင့် အာဏာရယူထားသူ လူတစ်စု အကြား ပြဿနာ ပင် ဖြစ်သည်။ ဘက်နှစ်ဖက်သာရှိသော အကျပ်အတည်းမျိုး ဖြစ် သည်။ တွေ့ဆုံဆွေးနွေးရေး အတွက် အပွင့်မည်မျှ စာရင်း တင်သည် ဖြစ်စေ၊ အဓိကကျသည်က လူတစ်စုနှင့် လူထု ကိုယ်စားလှယ်ဟူသော အပွင့်၂ ပွင့်ပင်ဖြစ်သည်။ လူနည်းစု တိုင်းရင်းသားပင် ဖြစ်စေ၊ လူများစုဖြစ်သော ဗမာတိုင်းရင်းသား ပင်ဖြစ်စေ ပြည်သူလူထု အားလုံးလိုလို သည် အာဏာရှင်စနစ်၏ ဆိုးကျိုးကို ခံရသူချည်းသာ ဖြစ်သည်။ ဗမာအပါအ၀င် တိုင်းရင်း သား ပြည်သူ အားလုံးသည် စစ်အာဏာရှင် စနစ်ကိုလည်းကောင်း၊ ယင်းစနစ်ကို အမှီသဟဲပြု၍ အာဏာရယူထား ကြသူများ ကိုလည်းကောင်း ရွံရှာမုန်းတီးရာ၌ အတူတူပင်ဖြစ်သည်။ အမျိုးသား ရင်ကြားစေ့ရေးကို ရှေးရှုလျှင် အဖိနှိပ် ခံ ပြည်သူလူထုနှင့် အာဏာရယူထားသူ လူတစ်စုအကြား သံသယနှင့် အမုန်းတရားများ ဖယ်ရှားနိုင်ရန် ကြိုးပမ်း ရမည်ဖြစ်သည်။ ပြည်သူလူထု၏ အမုန်းတရားများ ပျောက်ကွယ် သွားစေရေး၊ သံသယပျောက်ပြီး ယုံကြည် မှု ပြန်လည် တည်ဆောက်နိုင်ရေး တို့အတွက် ပြည်သူနှင့် စည်းခြားနေသော လူတစ်စုထံတွင် တာဝန် ရှိနေ သည်။ ပြည်သူနှင့် ရင်ကြားစေ့ရေးအတွက် အဓိက တာဝန်ရှိသူမှာ လက်ရှိ အာဏာရယူထားသော ပုဂ္ဂိုလ်များ ပင် ဖြစ်သည်။ ပြည်သူ၏ အမုန်းတရားကို ဖြေဖျောက်ရန်နှင့် ယုံကြည်မှုပြန်လည် တည်ဆောက်ရန် အတွက် ဗမာ အပါအ၀င် တိုင်းရင်းသား ပြည်သူအများစု၏ ယုံကြည်ကိုးစားမှု၊ ထောက်ခံအားပေးမှု ရရှိထားသူ လူထုခေါင်းဆောင် တစ်ဦးတည်းနှင့် အမြန်ဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး သင့်နေပြီဖြစ်သည်။
နိုင်ငံ့အနာဂတ် အရေးအတွက် အရေးကြီးလှသော ယခုအချိန်အခါတွင် အပွင့်အမျိုးမျိုး ခေါင်းစဉ် တပ် ၍ ထွေပြားေ၀၀ါးအောင် ပြုလုပ်နေမည့်အစား လူတစ်စုနှင့် လူထုခေါင်းဆောင်တို့ အမြန်ဆုံးတွေ့ ဆုံ ဆွေးနွေးခြင်ြး ဖင့် ပြည်သူ၏ အမုန်းတရားများကို ဖြေဖျောက်နိုင်ပါကြောင်း တိုက်တွန်းလိုက်ရပါသည်။
အယ်ဒီတာ
၁၇-၁၂-၂၀၁၄
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment