ရန်ကုန်၊ ဒီဇင်ဘာ ၂၀
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ သတ္တမအကြိမ်မြောက် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နိုင်ရန် အကြိုညှိနှိုင်း ဆွေးနွေးမှုကို မြန်မာငြိမ်းချမ်းရေး စင်တာ၌ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ယင်းဆွေးနွေးပွဲသို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) က ဒုတိယ အဖွဲ့ခေါင်းဆောင် (၁) ဖဒိုကွယ်ထူးဝင်း အပါအဝင် ရှစ်ဦးတက်ရောက်မည် ဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေးစင်တာထံမှ သိရသည်။
“ပြီးပြတ်သေးတဲ့ လုပ်ငန်းတွေ အကြိုဆွေးနွေးတဲ့ သဘောပါ။ ဒီဆွေးနွေးပွဲမှာ နိုင်ဟံသာနဲ့ ဗိုလ်ချုပ်ဂွမ်မော် တက်ဖြစ်မှာ မဟုတ်ဘူး။ (၇) ကြိမ်မြောက် ဆွေးနွေးပွဲ ကျရင်တော့ သူတို့ပါမယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ခရစ္စမတ် မတိုင်ခင်မှာ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိပါတယ်။ မူကြမ်းထဲမှာပါတဲ့ သတ်မှတ်ထားတဲ့ စာချုပ်ပါ အချက်အလက်ထဲက ကတိကဝတ်တွေ အကောင်အထည်ဖော်ရေး ဆိုတဲ့ အချက်အလက်တွေကို ဆွေးနွေးမှာပါ” ဟု မြန်မာ့ငြိမ်းချမ်းရေး စင်တာမှ ဦးညိုအုန်းမြင့်က ပြောကြားသည်။
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ ဒုတိယ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော် တက်ရောက်ခြင်း ရှိမရှိ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့သို့ ဆက်သွယ်မေးမြန်းရာတွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲ ဖြစ်သောကြောင့် NCCT အဖွဲ့မှ လူစုံတက်ရောက်မည် မဟုတ်ကြောင်း၊ အဖွဲ့ခေါင်းဆောင် (၁) နှင့် ဒုတိယ အဖွဲ့ခေါင်းဆောင် (၂) တို့ တက်ရောက်မည် မဟုတ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးခွန်အောင်က ပြောကြားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သောအဖွဲ့ တက်ရောက်ဆွေနွေးမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာထံမှ သိရသည်။
အစိုးရနှင့် လက်နက်ကိုင်များ အပစ်ရပ်စာချုပ် ဆွေးနွေးပွဲ ရပ်ဆိုင်းထားချိန်တွင် ကချင်ပြည်နယ်နှင့် ရှမ်း (မြောက်) ဒေသတို့တွင် တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့များအကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ နှစ်ဖက်အဖွဲ့များက မြန်မာ့ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ထံသို့ အကြောင်းကြားစာများ ပို့ထားသည်။
Credit - The Voice Weekly
No comments:
Post a Comment